ပထမအရွယ်မှာ ပညာကိုသေချာမရှာခဲ့ဘူး

သာမန်ဘွဲ့တစ်ခု

အဲ့ဒီအတွက့်သူတစ်ပါးထက် ပိုပြီးပင်ပန်းဆင်းရဲခဲ့ရတယ်



ဒုတိယအရွယ်မှာ ဥစ္စာကိုသေချာမရှာခဲ့ဘူး စုဆောင်းထားမယ်ဆိုတဲ့ အသိတရားမရှိခဲ့ဘူး 

အခွင့်အရေးအများကြီးရခဲ့တဲ့ အလုပ်ကိုစွန့်လွှတ်ပြီး လင်တရူးပြီး မြန်မာပြည်ပြန်ခဲ့မိတယ် 

အဲ့ဒီအတွက် အဖေမမာတဲ့အချိန်မှာ သူတစ်ပါးလို သက်တောင့်သက်သာဆေးကုပေးနိုင်ဖို့အတွက် တကယ်ကိုခက်ခဲလွန်းပါတယ်



တကယ်ကိုအတ္တကြီးရမယ့်နေရာမှာ အတ္တမကြီးခဲ့မိလို့ ရင်နာရပါတယ်ဗျာ ငါအင်ဂျင်နီယာဖြစ်ရမယ် ကိုယ်ပိုင်အိမ် ကိုပိုင်ကားနဲ့နေနိုင်ရမယ်ဆိုတဲ့ အတ္တကဘာလို့များ မကြီးခဲ့မိတာလည်းဗျာ



အခုအချိန်မှာအဖေ့အတွက်ဆေးကုပေးဖို့

ငွေမရှိတော့တကယ်ကိုမျက်နှာငယ်ရပါတယ်။



13thJune2024

10:30pm

ရေစက်


 


ရေစက်ရှိလို့ဆုံစည်းခဲ့ကြတယ်

ရေစက်ကုန်ပြန်တော့ကွေကွင်းသွားရတယ်

သူ့အလုပ်သူလုပ်နေတဲ့ကံတရားကို

ယိုးမယ်မဖွဲ့ရက်တော့ပါဘူး..။



လူတစ်ယောက်ကိုချစ်ရတာကလည်း

စိတ်ပင်ပန်းဆင်းရဲရသလို

မုန်းရပြန်တော့လည်းထပ်တူကြရပြန်တယ်



ချစ်ခြင်းမုန်းခြင်းနဲ့ဝေးကွာတဲ့အရပ်မှာ

နေတက်သွားရင်အဆင်ပြေသွားမှာပါ

လောကနိယာမအတိုင်းဖြစ်ပြီးရင်ပျက်ရတာကို

ကြည်ဖြူစွာလက်ခံပေးလိုက်ယုံပါပဲဗျာ



ဘယ်လောက်ပဲစိတ်ပျက်အားငယ်နေပါစေ

ကိုအောင်မျိုးသူလွင်ပြောတဲ့လိပ်ပြာလေးတွေ

ကာယကံမြောက်မေတ္တာမျိုးနဲ့

တချိန်ချိန်မှာလာပြီးနားခိုအုံးမှာပါ။




9thMay2024.

Khin.














ကာယကံမြောက်မေတ္တာ


 



ဒီဘက်နှစ်တွေမှာ ကျွန်တော်ဟာ စိတ်ဒဏ်ရာတချို့ ရခဲ့တယ်။ ကျွန်တော့် မျက်နှာပေါ်ဝဲလာနားတဲ့ လိပ်ပြာလေးတွေကြောင့်သာ ဒီနေ့ဒီစာကို အားယူပြီးရေးနိုင်လာခဲ့တာပါ။ စာရေးတဲ့နှလုံးသားမျိုး ပိုင်ဆိုင်ထားရတဲ့ အားနည်းချက်ကတော့ တချို့ကိစ္စတွေကို ဥပေက္ခာမထားနိုင်ဘဲ နင့်နင့်သည်းသည်း အချိန်အတော်ကြာကြာ ဖြစ်တတ်တာပါပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။



ကျွန်တော် ဒီအကြောင်းကို အခု ကျွန်တော့်အလုပ်ပတ်ဝန်းကျင်နဲ့ အနီးဆုံးဖြစ်ပြီး ခဏခဏတွေ့ဖြစ်နေတဲ့ စီနီယာအစ်ကို ကိုမြင့်ထွန်းကို တစ်ရက်က တစ်စွန်းတစ်စ ပြောပြတော့ သူ လက်မခံပါဘူး။ ဒါနဲ့ နောက်ထပ် ကျွန်တော် ပြောပြချင်တဲ့ လိပ်ပြာပိုင်ရှင်တစ်ယောက်ကိုလည်း ဒီစာလေးနဲ့ပဲ နည်းနည်း ပြောပြ ရှင်းပြချင်စိတ်ဖြစ်မိတယ်။ ကမ္ဘာကျော်အဆိုတော် မိုင်းလီဆိုင်းရပ် က Flowers သီချင်းနဲ့ ဂရမ်မီဆုရတော့ စင်မြင့်ပေါ်ကနေ ပရိတ်သတ်ကို ပုံပြင်လေးတစ်ပုဒ်ပြောပါတယ်။ ကျွန်တော်မှတ်မိသလောက် သူ့ပုံပြင်လေးက

