Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

တိုင်းပြည်အကျိုးအတွက် ညီညွတ်စွာ စုပေါင်းလုပ်ဆောင်ကြရန် သီတဂူဆရာတော်ကြီးက တိုက်တွန်း

ချယ်ရီသိန်း
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)

အခမ်းအနားသို့တက်ရောက်လာသော နိုင်ငံတော်အကြီး အကဲများက ဆရာတော်အား တွေ့ဆုံနေစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်
တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်သောကိစ္စများတွင် လူမှုရေး၊ ဘာသာရေး စသော အသင်းအဖွဲ့များအချင်းချင်း ညီညွတ်စွာ၊ စုပေါင်း ဆောင်ရွက်လျှင် ပိုမိုအောင်မြင်နိုင်ကြောင်း သီတဂူတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက ဇွန်လ ၁၈ ရက် နေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသော အသင်းအဖွဲ့ များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် မိန့်ကြားသည်။
"ဒီနေ့တက်ရောက်လာကြတဲ့ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့ အားလုံး ဟာ ခန္တီနဲ့ မေတ္တာထားပြီး သန္တီဆိုတဲ့ ငြိမ်းချမ်းမှုကို ရယူကြပါ။ အသင်းအဖွဲ့တွေဟာ ဘယ်လိုဆိုင်းဘုတ်ပဲတပ်တပ် အရေးမကြီးဘူး။ အရှိကိုကြည့်နိုင်ဖို့ အတော်အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း ၊ သံလွင်၊ စစ်တောင်းမြစ်တွေဟာ မြေကြီးပေါ်မှာရှိပြီး သူတို့ရဲ့ ဦးတည်ချက်ကတစ်ခုတည်း၊ နာမည်သာ ကွဲတာ နောက်ဆုံး ပင်လယ်ထဲမှာ ပေါင်းစုံရတယ်။ အဲဒီမြစ်တွေက ရေဟာလည်း အတူတူပဲ။ နာမည်ကို ဖောက်ပြီးတော့ ရေကိုရောက်အောင်ကြည့် ပါ"ဟု ဆရာတော်က မိန့်ကြားသည်။
"ဧရာဝတီကရေ ချင်းတွင်းနဲ့ လာမပေါင်းနဲ့လို့ ပြောလို့မရဘူး။ ငန်သော အရသာ၊ ပြာသောအဆင်းရှိတဲ့ ပင်လယ်ထဲမှာ တစ်ပေါင်း တည်း ဖြစ်သွားတယ်။ နာမည်ပေါ်မှာ ငြင်းခုံနေရင် ပင်လယ်ထဲကို တော်တော်နဲ့ရောက်မှာ မဟုတ်တော့ဘူး။ ဒီတော့ ကိုယ့်ပန်းတိုင် ဟာဘာလဲဆိုတာ မြင်အောင်ကြည့်ပြီး ရောက်အောင် ကြိုးစားကြပါ။ ကုန်းမြေပေါ်မှာနေရင်း နာမည်လေးတွေအပေါ်မှာ ငြင်းခုံမနေ ကြပါနဲ့။ ပင်လယ်နဲ့တူတဲ့ ပန်းတိုင်ကို ရောက်ဖို့ ညီညွတ်ကြပါ" ဟု ဆရာတော် က မိန့်ကြားသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော် ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အစိုးရထိပ်တန်း တာဝန်ရှိသူများ၊ အလှူရှင်များနှင့် နိုင်ငံတကာ သံတမန် များ တက်ရောက်ခဲ့ကြသည်။
ဇွန်လ ၁၈ ရက်နေ့တွင်မူ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကို ဖိတ်ကြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
"ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတာတွေကို ခွာထား အားလုံးဟာ လူသား၊ လူသား ဆိုတာကို မြင်အောင်ကြည့်ကြပါ။ အချင်းချင်း ချစ်ခင် သောမျက်လုံးနဲ့ ကြည့်နိုင်ကြပါစေ" ဟု ဆရာတော်က မိန့်သည်။
ဆရာတော်က လူမှုအဖွဲ့အစည်းများသည် အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ဗုဒ္ဓဟောကြား ဆုံးမခဲ့သော တရားတော်များကိုလက်ကိုင်ထားကြရန်လည်း တိုက်တွန်းပြော ကြားခဲ့သည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် လူပုဂ္ဂိုလ်များအတွက် အသုံးချ ဗုဒ္ဓဘာသာသင်တန်းများကို ဇူလိုင်လ ၈ ရက်နေ့မှစတင်ခါ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေကို လက်တွေ့ဘ၀မှာ ဘယ်လို အကျိုးရှိအောင် အသုံးချလို့ရတယ်။ ဘယ်လိုလေ့လာ ကျင့်သုံးသင့်တယ်ဆိုတာကို ဘုန်းကြီး၊ သီလရှင်တွေလိုပဲ လူတွေကို စနစ်တကျသင်ကြားပေးသွားဖို့ရှိတယ်"ဟု ဆရာတော်ကြီးက အဆိုပါပွဲတွင် မိန့်ကြားသည်။
 

No comments: