Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ကျန်ရစ်သူဆွေမျိုးများနှင့် ပြည်သူများလွမ်းသူ့ပန်းခွေချ ဂါရ၀ပြု

ရွှေယင်းမာဦးနှင့် ကိုကိုကြီး
အတွဲ ၂၇ ၊ အမှတ် ၅၂၇ ( ၂၂ - ၂၈ ၊ ၇ ၊ ၂၀၁၁)
(၆၄)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည့်ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျန်ရစ်သူဆွေမျိုးများသည် အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေ ချခြင်း၊ ဂါရ၀ပြုခြင်းနှင့် မေတ္တာပို့အမျှ ဝေခြင်းများ ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်လွမ်းသူ့ပန်းခြင်း ချရန် ရောက်ရှိလာစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

ဦးအောင်ဆန်းဦးနှင့်ဇနီး ဂါရ၀ပြုနေစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

ရန်ကုန်မြို့တော်ဝန်ဦးလှမြင့် လွမ်းသူ့ပန်းခွေ ချနေစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး
ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများဖြစ်သော ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ လာရောက် ဂါရ၀ ပြုကြသကဲ့သို့ အခြား အာဇာနည်ခေါင်းဆောင်များ၏ ကျန်ရစ်သူ ဆွေမျိုးများလည်း လွမ်းသူ့ပန်းခွေချကာ ဂါရ၀ပြုသည်ကို တွေ့ရသည်။

သခင်မြမိသားစု လွမ်းသူ့ပန်းခွေချရန်ရောက် ရှိလာစဉ်။ ဓာတ်ပုံ-ရွှေယင်းမာဦး
"အာဇာနည်ခေါင်းဆောင်ကြီးတွေလောက် မမြင့်မြတ်နိုင်ရင်တောင် အဲဒီဟာကို စံအဖြစ် ထားပြီး ကြိုးစားစေချင်တယ်။ ကိုယ်ကနေ မလုပ်ဘဲနဲ့ သူများကို အားကိုးတဲ့ စိတ်ဓာတ်ကို အားမပေးချင်ဘူး။ လူတိုင်း လူတိုင်းက အာဇာနည်လို ဖြစ်စေတဲ့ အတွေးအခေါ်ကို မွေးမြူ မယ်ဆိုရင် ကျွန်မတို့နိုင်ငံက အာဇာနည်နိုင်ငံ ဖြစ်နိုင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ထို့နေ့ နံနက် ၈ နာရီတွင် ဂုဏ်ပြု တပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က ကျဆုံး ရဲဘော် အလေးပြု ခရာမှုတ်ခြင်းတို့ကို အခမ်းအနားဖြင့် ပြုလုပ်သကဲ့သို့ ရန်ကုန် မြို့တော်ဝန်ဦးလှမြင့် တက်ရောက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြု ခဲ့သည်။
ထို့ပြင် အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များလည်း ကျဆုံး လေပြီးသော အာဇာနည်များအား လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ဦး ခရာမှုတ်အလေးပြု နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အများပြည်သူများ တက်ရောက် ဂါရ၀ပြုနိုင်ရန် အာဇာနည်ဗိမာန်ကို တစ်နေ့တာ ဖွင့်လှစ်ထားပေးပြီး လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းများနှင့် ကြိုတင် စစ်ဆေးခံယူမှုမရှိသော ပန်းခွေ၊ ပန်းခြင်းများကိုမူ ယူဆောင်ခွင့်မပြုခဲ့ချေ။
၂၀၁၀ ပြည့်နှစ် အာဇာနည်နေ့အခမ်းအနား၌ နိုင်ငံရေးပါတီများအား တက်ရောက်ခွင့်ပြု ခဲ့သော်လည်း ယခုနှစ်တွင်မူ အများ ပြည်သူများ နည်းတူသာ တက်ရောက်ရန် ခွင့်ပြု ခဲ့သည်။
"အာဇာနည်နေ့ဆိုတာ ဖိတ်မှ သွားတက်ရမယ့်ကိစ္စမျိုး မဟုတ်ဘူး။ ဖိတ်ဖိတ် မဖိတ်ဖိတ် ဒီနေ့ဒီအချိန်မျိုးမှာ ဂါရ၀ပြုရမယ်။ အလေးပြု ရမယ်။ ဖိတ်တာ၊ မဖိတ်တာထက် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့က အဓိကပဲ"ဟု တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ မှ ဦးဟန်ရွှေက ပြောသည်။

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက် လေ့လာကြသူများအား တွေ့ရစဉ်။ ပြတိုက်ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ပြသခဲ့ရာ လူငယ်များနှင့် ပြည်သူ လူထု စုစုပေါင်းတစ်သိန်းခန့် လာရောက်လေ့လာကြသည်။
ဓာတ်ပုံ-ကောင်းထက်
"တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ မဖွဲ့ခင်ကတည်းကလည်း အလေးပြုတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဖြစ်တော့လည်း နှစ်စဉ်နှစ်တိုင်း အလေးပြုခဲ့ တာရှိတယ်"ဟု ၎င်းက ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့် က "ပါတီကို အထွေအထူး ဖိတ်ကြားထားတာလည်း မရှိဘူး။ ရန်ကုန်မှာလည်း ပါတီအဖွဲ့ဝင် ဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတော့ အာဇာနည်ကုန်း သွားပြီး မတက်ရောက် နိုင်ခဲ့ဘူး" ဟု ပြောသည်။
 


Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

အင်းဝမြို့ဟောင်းမှာ ဒေါက်တာသန်းထွန်းကို သတိရတော့

လန်းစေသော်
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)

အင်းဝမြို့ဟောင်းရှိဗားကရာ ကျောင်းတော်ကြီးအတွင်း ကိုရင်ငယ် တစ်ပါး စာဖတ်နေစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်
ကျွန်တော်ဟာ မိတ်ဆွေနှစ်ယောက်နဲ့အတူ အင်းဝမြို့ဟောင်းကိုရောက် နေပါ တယ် ကိုယ့်လူရေ။ အင်းဝမြို့ဟောင်းမှာ အဆောင်ဆောင် အခန်း ခန်းနဲ့ နန်းမတော်မယ်နု ရဲ့ အုတ်ကျောင်းကြီးကို မြင်ရတဲ့အခါ၊ နန်းမြင့် မျှော်စင်ပေါ်ကို တက်မိတဲ့အခါ၊ ဆင်ကျုံးခံတပ်ထိပ်ကနေ ဧရာဝတီမြစ် ပြင်ကျယ်ကိုမျှော်ကြည့်မိတဲ့အခါ၊ အင်းဝမြို့ရိုးကြီးပေါ်မှာခြေစုံရပ်ကြည့် မိတဲ့အခါ၊ ရှေးဟောင်းသစ်သားကျောင်း ဆောင်ကြီးဖြစ်တဲ့ ဗားကရာ ကျောင်း တိုက်ကြီးရဲ့ ခံ့ညားမှုကို မြင်ရတဲ့အခါ ကျွန်တော်ဟာ သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းကို သတိရမိတော့ တာပါပဲ ကိုယ့်လူရာ။တကယ်တော့ ဒေါက်တာသန်းထွန်းကိုအပြင်မှာကျွန်တော် တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးခဲ့ပါဘူး။ ဒါပေမယ့် မန္တလေးမြို့ကနေ အမရ ပူရ၊ အမရပူရကနေ စစ်ကိုင်း တံတားရှေ့ကိုဖြတ်၊ ပြီးတော့ ဆိုင်ကယ် တွေကို စက်လှေပေါ်တင်ပြီး ဒုဋ္ဌ၀တီမြစ် ကိုကူးလို့ အင်းဝမြို့ဟောင်းမှာ ခြေချမိတဲ့ အခါမှာ 'သမိုင်းကို မအ အောင်လို့ သင်ရတယ်' လို့ဖြေခဲ့တဲ့ ဒေါက်တာသန်း ထွန်းကို သတိရမိတာပါ။