ကောင်လေးတစ်ယောက်ဟာ ဟိုဟို ဒီဒီ လှလှပပလေးတွေ လူးလာကူးပျံနေတဲ့ လိပ်ပြာလေးတွေ လိုချင်သတဲ့။ ဒါနဲ့ သူ့အမေက သူ့မွေးနေ့မှာ လိပ်ပြာဖမ်းတဲ့ ပိုက်ကွန်လေး ပေးလိုက်တယ်။ မျက်စိထဲ မြင်အောင်ပြောရရင် ရေစစ်လိုဟာကို အရိုးရှည်တပ်ထားတာမျိုးမှာ ရေစစ်အဝတ်နေရာမှာ ပိုက်ကွန်လေး ပါတဲ့ဟာပေါ့။



ကောင်လေးက အဲဒီလိပ်ပြာဖမ်းတဲ့ဟာလေးကိုင်ပြီး ဟိုရမ်း ဒီရမ်းလုပ်ကာ ကွင်းပြင်အနှံ့ လိပ်ပြာတွေ အပြေးလိုက်ဖမ်းတယ်။ သူသာ မောသွားတယ် လိပ်ပြာတော့ တစ်ကောင်မှ မမိဘူးတဲ့။ ဒါနဲ့ ကောင်လေးလည်း အားပျက်လက်လျှော့ပြီး မောမောနဲ့ မြေကြီးပေါ် ပက်လက်လှန်လှဲကာ အမောဖြေနေတော့ လိပ်ပြာလေးတစ်ကောင် သူ့နှာသီးဖျားလေးပေါ် လာနားပါရော တဲ့။



မိုင်းလီဆိုင်းရပ်က ပြောတယ်။ အခု ဂရမ်မီဆုရသွားတဲ့ Flowers သီချင်းဟာ သူ့နှာသီးဖျားပေါ် အမှတ်တမဲ့လာနားတဲ့ လိပ်ပြာလေးပါပဲ တဲ့။ အနှစ်နှစ် အလလက သူ အမျိုးမျိုး လိုက်ဖမ်းနေခဲ့တာ ပေါ့ဗျာ။ ဒီစာမှာ ကျွန်တော့်စိတ်ကို အနည်းငယ်ရှင်းပြဖို့ ပေါ်လွင်စေချင်လို့ ကိစ္စလေးတစ်ခု ထည့်ရေးပါရစေ။ 



တစ်ရက်မှာ ကျွန်တော်နဲ့ ဘော်ဒါဘော်ကျွတ်ကြီး ကိုစည်သူဝင်း တို့ ဆိုင်မှာတွေ့ကြတော့ ကျွန်တော်က ဂနာမငြိမ်ပါဘူး။ ဖုန်းခဏခဏ ဆက်ပြီး ပစ္စည်းတစ်ခု ရောင်းဖို့ လုပ်နေမိပါတယ်။ ပစ္စည်းက အတော်နဲ့ ရောင်းမထွက်ပါဘူး။ ကျွန်တော် ပိုက်ဆံအရေးတကြီးလိုပါတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ သမီးလေး မျက်စိခွဲမယ့်နေ့မို့ပါ။ သူငယ်ချင်းက ကျွန်တော့်ကို ပိုက်ဆံအကူအညီ မတောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ ကျွန်တော်တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါ ကျွန်တော့် ခံစားချက်ပါ။ (သူများတွေလည်း ကျွန်တော်လို လိုက်ခံစားသင့်တယ်လို့ မရည်ညွှန်းပါဘူး ခင်ဗျာ။) အဲဒီတုန်းက ကျွန်တော့်မှာပိုက်ဆံမရှိလို့ ငွေပေါ်မယ့် ပစ္စည်းလေးရောင်းပြီး သူငယ်ချင်းကို ကူလိုက်နိုင်ပါတယ်။ ဒါကို အမှတ်တမဲ့မြင် သတိထားမိသွားတဲ့ ကိုစည်သူဝင်းက နောင်အခါ ဒီဖြစ်ရပ်ကို ပြန်ပြန်ပြောပြီး တခုတ်တရ ချီးကျူးတတ်လို့ ကျွန်တော်လည်း သတိတရ မှတ်မိနေပါတယ်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ချင်တာ မဟုတ်ရပါ ခင်ဗျာ။ အဲဒီစိတ်မျိုးဟာ တစ်ခါတရံမှာ အနာတရ ဖြစ်စေတတ်တာကို ရေးပြချင်လို့ပါ။ အခု ဆက်ရေးပြမယ့် ကိစ္စတွေဟာ စောစောက မျက်စိခွဲတဲ့ကလေးလေးရဲ့ ဖခင် ကျွန်တော့်မိတ်ဆွေနဲ့ ဘာမှ ပတ်သက်မှုမရှိတဲ့ သီးခြားဖြစ်ရပ်တွေပါ။



ဖြစ်ရပ်အစမှာ သူငယ်တန်းကျောင်းသူ ကျွန်တော့်သမီးလေးကို ဆိုင်ကယ်တစ်စီးက ဖြတ်တိုက်ပစ်လိုက်ပါတယ်။ အွတ်ခနဲ့ လဲထွက်သွားတဲ့ ကျွန်တော့်သမီးငယ်လေးရဲ့ ခေါင်းမှာ တစ်လက်မပတ်လည်လောက် ဖုသီးကြီး ဖီးထွက်လာပါတယ်။ သူ့အမေဆိုတာ ခြေတွေလက်တွေ သွေးတွေပေနေတဲ့ ကျွန်တော်တို့ရဲ့ သမီးလေးကို ဖက်ပြီး ခေတ္တခဏတော့ ရူးမလို နှမ်းမလိုဖြစ်သွားပါတယ်။ ဖြစ်တဲ့နေရာက မန္တလေးနဲ့ မိုင် ၃၀ ကျော်လောက် ဝေးတာမို့ ကျွန်တော့်သမီးနဲ့ ဇနီးကို ကားပေါ်တင်ပြီး တတ်နိုင်သမျှ စိတ်ကိုတည်တံ့အောင် ထိန်းကာ ကားမောင်းရင်း ခေါင်းမီးတောက်အောင် စဉ်းစားရပါတယ်။



 ကျွန်တော်က ကျန်းမာရေးလောကသားပါ။ အဲဒီကာလ စီဒီအမ်တွေ နိုင်ငံရေးတွေနဲ့မို့ ဆေးရုံကြီးလည်း ပိတ်သလိုဖြစ်ပြီး ဆရာဝန်ကြီးတွေ တိုးတိုးသား ဆေးခန်းဖွင့်ကြတာမို့၊

နာမည်ကြီး ပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ လုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းကို

ငါ့သမီးလေး ဒီလိုဖြစ်လို့ကွာ။ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီး ဘယ်နားလေးဆေးခန်းထိုင်လဲ၊ မင်းတို့ဆေးရုံမှာ လာထိုင်လား မေးပေးစမ်းပါ။ ငါအခု ကားမောင်းပြီး မန္တလေးလာနေတာ။ မန္တလေးရောက်ရောက်ချင်း ငါ့ကလေးလေးကို ဆရာဝန်ကြီးနဲ့ တန်းပြချင်လို့ပါ။

ဒါက ဖုန်းတစ်ကောပါ။



နောက်ပြီးတော့ ဆရာဝန်ကြီး ကြည့်ပြီးတဲ့အခါ စီတီစကန်တို့ အမ်အာအိုင်တို့လို ဓာတ်မှန်ရိုက်ဖို့ ဆေးရုံတက်ဖို့ အရေးပေါ်တစ်ခုခု လုပ်ဖို့ လိုအပ်လာခဲ့ရင် သွက်သွက်လက်လက် ချက်ချက်ချာချာ မေးနိုင်ပြောနိုင်တဲ့သူတစ်ယောက်က ကူရင် ပိုပြီး ခရီးတွင်မှာ သိတဲ့ ကျွန်တော်က သူငယ်ချင်းနောက်တစ်ယောက်ဆီလည်း ဖုန်းခေါ်ဖြစ်ပါတယ်။ ငါ့သမီးလေးတော့ ဒီလိုဖြစ်သွားတယ်ကွာ။ ငါအခု မန္တလေးလာနေတာ။ ဆေးရုံရှေ့ကနေ မင်းငါ့ကို စောင့်နေပေးပါလား။ ဒါက ဒုတိယ ဖုန်းတစ်ကောပါ။ နှစ်ယောက်စလုံး မြို့ထဲနေတဲ့ သူတွေပါ။



လူတစ်ယောက်က လူတစ်ယောက်ကို မကူညီဖြစ်တဲ့အကြောင်းမှာ အကျိုးအပြစ် ဆွေးနွေးဖို့ ဒီနေရာမှာ မရည်ရွယ်ပါဘူး။ ကျွန်တော် ကားမောင်းနေရင်းပဲ ပထမဖုန်းတစ်ကောဆီက အကြောင်းပြန်လာတယ်။



