“နိဗ္ဗာန်” By Buddha In My Life




“နိဗ္ဗာန်”

နိဗ္ဗာန်ဟူသည် ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးရည်မှန်းချက်နှင့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ နိဗ္ဗာန်ဟူသော အမည်သည် နိဗ္ဗာန ပါဠိပုဒ်မှ ဆင်သက်လာခြင်းဖြစ်သည်။ နိဗ္ဗာန၏ မူလပုဒ်ရင်းမှာ နိဝါန ဖြစ်သည်။ နိဝါနမှ နိဗ္ဗာန ဖြစ်လာခြင်းဖြစ်၏။

“၀ါန” ဟုဆိုအပ်သော တဏှာစက်ကွင်းမှ ရှင်းရှင်းကြိး လွတ်ကင်း ထွက်မြောက်သည့်တရားဟု အဓိပ္ပာယ်ရသည်။


အပ်ချုပ်သမားသည် အ၀တ်အထည်တစ်စနှင့်တစ်စကို အပ်ချည်ဖြင့် ချုပ်စပ်သကဲ့သို့ တဏှာတရားသည်လည်း ဘ၀တစ်ပါးနှင့် ဘ၀တစ်ပါးကို ချုပ်စပ်ဆက်သွယ်တတ်သည်။ ထို့ကြောင့် တဏှာကို ၀ါနဟုခေါ်သည်။

အကြမ်းရှင်းပြရမည်ဆိုလျှင် တဏှာကား သံသရာ နယ်ချဲ့တရား တပါးဖြစ်၏။ တဏှာနယ်ပယ်ကား (၃၁)ဘုံဟူသော သြကာသလောကဓာတ်ကြီးတစ်ခုလုံး ဖြစ်သည်။ ထို (၃၁)ဘုံအတွင်း ကောင်းသောဘ၀(သုဂတိ)နှင့် မကောင်းသောဘ၀(ဒုဂ္ဂတိဘ၀)တို့၌ တစ်ဘ၀ပြီးတစ်ဘ၀ ဆုံလည်နွားပမာ ပြောင်းလဲဖြစ်ပေါ်နေသည့် သတ္တ၀ါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်ကို သံသရာဟုခေါ်သည်။

ထိုသံသရာကို ချဲ့တတ်သည့် နယ်ချဲ့တရားတို့ကား ဒိဋ္ဌိ၊ မာန၊ တဏှာတို့ဖြစ်သည်။ ဒိဋ္ဌိသည် ခန္ဓာငါးပါး၌ အတ္တရှိ၏ဟု အမှားမြင်၏။ မာနကား ထိုအတ္တကိုပင် “ငါ ငါ” ဟု မှတ်ထင်၏။ ဒိဋ္ဌိမာနအရင်းခံမူကြောင့် မိမိ၏ ရုပ်နာမ်တရားများကို တဏှာဖြင့် အားပါးတရ စွဲလမ်း၏။

တဏှာကား အစွမ်းသတ္တ အလွန်ထက်သည့် တရားတစ်ပါးတည်း၊ ထိုတဏှာက ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ပြည့်နှက်နေသည့် ဤလောကကြီး ပျော်မွေ့စရာ၊ ချမ်းမြေ့စရာ ကောင်း၍ အလွန်သာယာစိုပြည်သည့် လောက နိဗ္ဗာန်ကြီးအဖြစ် ဖန်တီးပေးထား၏၊ ရဟန္တာမှတပါးသော သတ္တ၀ါမှန်သမျှကို ထိုထိုအာရုံ၌ဖြစ်စေ၊ မိမိခန္ဓာကိုယ်၌ဖြစ်စေ တွယ်တာမက်မောစေ၍ သံသရာဝဋ်ဆင်းရဲ၌ မငြီးငွေ့အောင်၊ ပျော်ရွှင်အောင် ပြုလုပ်ထားသည့်တရားကား တဏှာပင်ဖြစ်သည်။