"မုန့်ဖိုးပဲပေးနော်၊ မယ်နုအကြောင်း ပြောပြမယ်" မယ်နုအုတ်ကျောင်း အ၀င်ဝမှာ ဆိုင်ကယ်တွေကို ထိုးရပ်ပြီးပြီးချင်း ယောက်ျားလေး နဲ့ မိန်းကလေး၊ ကလေး နှစ်ယောက်က ပြေးလာပြီးပြောပါတယ်။ ကျွန်တော်က မယ်နုအုတ်ကျောင်းကို မျှော်ကြည့်လိုက်ပြီး ကင်မရာ ကို အိတ် ထဲကနေ အငမ်းမရဆွဲထုတ်နေမိတယ်။ ဓာတ်ပုံလည်း ရိုက်ချင်လှပြီ၊ ကလေးတွေ ဘာပြောပြမှာလဲဆိုတာလည်း စိတ် ဝင်စားပါတယ်။ ရိုက်ရင်း နားထောင်ရင် အဆင်ပြေတန်ကောင်းပါရဲ့။
"ကဲ..ပြောကွာ၊ ဖြည်းဖြည်းပြောနော်" "မယ်နုက ငါးစိမ်းသည်။ ငါးရောင်းလို့ ကုန်တော့ ဧရာဝတီမြစ်ကမ်းမှာ ရေချိုး ရော၊ ရေချိုးနေ တုန်း သူလှန်းထားတဲ့ ထဘီက ဘကြီးတော်မင်းရဲ့ နန်းပြာသာဒ်မှာ သွားချိတ်ရော။ ဒါနဲ့ စုံစမ်းတော့ မယ်နုကိုတွေ့ပြီး စိတ်ဝင်စားပြီး မိဖုရား ကောက်တယ်။ မိဖုရားက မာနကြီးတယ်။
မန်ကျည်းရွက်ကို 'နုတယ်'မပြော ရဘူး၊ 'ထွတ်တယ်'လို့ပဲ ပြောရတယ်။ မယ်နုရဲ့ ငယ်ရည်းစားက မင်းသားကြီး မောင်အို လေ၊ ကျောင်းတိုက်အောက်မှာ အလင်း ခုနစ်ခန်း၊ အမှောင်ခုနစ်ခန်းရှိတယ်" နန်းမတော်မယ်နုအကြောင်း ကလေး တွေပြောပြတဲ့ အမှား များများ ပါးစပ် ရာဇ၀င်ကို နားထောင်ရင်း ကျွန်တော်တို့ ကျောင်းတိုက်ကြီးထဲ လိုက်ကြည့်ကြပါတယ်။ ကြည့်ရင်းနဲ့ စွန်ချီသွားတဲ့ မယ်နုရဲ့ ပန်းရောင်ထဘီဟာ ဘိုးတော်မင်း (ဗဒုံ မင်း)ရဲ့ မိဖုရားတွေနေတဲ့ တောင်နန်းရဲ့ ခေါင်မိုးပေါ်မှာ သွားချိတ်ရာကအစ၊ မြင်သူတိုင်း စိတ်ရိုင်းဝင်မိအောင်လှပြီး မာနကြီးတဲ့ မယ်နုရဲ့ ဆွဲဆောင် အားနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ စစ်ကိုင်းမင်းသားအလယ်၊ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် သီပေါ မင်းတို့အထိ ကျွန်တော့ အတွေးတွေက ခရီးဆန့်သွားပါရဲ့။ (စစ်ကိုင်းမင်း လက်ထက်မှာ တိုင်းပြည်အုပ်ချုပ်သူ အိမ် ရှေ့မင်းတွေဟာ ဆွေတော်မျိုးတော်တွေ ကို ထိမ်းမြားလက်ထပ်ပြီးမှ ထို ရာထူးကို ပေးအပ်ရမည်။ တခြားလူ တစ်ယောက် ကို လက်ထပ်ထိမ်းမြားလျှင် တိုင်းပြည်၏ အနာဂတ်သည် မရေမရာဖြစ်သွားနိုင် သည်ဆိုတဲ့ စီမံကိန်းလည်း ပျက်ပါ သတဲ့။) ရှေးမြန်မာမင်းတွေရဲ့ နန်းတွင်းအရှုပ် တော်ပုံတွေဟာ စိတ်ဝင်စားစရာ ကောင်းပြီး ရာဇ၀င်ထဲက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံရိပ်တွေကလည်း လေ့လာ ကြည့်ရင် ရုပ်လုံးကြွလွန်းလှပါတယ်။