“ဆေးရုံရောက်ရင် ရစက်ရှင် (Reception) မှာ ဝင်မေးလိုက် သူငယ်ချင်း။ ဆရာဝန်ကြီး ဘယ်မှာ ရှိလဲ သူတို့မေးပေးလိမ့်မယ်” တဲ့။ ကျွန်တော်က ၁၅ နှစ်ကျော်လောက် ဆေးရုံဆေးခန်းတွေမှာ ဖြတ်သန်းလာတာ ခင်ဗျာ။ “ရစက်ရှင်မှာ ဝင်မေးလိုက်” ဆိုတဲ့ စကားရဲ့ ရက်စက်မှုအတိမ်အနက်ကို ချက်ချင်းခံစားမိပါတယ်။ ပြီးတော့ ဒုတိယဖုန်းခေါ်မိတဲ့ သူငယ်ချင်းလည်း ဆေးရုံရှေ့မှာ ကျွန်တော် ယုံကြည်မျှော်လင့်သလို ရှိမနေ ရောက်မလာခဲ့ဘူး။ စောစောက ပြောခဲ့တာလို- အခု ပြောချင်တာ လူတစ်ယောက်က တစ်ယောက်ကို မကူညီတဲ့အကြောင်းမှာ အကျိုးအပြစ် ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဘဝရဲ့ တိုင်မင် မကိုက်တဲ့ ကိစ္စလေးတွေပေါ့ ခင်ဗျာ။ အဲဒီ တဒင်္ဂ သူတို့ရဲ့ စိတ်တိုင်မင်မှာ ကျွန်တော့်ကလေးလေးရဲ့ ကိစ္စဟာ နေရာက ထလာချင်လောက်အောင်ထိ ရှိမသွားတာလည်း ဖြစ်မှာပေါ့။



ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့် ပင်ကိုယ်စိတ်ရင်း ခံစားချက်ဟာ ကျွန်တော့်ကို အင်မတန်နာကျင်စေပါတယ်။

တကယ်လို့ (မပြောကောင်း ပြောကောင်း) သူတို့သာ ကျွန်တော့်လိုအဖြစ်မျိုး ကြုံရလို့ ကျွန်တော့်ဆီဖုန်းဆက်တာ ဆိုခဲ့ရင် လုပ်လက်စ အရာရာကို ပစ်ချပြီး မိုင် ၃၀၀၊ ၄၀၀ လည်း ကားမောင်းပြေးသွားမိမှာ ကိုယ့်ကိုယ်ကိုယ် သေချာသိတဲ့ ကျွန်တော့်စိတ်ဟာ အဲဒီမှာ ကျွန်တော့်ကို အတော်နာကျင်စေပါတယ်။



ပြီးတော့ ဆရာဝန်မကြီးကလည်း- ကျွန်တော်တို့ ရဲမတိုင်ပါဘူး။ အမှုလည်း မလုပ်ပါဘူး ဆိုတာတောင် “ဒီ(မှုခင်းနဲ့ စပ်တဲ့) ပြဿနာအရှုပ်ထုပ်မျိုးကို ဘာလို့ ငါ့ဆေးခန်းထဲ ခေါ်သွင်းခဲ့တာလဲ” ဆိုပြီး ဆေးခန်းအကူကို အော်ကာငေါက်ကာ ကျွန်တော့်ကလေးလေးကို ကိုင်တောင် မကြည့်ပါဘူး။ အခိုင်အမာလို့ မှတ်ယူထားတဲ့ မဟာပထဝီမြေကြီးက တော်လည်းသံကြီးဟီးပြီး လှုပ်ပြတဲ့အခါ ထောက်တည်ရာ မရတော့သလိုမျိုး ကျွန်တော့်စိတ်ဟာ တုန်လှုပ်ရပါတယ်။ ရတနာသုံးပါးကျေးဇူးနဲ့ ကျွန်တော့်သမီးလေးရဲ့ ဒဏ်ရာတွေဟာ အပေါ်ယံသာဖြစ်ခဲ့ပြီး မကြာခင် ပြန်ကောင်းသွားခဲ့ပါတယ်။ ကျွန်တော့်စိတ်မှာတော့ အဲဒီ ကိစ္စဟာ အခုထိ နာတုန်းပဲ။ ဒီလိုပဲ ဒီကာလထဲ ဖြစ်ခဲ့တဲ့ စိတ်နာစရာ ကိစ္စတွေမယ် ဒီတစ်ခုပဲ နည်းနည်းရေးပြလို့ သင့်လို့ နမူနာရေးပြတာပါ။



တချို့တွေ ပြောကြသလို ကျွန်တော်က တစ်ခုခုဆို အစွဲကြီးလွန်းတာလည်း ဖြစ်မှာပေါ့။ စာရေးတဲ့ နှလုံးသားဟာ ဒီလိုပါပဲ။ ဘဝကို ဖဲကစားသလို အထက်အိမ် အောက်အိမ် ပစ်ဖဲ၊ ခေါ်ဖဲတွေ ကြည့်ပြီး တွက်ချက် မကစားလိုဘူး။ ချိန်းထားပြီးမှ မိုးရွာလို့မလာဘူးဆိုတာကို အခုထိ နားလည်မပေးတတ်သေးဘူး။ ဒါပေမယ့် မတတ်သာလို့ ခွင့်လွတ်ပေးလိုက်ရတာတွေ အများကြီးပါပဲ။ အ တယ်လို့ မကြာခဏ အသမုတ်ခံရတဲ့ လူတစ်ယောက်ပါ။ ထားပါတော့။ ဒီထက် တမ်ပိုမြင့်တာတွေ ဆက်ရေးပြဖို့ထက်