ထို့ကြောင့် တဏှာရှိသော သတ္တ၀ါတို့သည် မိမိတို့ လိုချင်တွယ်တာမူ အတိုင်းအတာအရ ဆင်းရဲအမျိုးမျိုးကိုခံယူကာ နေ့မအား ညမအား ရုန်းကန် လူပ်ရှားနေကြရသော်လည်း တဏှာကို ဒုက္ခပေးနေသည့် ရန်သူအဖြစ်မမြင်ကြ မိတ်ဆွေကောင်းကြီးအသွင်ဖြင့်သာ အဖေါ်ပြုကာ ပျော်ပျော်ပါးပါး သံသရာခရီးနှင်လျက်ရှိကြလေသည်။ အချုပ်ဆိုရသော် တဏှာ၏လက်ချက်ကြောင့် သတ္တ၀ါများ သံသရာမှ ထွက်ပေါက်မရှာကြဘဲ ဘ၀ပေါင်းများစွာ ကြင်လည်နေကြရခြင်း ဖြစ်ပေသည်။

ထို့ပြင် တဏှာသည် ကမ္မ၀ဋ်ကို တွင်တွင်လည်အောင် လှည်ပေးတတ်သော ကိလေသ၀ဋ်တရားတစ်ခု ဖြစ်သည်။ လိုချင်မက်မောမူတဏှာကြောင့် ကုသိုလ်၊ အကုသိုလ်များကို ပြုလုပ်နေကြ၏။ တဏှာအရင်းခံသည့် ယင်းပြုလုပ်မူ (ကမ္မ၀ဋ်)ကြောင့် လက်ရှိဘ၀ခန္ဓာပြတ်စဲသွားသောအခါ ၀ိပါက၀ဋ်ခေါ် ရုပ်သစ်၊ နာမ်သစ်များ ဖြစ်လာကာ ဘ၀တစ်ခုပေါ်လာပြန်၏။ ထိုဘ၀သစ်ဖြစ်၍ မကြာမီမှာပင် ဘ၀၌ တွယ်တာနှစ်သက်တတ်သော(ဘ၀နိကန္ထိက) လောဘဇောခေါ်တဏှာရပြီးခါစ အတ္တဘောကို မက်မောတွယ်တာပြီးလျှင် ယခင်အတိတ်ဘ၀ကနည်းတူ ဘ၀သစ်တွင် စခန်းသွားရပြန်သည်။

ဤသို့ပုထုဇဉ်၊ သေက္ခ သတ္တ၀ါတို့သည် တဏှာတည်းဟူသော ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာပြီးလျှင် သံသရာတကြောဝယ် နစ်မျောကျင်လည်၍ နေကြရလေသည်။ ဤ သံသရာတကြောဟူသော (၃၁)ဘုံကား တဏှာ၏နယ်၊ တဏှာ၏စက်ကွင်းတည်း။

နိဗ္ဗာန်ကား ထိုတဏှာ၏နယ်၊ တဏှာ၏စက်ကွင်းမှ လွတ်သော တရားမျိုးဖြစ်ပေသည်။

သို့သော် နိဗ္ဗာန်ကား(၃၁)ဘုံကဲ့သို့ ကမ္ဘာလောကဓာတ်ကြီး တစ်ခုအဖြစ်ဖြင့်လည်းကောင်း ကမ္ဘာသူ ကမ္ဘာသားတစ်စုံတစ်ဦးအနေဖြင့်လည်းကောင်း တစ်စုံတစ်ခုသော အရပ်၌ တည်ရှိနေသည့်အရာ မဟုတ်ချေ။

နိဗ္ဗာန်ဆိုသည်မှာ ရုပ်နာမ်နှစ်ပါး အကြွင်းမဲ့ချုပ်ဆုံးမူဖြစ်ပါသည်။

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)

ကျွန်တော် Blog မရေးဖြစ်တာကြာပြီ ရေးတာတွေကလည်း ရေးချင်တဲ့စိတ်လေး အာသာပြေယုံရေးဖြစ်တယ် ဒီ Blog မှာတော့ အဲ့လိုတွေ မတင်ချင်တာနဲ့ သူများစီက ကောင်းတာလေးတွေပဲ ကျွန်တော် ဒီ Blog မှာ ပြန်မျှဝေလိုက့်ပါတယ် မူရင်းပိုင်ရှင် Link ကိုတော့ ကျွန်တော် Refer ပြန်လုပ်ပေးထားပါတယ်။