မယ်နုအုတ်ကျောင်းကထွက်လာတဲ့ ကျွန်တော်တို့ဟာ နန်းမြင့်မျှော်စင်ထိပ် ကို ရောက်နေကြပြန်ပေါ့။ ငလျင်ဒဏ် ခံထားရတဲ့ မျှော်စင် ကြီးက ခပ်စောင်း စောင်း ဖြစ်နေလေရဲ့။ မျှော်စင်ထိပ်မှာ ခေါင်းလောင်းလေးတွေ၊ ကျောက်ထွင်း ရုပ်တု အမှတ်တရပစ္စည်းလေးတွေ ရောင်းတဲ့သူက တစ်ယောက်တည်း ထိုင်လို့။ မျှော်စင်ကြီးပေါ်က လှမ်းကြည့် တော့ ခပ်ဝေးဝေးမှာ စစ်ကိုင်းတံတား ကြီး။ စစ်ကိုင်း တံတားကြီးကနေ တစ်ဆင့် ကျွန်တော့အတွေးတွေက မန္တလေးနန်းတွင်းကို ကူးသွားပြန်ပြီ ကိုယ့်လူရေ။ မင်းတုန်းမင်း မရှိတော့တဲ့ နောက်ပိုင်း၊ သီပေါမင်းလက်ထက်မှာ အထက်မြန်မာ နိုင်ငံဟာ အဖတ်ဆယ်မရအောင် နစ်ခဲ့ပါ ရောလား။ သီပေါမင်းကို စုဖုရားကြီး လက်ထဲက အရလုခဲ့တဲ့ စုဖုရားလတ် ဟာ နှယ်နှယ်ရရမဟုတ်ဘဲ နန်းမတော် မယ်နုရဲ့မြေး၊ ဆင်ဖြူမရှင်ရဲ့ သမီးပေပဲ။
မိဖုရားခေါင်ကြီး တန်ခိုးထက်နေတဲ့ ရုပ်သေးဘုရင်လက်ထက်မှာ မင်းညီ မင်းသားတွေခမျာ ထောင်ထဲအကျဉ်းချ ခံရပြီး လည်မျိုကို ဝါးရင်းတုတ်နဲ့ရိုက် အသတ်ခံရပါသတဲ့။ ဒေါက်တာသန်းထွန်းကတော့ ပြောတယ်၊ 'သမိုင်းသင်တာ မအအောင်လို့' ပါတဲ့။ သီပေါမင်းနဲ့ ဒိုင်းခင်ခင်တို့ရဲ့ ကန့်လန့် ကာ နောက်ကွယ်က နှလုံးသားရေးရာ ဇာတ်လမ်း၊ ဆင်ဖြူမရှင်မိဖုရားခေါင် ကြီး၊ သူ့သမီး ဓားထက်တဲ့ စုဖုရားလတ်၊ သူကြိုက်တဲ့ မိန်းမဆိုရင်ကာမပိုင်ရှိသော မရှိသော မရှောင်တဲ့ သမိုင်းမှာ အလွန် ဆိုးသွမ်းတဲ့ ရနောင် မောင်မောင်တုတ်၊ တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီးတို့ရဲ့ ဇာတ်ရှုပ်တွေ။
အင်း..အဲဒီနောက် ပိုင်း ၁၈၈၅၊ နိုဝင်ဘာလမှာ အင်္ဂလိပ်တို့ ဘက်က စစ်ဗိုလ်ချုပ် ဂျင်နရယ် ပရင်ဒါဂတ်ဟာ ချီတက်လာခဲ့ပါရောလား ကိုယ့်လူရေ။ ဒေါက်တာ သန်းထွန်း ကတော့ ပြော တယ်၊ သမိုင်းဟာ အထောက်အထား ရှိမှ တိကျမှန်ကန်မယ်။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင်ရှာထား နိုင်ရင် မအ ဘူးပေါ့။ သူများလိမ်ညာတာ မခံရဘူးပေါ့တဲ့။ သမိုင်းစစ်စစ်ကို သိရင် အချုပ်က တော့ မအဘူးပေါ့တဲ့။ ဒါဆို ခေတ်သမိုင်းကရော။ ခေတ် သမိုင်းဟာ ကျွန်တော်တို့ရဲ့ ဘ၀နေထိုင်မှု အတွက်ဘယ်လောက်အရေးပါ နိုင်မှာလဲ။ "ဘ၀နေထိုင်မှုအတွက် ခေတ်သမိုင်း ကို မသိလို့မဖြစ်၊ ခေတ်သမိုင်းမှာ နိုင်ငံ ရေးသာမက