မေတ္တာဟာ ကာယကံမြောက်မှ ထိရောက်တယ်လို့ နာဖူးကြားဖူး လက်ခံယုံကြည်တဲ့ ကျွန်တော်ဟာ ကိုယ်ပေးနိုင်သမျှ မေတ္တာတွေမှာ ကာယကံမြောက်ဖြစ်ဖို့ အမြဲဂရုထားပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်ရယ်မသိ အဲဒီလိုထားတဲ့စိတ်ဟာလည်း ကိုယ်ချစ်ရတဲ့သူတွေဆီက အတုံ့အလှည့်ကို ငံ့မိတဲ့အခါမျိုးမှာ နာကျင်ရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တတ်သေးကြောင်း သတိထားမိလာတဲ့ ကျွန်တော်ဟာ လိပ်ပြာဖမ်းတဲ့ ကလေးလေးလို မောမောနဲ့ မြေကြီးပေါ် လှဲအိပ်နေမိပါတော့တယ်။ ဒါဟာ ဒီဖက်နှစ်ထဲ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းရပုံပါပဲ။ ဒီလိုနဲ့ပဲ မိုးရွာကြီးထဲလည်း ချိန်းထားမိပြီးရင် လာမှာပဲ ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့တယ်။ အဲဒါ ကျွန်တော် ဒီစာအစမှာ ရေးပြခဲ့တဲ့ စီနီယာအစ်ကို ကိုမြင့်ထွန်းပါ။ သူနဲ့ ကျွန်တော် သိခဲ့တာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ဆိုပေမယ့် စကားများများ မပြောဖြစ်ခဲ့ကြဘူး။ ဒီနှစ်ထဲမှာ သူကျွန်တော့်ကို အကူအညီတချို့ပေးခဲ့တယ်။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီ ကာယကံမေတ္တာဟာ ကျွန်တော့် နှာသီးဖျားပေါ် လာနားတဲ့လိပ်ပြာလေးပါပဲ။ ဒါဟာ ကျွန်တော့်အတွက်ကျ လက်ရှိခံစားချက်အရ သိပ်ကို ကြီးတဲ့ စိတ်ခံစားမှုဖြစ်တယ်။ ဒါနဲ့ ကိုမြင့်ထွန်းကို တစ်ခါတော့ ကျွန်တော်က အမှတ်တမဲ့ ပြောမိတယ်။



“အစ်ကို၊ ခင်ဗျားက ကျွန်တော့်အပေါ် ကျေးဇူးရှိတယ်” လို့။ ကိုမြင့်ထွန်းကတော့ သူ့စရိုက်အတိုင်းပဲ စကားကို တိုတိုတုတ်တုတ်နဲ့ သူခံစားသလို ပြန်ပြောတယ်။ “မဟုတ်ပါဘူး။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။ အဲလောက်ထိ ပြောစရာ မလိုပါဘူး” တဲ့။ ဒီလူက ဒါမျိုးပြောရင် သူတကယ် လက်မခံလို့ ငြင်းတာမို့ ကျွန်တော်က ကျွန်တော့်ခံစားချက် အစစ်အမှန်ပေမယ့် ဆက်တိုး မပြောဖြစ်တော့ဘူး။ နောက်ပြီး ကိုမြင့်ထွန်းလိုပဲ



“ကိုအောင်မျိုးသူလွင်ရေ… အလုပ်လုပ်နေရင်း တစ်ခုခု အဆင်မပြေတာရှိရင် တီချယ့်ဆီ ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းဆက်မေးပါနော်” လို့ အမြဲမှာတတ်တဲ့ ကုတင် ၃၀၀ ဆေးရုံက ကျွန်တော့်ဆရာမ ဒေါ်မြတ်ဇင်မာချိုကလည်း သူ့အနေနဲ့ အမှတ်တမဲ့ပဲ ဖြစ်ဖြစ် ဒီရက်တွေထဲ ပေးတဲ့ ကာယကံမေတ္တာလေးတွေဟာ ကျွန်တော့်ကို ဘယ်လောက်ထိ ဆေးဖြစ်စေတဲ့အကြောင်း ပြောရင် ငြင်းမယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ဒီစာကို ကျွန်တော်ရေးမိတာပါ။



မောမောနဲ့ မြေကြီးမှာ လှဲနေတော့မှ လိပ်ပြာလေး မျက်နှာပေါ် လာနားတာခံရတဲ့ မိုင်းလီဆိုင်းရပ်ပြောပြတဲ့ ပုံပြင်ထဲက ကောင်လေးရဲ့ စိတ်ခံစားချက်မျိုးနဲ့ပေါ့။ ဒါပေမယ့် ဒီစာကတော့ ကလေးအိုတစ်ကောင် အမောပြေလို့ ရေးမိတဲ့စာပါ။