လူမှုရေး၊ စီးပွားရေးတွေ လည်း အရေးကြီးတယ်။ မှန်ကန်တဲ့ သမိုင်းအခြေခံသိမှ ကိုယ်တိုင်လည်း ရှေ့ကိုဘယ်လိုတွေ့နိုင်မယ်လို့ မှန်းဆ နိုင်တယ်။ အကျိုးအမြတ် ရချင်ရင်၊ အောင်မြင်ချင်ရင် ဘယ်လိုလုပ် ဆိုတာ လမ်းညွှန်နိုင်မယ်။ ဦးစီးဦးဆောင် ပြုနိုင်မယ်။ ဆုတ်ယုတ်ရင် အကြောင်း ရင်းကိုသိထားမှ ဘယ်လိုတားဆီးရမယ် ဆိုတာ သမိုင်းက အဖြေပေးမယ်။ အောင် မြင်ချင်ရင် လူ့ဘ၀သင်ခန်းစာက ပေးတဲ့ သမိုင်းကို သိထားမှဖြစ်မယ်"တဲ့။
ဒေါက်တာသန်းထွန်းက ပြောထားရဲ့။ ဒါဟာ အမှန်ပါပဲ ကိုယ့်လူရေ။ အင်းဝ မြို့ဟောင်းမှာ ခမ်းနားတဲ့ ရှေးဟောင်း မြို့ရိုးကြီးကို တွေ့ရတဲ့အခါ ကျွန်တော် ဟာ မှင်တက်နေမိရုံနဲ့ မဖြစ်သေးဘူး၊ အင်းဝဇာတ်လမ်း တစ်ခန်းရပ်သွားရတဲ့ အကြောင်းကိုလည်း သိသင့်တာပေါ့။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို သတိရတဲ့အခါ တစ်ဖက် မှာ အကြံကုန် ဂဠုန်ဆားချက်သလို စိတ်ထင်ရာစိုင်းခဲ့တဲ့ ဂဠုန်ဦးစောလို လူတွေမှာ ပက်စက်တဲ့အကြံရိုင်းတွေ ရှိနေတတ်တာမျိုးကိုလည်း သတိရကြဖို့ လိုပါတယ်။ အော့စ်ဝစ်ဇ် အကျဉ်းစခန်း အကြောင်း ဖတ်ရတဲ့အခါ အကျဉ်းစခန်း အ၀င်နံရံမှာ ဂျာမန်ဘာသာနဲ့ ရေးထား တဲ့ 'အလုပ်သည်သာ လွတ်မြောက်ရာ' ဆိုတာနဲ့ လုံးဝမသက်ဆိုင်စွာ အလုပ် စခန်းမဟုတ်ဘဲ ဂျူးတွေကို လူမျိုးတုံး သတ်ဖြတ်ရာ နာဇီတွေရဲ့ စခန်းကြီး ဖြစ် နေတတ်တာမျိုးကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ အင်းဝမြို့ဟောင်းကနေ ပြန်လာခဲ့ပေမယ့် ကျွန်တော်ကတော့ ဒေါက်တာ သန်းထွန်းကို အခါအားလျော်စွာ သတိရ နေဆဲပါပဲ ကိုယ့်လူရေ။ ကိုယ့်ရဲ့ဒီနေ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စ အထွေ ထွေဟာ မနက်ဖြန်မှာ ကိုယ့်အတွက် သမိုင်းပဲဆိုတာကို ပိုပြီး သဘောပေါက် လာရင်းနဲ့ပေါ့။ သဘောပေါက်လာတာနဲ့ အမျှ 'အ'တယ် လို့ အထင်ခံရရင်တောင် ကိုယ် ကိုယ်တိုင်က သိသိကြီးနဲ့ ဟန်ဆောင် အ, ပေးလိုက်တဲ့အဖြစ်မျိုးဖြစ်အောင် ဘ၀မှာ နေထိုင်သင်ယူ သွားရမယ်လို့ ဆုံးဖြတ်မိပါရဲ့ ကိုယ့်လူရေ။ ကိုးကား-သမိုင်းနှင့် စကားပြောခြင်း (အင်တာဗျူးခြင်း)၊ ဒေါက်တာ သန်းထွန်း (၂၀၀၃ ဧပြီ)၊ တကောင်း စာအုပ်တိုက်။ - နန်းတွင်းအရှုပ်တော်ပုံနှင့် ပုဂ္ဂိုလ် များ၊ မင်းပုည (၂၀၁၀ စက်တင် ဘာ)၊ လင်းလင်းစာပေ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