အောင်မျိုးသူလွင်
၃၀၊၀၅၊၂၀၂၄
ကြာသပတေး

https://www.facebook.com/share/p/hTXXUToYnW9Y4Vvr/?mibextid=oFDknk




ဒီဘက်နှစ်တွေမှာ ကျွန်တော်ဟာ စိတ်ဒဏ်ရာတချို့ ရခဲ့တယ်။ စာရေးတဲ့နှလုံးသားမျိုး ပိုင်ဆိုင်ထားရတဲ့ အားနည်းချက်ကတော့ တချို့ကိစ္စတွေကို ဥပေက္ခာမထားနိုင်ဘဲ နင့်နင့်သည်းသည်း အချိန်အတော်ကြာကြာ ဖြစ်တတ်တာပါပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။




တချို့တွေ ပြောကြသလို ကျွန်တော်က တစ်ခုခုဆို အစွဲကြီးလွန်းတာလည်း ဖြစ်မှာပေါ့။ စာရေးတဲ့ နှလုံးသားဟာ ဒီလိုပါပဲ။ ဘဝကို ဖဲကစားသလို အထက်အိမ် အောက်အိမ် ပစ်ဖဲ၊ ခေါ်ဖဲတွေ ကြည့်ပြီး တွက်ချက် မကစားလိုဘူး။ ချိန်းထားပြီးမှ မိုးရွာလို့မလာဘူးဆိုတာကို အခုထိ နားလည်မပေးတတ်သေးဘူး။




မေတ္တာဟာ ကာယကံမြောက်မှ ထိရောက်တယ်လို့ နာဖူးကြားဖူး လက်ခံယုံကြည်တဲ့ ကျွန်တော်ဟာ ကိုယ်ပေးနိုင်သမျှ မေတ္တာတွေမှာ ကာယကံမြောက်ဖြစ်ဖို့ အမြဲဂရုထားပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်ရယ်မသိ အဲဒီလိုထားတဲ့စိတ်ဟာလည်း ကိုယ်ချစ်ရတဲ့သူတွေဆီက အတုံ့အလှည့်ကို ငံ့မိတဲ့အခါမျိုးမှာ နာကျင်ရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တတ်သေးကြောင်း သတိထားမိလာတဲ့ ကျွန်တော်ဟာ လိပ်ပြာဖမ်းတဲ့ ကလေးလေးလို မောမောနဲ့ မြေကြီးပေါ် လှဲအိပ်နေမိပါတော့တယ်။ ဒါဟာ ဒီဖက်နှစ်ထဲ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းရပုံပါပဲ။




တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ (အမှတ်တမဲ့ပဲ ဆိုဆို) အပြုအမူလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီ ကာယကံမေတ္တာဟာ ကျွန်တော့် နှာသီးဖျားပေါ် လာနားတဲ့လိပ်ပြာလေးပါပဲ။ ဒါဟာ ကျွန်တော့်အတွက်ကျ လက်ရှိခံစားချက်အရ သိပ်ကို ကြီးတဲ့ စိတ်ခံစားမှုဖြစ်တယ်။





မိုင်လီဆိုင်းရပ်ရဲ့ လိပ်ပြာကတော့ ကျွန်တော်နဲ့အတော်လေးအလှမ်းဝေးပေမယ့် ကိုအောင်မျိုးသူလွင်ရဲ့လိပ်ပြာကတော့ အတော်လေးနီးစပ်ပါတယ် ကျွန်တော့်နှာသီးဖျားမှာတကူးတကလာနားစေချင်တဲ့ လိပ်ပြာမျိုးပါပဲ။




နိမ့်ကျတဲ့အချိန်မှာတက်နင်းသွားတဲ့သူမျိုး ရှောင်သွေသွားတဲ့သူမျိုးတွေထက် လက်ကမ်းပေးခဲ့တဲ့သူမျိုးတွေကိုပဲ ကျွန်တော်တခုတ်တရ မှတ်သားထားပါတယ်။ 

သူခမျာအပူမီးတောက်နေတာတောင် အဆင်မပြေမှန်းသိလို့ တကူးတက အားပေးစကားပြောပေးတဲ့ညီမငယ် 

အလုပ်တစ်ဖက်နဲ့တောင် ဆေးရုံပြဖို့လိုက်ခဲ့ပေးမယ်

ပြောပေးတဲ့အစ်မ 

နှစ်အတော်ကြာကြာမတွေ့မိတာတောင် ဆေးရုံပြတဲ့ရက်တိုင်းတကူးတကကူညီပေးတဲ့အစ်ကို 

အမေနေမကောင်းနေတာတောင် အလုပ်အင်တာဗျုးသွားဖို့ ကူညီပေးပြီး တကူးတကထမင်းကျွေးတဲ့အစ်မ 

သူ့ညီမအဆင်မပြေလို့ အလုပ်မျိုးစုံရှာပေးရင်းနဲ့ လက်ဖက်ရည်တိုက်တဲ့အစ်ကို 

အဲ့လိုလူမျိုးတွေက နှာသီးဖျားမှာတကူးတကလာနားပေးတဲ့ လိပ်ပြာတွေပါပဲ တကယ့်ကိုအများကြီးကျေးဇူးတင်ပါတယ်




ကျွန်တော်ကတော့ တောင်သာနေတဲ့အချိန်မျိုးမှာ လာနားတက်တဲ့လိပ်ပြာမျိုးထက် နိမ့်ပါးနေတဲ့အချိန်မှာ တဒင်္ဂလေးဖြစ်ဖြစ် လာနားတက်တဲ့လိပ်ပြာမျိုးကို တကယ်ကိုလိုအပ်တဲ့သူပါ ကျွန်တော်က အတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ဒါပေမယ့် အတ္တနည်းတယ်ဆိုတဲ့ တချို့လူတွေလောက်တော့ ကာယကံမြောက်မေတ္တာတရား မခေါင်းပါးခဲ့ပါဘူး




အရင်ကတော့ ငါ့ကျမှဖြစ်ရလေလို့ ရင်နာခဲ့ရပေမယ့် အခုကျတော့ ငါမို့လို့ဖြစ်တာဆိုတာကို ကောင်းကောင်းကြီးလက်ခံလိုက်ပါတယ်




လူတွေအပေါ် အရင်လိုကာယကံမြောက် မေတ္တာတရားမပေးနိုင်တော့ရင်တောင် တစ်ဖက်သားနိမ့်ပါးနေတဲ့အချိန်မှာ လာနားပေးမယ့် လိပ်ပြာလိုလူမျိုးအဖြစ်ပဲ ရှင်သန်ပါတော့မယ်။



Khin


ဗလာ။

 




မေလ ကျွန်တော်မှတ်မိသလောက်ကတော့ ကျွန်တော်အတွက် အဆိုးဆုံးအချိန်တွေက ဒီလမှာပဲဖြစ်တာများပါတယ် အမှန်ကတော့သက်မဲ့လတစ်ခုက သက်ရှိလူတစ်ယောက်အတွက် ဘယ်လိုဥပါဒ်မျှပေးလို့မရပါဘူးဗျာ။



စိတ်ဓါတ်အတော်လေးကျနေတယ် အရင်ရက်ပိုင်းက အဖန်ငါးရာငါးကမ္ဘာကြီးမှာကျင်လည်ရမှာ သဘောမကျပေမယ့် သတ်သေဖို့တွေးမိပါတယ် အမှန်ကလူဖြစ်ရတာ ကျွန်တော်လိုလူမျိုးအတွက် လူ့ဘဝရလာတာမတန်လို့ပါဗျာ ဆန်ကုန်မြေလေးဖြစ်သလိုပဲခံစားမိလို့ပါ



ဒါပေမယ့်  သက်သေတဲ့နည်းလမ်းတစ်ခုမျှကိုစိတ်တိုင်းမကျဘူး ဆေးသောက်သေဖို့ကျတော့လည်း ဆေးငါးလုံးလောက်တပြိုင်နက်သောက်ရင်တောင် ပြန်အန်နေတာ ဆေးသောက်သေဖို့ကလည်း မလွယ်ကူ



လူသူကင်းမဲ့တဲ့နေရာမှာ လက်ကောက်ဝတ်လှီးဖို့ကျတော့လည်း ဘလိတ်ဓါးနဲ့ကိုယ့်အသားကိုယ် သွေးကြောပြတ်တဲ့အထိ ပြန်လှီးဖို့ကလည်းမလွယ်ကူဘူးလေ သွေးကြောမပြတ်မချင်း သွေးအများကြီးမြင်ရရင်လည်း လူကအဆင်ပြေမှာမဟုတ်ဘူး



လူမနေတော့တဲ့တိုက်ပေါ်ကခုန်ချဖို့ကလည်း အောက်ရောက်လို့တစ်ခါတည်းသေသွားရင် ကိစ္စပြတ်နိုင်ပေမယ့် မသေဘဲဒုက္ခိတဖြစ်ရင် မိသားစုကိုဝန်ပိစေမယ် စိတ်ညစ်လို့သတ်သေတယ်ဆိုပေမယ့်လည်း သေခါနီးအချိန်မှာ ဘယ်သူမျှဒုက္ခမပေးဘဲ စိတ်အေးချမ်းသာစွာနဲ့သာ ထွက်သွားချင်တာကျွန်တော့်ဆန္ဒပါ