တိုင်းပြည်အကျိုးအတွက် ညီညွတ်စွာ စုပေါင်းလုပ်ဆောင်ကြရန် သီတဂူဆရာတော်ကြီးက တိုက်တွန်း

ချယ်ရီသိန်း
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)

အခမ်းအနားသို့တက်ရောက်လာသော နိုင်ငံတော်အကြီး အကဲများက ဆရာတော်အား တွေ့ဆုံနေစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်
တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်သောကိစ္စများတွင် လူမှုရေး၊ ဘာသာရေး စသော အသင်းအဖွဲ့များအချင်းချင်း ညီညွတ်စွာ၊ စုပေါင်း ဆောင်ရွက်လျှင် ပိုမိုအောင်မြင်နိုင်ကြောင်း သီတဂူတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက ဇွန်လ ၁၈ ရက် နေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသော အသင်းအဖွဲ့ များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် မိန့်ကြားသည်။
"ဒီနေ့တက်ရောက်လာကြတဲ့ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့ အားလုံး ဟာ ခန္တီနဲ့ မေတ္တာထားပြီး သန္တီဆိုတဲ့ ငြိမ်းချမ်းမှုကို ရယူကြပါ။ အသင်းအဖွဲ့တွေဟာ ဘယ်လိုဆိုင်းဘုတ်ပဲတပ်တပ် အရေးမကြီးဘူး။ အရှိကိုကြည့်နိုင်ဖို့ အတော်အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း ၊ သံလွင်၊ စစ်တောင်းမြစ်တွေဟာ မြေကြီးပေါ်မှာရှိပြီး သူတို့ရဲ့ ဦးတည်ချက်ကတစ်ခုတည်း၊ နာမည်သာ ကွဲတာ နောက်ဆုံး ပင်လယ်ထဲမှာ ပေါင်းစုံရတယ်။ အဲဒီမြစ်တွေက ရေဟာလည်း အတူတူပဲ။ နာမည်ကို ဖောက်ပြီးတော့ ရေကိုရောက်အောင်ကြည့် ပါ"ဟု ဆရာတော်က မိန့်ကြားသည်။
"ဧရာဝတီကရေ ချင်းတွင်းနဲ့ လာမပေါင်းနဲ့လို့ ပြောလို့မရဘူး။ ငန်သော အရသာ၊ ပြာသောအဆင်းရှိတဲ့ ပင်လယ်ထဲမှာ တစ်ပေါင်း တည်း ဖြစ်သွားတယ်။ နာမည်ပေါ်မှာ ငြင်းခုံနေရင် ပင်လယ်ထဲကို တော်တော်နဲ့ရောက်မှာ မဟုတ်တော့ဘူး။ ဒီတော့ ကိုယ့်ပန်းတိုင် ဟာဘာလဲဆိုတာ မြင်အောင်ကြည့်ပြီး ရောက်အောင် ကြိုးစားကြပါ။ ကုန်းမြေပေါ်မှာနေရင်း နာမည်လေးတွေအပေါ်မှာ ငြင်းခုံမနေ ကြပါနဲ့။ ပင်လယ်နဲ့တူတဲ့ ပန်းတိုင်ကို ရောက်ဖို့ ညီညွတ်ကြပါ" ဟု ဆရာတော် က မိန့်ကြားသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော် ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အစိုးရထိပ်တန်း တာဝန်ရှိသူများ၊ အလှူရှင်များနှင့် နိုင်ငံတကာ သံတမန် များ တက်ရောက်ခဲ့ကြသည်။
ဇွန်လ ၁၈ ရက်နေ့တွင်မူ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကို ဖိတ်ကြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
"ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတာတွေကို ခွာထား အားလုံးဟာ လူသား၊ လူသား ဆိုတာကို မြင်အောင်ကြည့်ကြပါ။ အချင်းချင်း ချစ်ခင် သောမျက်လုံးနဲ့ ကြည့်နိုင်ကြပါစေ" ဟု ဆရာတော်က မိန့်သည်။
ဆရာတော်က လူမှုအဖွဲ့အစည်းများသည် အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ဗုဒ္ဓဟောကြား ဆုံးမခဲ့သော တရားတော်များကိုလက်ကိုင်ထားကြရန်လည်း တိုက်တွန်းပြော ကြားခဲ့သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် လူပုဂ္ဂိုလ်များအတွက် အသုံးချ ဗုဒ္ဓဘာသာသင်တန်းများကို ဇူလိုင်လ ၈ ရက်နေ့မှစတင်ခါ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေကို လက်တွေ့ဘ၀မှာ ဘယ်လို အကျိုးရှိအောင် အသုံးချလို့ရတယ်။ ဘယ်လိုလေ့လာ ကျင့်သုံးသင့်တယ်ဆိုတာကို ဘုန်းကြီး၊ သီလရှင်တွေလိုပဲ လူတွေကို စနစ်တကျသင်ကြားပေးသွားဖို့ရှိတယ်"ဟု ဆရာတော်ကြီးက အဆိုပါပွဲတွင် မိန့်ကြားသည်။