ကျွန်တော်သဘောကျတာက ရေထဲခုန်ချဖို့ပါပဲ ရေမွန်းပေမယ့် အဲ့ဒီရေထဲမှာအသက်ရှုရပ်သွားရတာကို သဘောကျမိပါတယ် ဘာအတွေးမျှမရှိတော့ဘဲ ရေထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားရတာက အတော်လေးကိုကျေနပ်ဖို့ကောင်းပါတယ် ကျွန်တော်ကရေကိုအရမ်းနှစ်သက်တဲ့သူကိုဗျ 



ရေထဲခုန်ချဖို့ကျပြန်တော့ ရန်ကုန်လိုနေရာမျိုးမှာ လူပြတ်တဲ့မြစ်နားကမ်းပါးဆိပ်ကမ်းကမရှိတော့ ကိုယ်မသေခင် ခုန်ချတာတွေ့လိုက်မိလို့ ဆင်းကယ်မယ့် သူတစ်ဖက်သားအတွက်ကိုလည်း စိုးရိမ်ရပြန်တယ်



ရေထဲခုန်ချတဲ့ကျွန်တော်မသေဘဲ အခန့်မသင့်လို့ ကယ်တဲ့သူသေသွားခဲ့ရင်လွဲပါစေဖယ်ပါစေ တစ်ဘဝလုံးငါကြောင့်ဖြစ်ရလေဆိုတဲ့ အဲ့ဒီစိတ်ကြီးနဲ့အသက်ရှင်သွားရမှာ တကယ်ကိုစိတ်ပင်ပန်းရပါတယ်ဗျာ အဲ့ဒီတော့စိတ်ကူးနဲ့တင် သတ်သေဖို့နည်းလမ်းကအဆင်မပြေတော့ လက်တွေ့မှာအထမမြောက်တော့ဘူးပေါ့ဗျာ



အဲ့ဒါလည်း ဘုရားကျေးဇူးပါ ဘုရားတရားကို အခုလက်ရှိအချိန်မှာ တကယ်တမ်း တစိုက်မက်မက်မလုပ်ခဲ့ပေမယ့် အရင့်အရင်ကလုပ်ခဲ့ဘူးတဲ့ ကုသိုလ်အရှိန်လေးက လက်ရှိအချိန်မှာ ဝင်ကယ်သွားတာပါ အဖန်ငါးရာငါးကမ္ဘာကနေ ဒီတစ်ချိန်တော့လွတ်မြောက်ပြန်ပြီပေါ့ဗျာ



ကျွန်တော်တစ်ယောက် ဘုရားတရားကိုတော့ တစိုက်မက်မက်လုပ်မှဖြစ်ပါတော့မယ် ဒီသုံးလအတွင်းမှာ ကြာလာလေ လူတွေနဲ့အလှမ်းဝေးပြီးကင်းကွာလာပါတယ် အရင်ထက်ပိုပြီး တစ်ယောက်တည်းသီးသန့်နေမိပါတယ် ကျွန်တော်ကဘဝအတွက်ရှင်သန်နေရတာမဟုတ်ဘဲ ဘဝကကျွန်​ေတာ့်ကို ဗဟိုပြုပြီးလည်ပတ်နေရသလို ပြောင်းပြန်ဖြစ်သွားတယ် 



အခုအချိန်မှာအလုပ်ရဖို့ ပိုက်ဆံရှာဖို့ကအရေးကြီးနေတယ် ခေါင်းထဲမှာရှုပ်ပွနေပေမယ့် ဘာတစ်ခုမှကို လက်ခံမပေးနိုင်သေးပါဘူး နောင်လည်းစိတ်ပင်ပန်းမယ့် သံယောဇဥ်၊မိသားစုအရာအားလုံးကို ဘယ်လိုအကြောင်းနဲ့မျှ လက်ခံမပေးတော့ပါဘူး မျက်စိနှစ်လုံးပွင့်ရင် ငါဘာလုပ်ရမလဲဆိုတဲ့အတွေးနဲ့တင် လူကစိတ်မောလူမောဖြစ်ရပြီး

တကယ်ကိုအားငယ်မိပါတယ် ကျွန်တော်ကိုယ်က အရာရာပျော့ညံ့လွန်းပါတယ်ဗျာ 



တချို့လူတွေကို တကယ်ကိုအားကျမိပါတယ် ဘယ်လိုပဲလောကဓံကထိုးနှက်ပါစေ လဲကျသွားပေမယ့်လည်း ပြန်ထနိုင်ဖို့အတွက် စိတ်ဓါတ်ခိုင်မာကြပါတယ် အဲ့လိုလူမျိုးတွေအတွက် လူ့ဘဝရလာတာက တကယ်ကိုမွန်မြတ်လွန်းပါတယ်။




ဝဋ်ကြွေးပါလာခဲ့လို့ ရေစက်ဆုံရသလို

ဝဋ်ကြွေးပါလာခဲ့လို့ မိသားစုဖြစ်လာရတာပါ

အဲ့ဒီ့ဝဋ်ကြွေးတွေအကုန်လုံး

ဒီဘဝမှာတင်ကြေပါစေလို့ ဆုတောင်းပါတယ်ဗျာ။