Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မှုစီမံကိန်းကို ကဏ္ဍစုံမှ ပညာရှင်များက ထောက်ပြလျက်ရှိ

အိအိတိုးလွင်
အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)
ထုံးဘိုမြို့အနီး ဧရာဝတီမြစ်ကမ်းနံဘေး အကောက်တောင်ရှိ ဘုရားပုထိုးရုပ်ထုများ။
ဓာတ်ပုံ-ကောင်းထက်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးထိခိုက်မှုများအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်သည်ဟူသောအမြင်ဖြင့် ကဏ္ဍစုံမှ ပညာရှင်များက အဆက်မပြတ် ဝေဖန်ထောက်ပြလျက်ရှိသကဲ့သို့ ဧရာဝတီရှေ့ရေးနှင့်ပတ်သက်၍ အများပြည်သူ၏ စိတ်ဝင်စားမှုများ မှာလည်း ပိုမိုမြင့်တက်လာနေလျက်ရှိနေသည်ကို ပြီးခဲ့သည့် သီတင်း ပတ်များ၌ ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်းနှင့် ဧရာဝတီမြစ်ဆိုင်ရာ ဟောပြောပွဲများ၌ တွေ့ရှိရသည်။
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) တို့သည် မြန်မာနိုင်ငံ၏ အဓိက မြစ်တစ်စင်း ဖြစ်သော ဧရာဝတီမြစ် စတင်ရာ မြစ်ဆုံအပါအ၀င် မေခနှင့်မလိခ မြစ်ပေါ်တွင် ဆည်ခုနစ်ခု တည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းစီမံကိန်းအား CPI က ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသများတွင် သစ်တောများပြုန်းတီးလာခြင်း၊ မြစ်လက်တက်များတွင် ဆည်တည်ဆောက်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တုများ အလွန်အကျွံ တူးဖော်ခြင်း၊ မြစ်ကမ်းနံဘေးတွင် ဓာတ်မြေ ဩဇာစက်ရုံများ တည်ဆောက်ခြင်း၊ ရွှေ့ပြောင်းတောင် ယာနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း စသည်တို့ကြောင့် သောက်သုံးရေ ရှားပါးလာခြင်း၊ သောင်ထွန်းမှု ပိုမို များပြားလာသဖြင့် ရေကြောင်းသွားလာမှု ခက်ခဲလာခြင်း၊ ငါးသယံဇာတ ရှားပါးလာ ခြင်းနှင့် မြစ်ကျိုးအင်းများ တိမ်ကောလာမှု တို့ကြောင့် ဒေသခံ လူထုများ အသက်မွေးမှုကို ထိခိုက်ခြင်း၊ မိုးတွင်းကာလတွင် မြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးမှုတို့ ကြုံတွေ့နေရကြောင်း သိရသည်။
သို့ဖြစ်၍ မြစ်၏အထက်ပိုင်း မြစ်ဆုံ ဒေသတွင် ရေများကို ပိတ်ဆို့၍ ဆည် တည်ဆောက်ပါက ယခုရင်ဆိုင်နေရသော အခြေအနေ များကို ပိုမိုဆိုးရွား သွားစေနိုင်ပြီး မြစ်တိမ်ကောမည့် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပညာရှင်များကထောက်ပြလာသည်။
"ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေအား လျှပ်စစ်ထုတ်ပြီး ရောင်းစားတာကတော့ စီးပွားရေးအရ မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လုပ်ရမှာပါပဲ။ ဒါပေမယ့်လည်း စီးပွားရေးအရလုပ်တဲ့အခါ အဲဒီဒေသရဲ့ ရေဝေရေလဲတောတောင်တွေကို သေချာထိန်းဖို့ လိုတယ်။ ၁၉၈၀ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ)က ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရဲ့ နုန်းပို့ချမှုကို နှစ်စဉ် မက်ထရစ်တန် ၂၉၉ သန်း ရှိတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုလက်ရှိ မှာတော့ မက်ထရစ်တန် ၄၀၀ လောက် ရှိနေပါပြီ။ ဒါကြောင့်လည်း မြစ်ကြောင်းတွေက တဖြည်းဖြည်းကျဉ်းလာတာကို တွေ့နေရတယ်" ဟု သစ်တောသယံဇာတနှင့် ပတ်ဝန်း ကျင်ဖွံ့ဖြိုးတိုးတက်မှုထိန်းသိမ်းရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
ဧရာဝတီမြစ်ဆုံဒေသသည် ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသရင်းအပင်များ ပေါများစုံလင်လှပြီး ကမ္ဘာ့ရှားပါး သစ်ခွများကို တစ်နေရာတည်း၌ စုံလင်စွာတွေ့နိုင်သော နေရာတစ်ခုဖြစ်ကြောင်း သစ်ခွပန်းသုတေသန ပညာရှင် ဒေါက်တာစောလွင်က ပြောသည်။
မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကမူ မြစ်ဆုံဒေသတွင် ဆည်ဆောက်လုပ်ခြင်းသည် အလွန်ကြီးမားသော စွန့်စားမှုပင် ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
မိုးလေ၀သဆိုင်ရာ အချက်အလက်များအရ ကချင် ပြည်နယ်သည် မိုးရေချိန်လက်မ ၄၀ အောက် လျော့သောဒေသတွင် ပါဝင်ပြီး ထူးခြားချက်မှာ ရရှိသောမိုးရေထက် အငွေ့ပြန်မှုမှာ ပိုမိုများသဖြင့် အမြဲရေလိုအပ်နေပြီး ဆည်ရေကိုသာ အားထားရသော ဒေသ ဖြစ်ကြောင်း သိရသည်။
"ဧရာဝတီက အလယ်ပိုင်းဒေသရဲ့ အသက်ပဲ။ ဧရာဝတီသာ အတိမ်း အစောင်းဖြစ်ရင်၊ မြစ်ရေတင်စီမံကိန်းတွေ မလုပ်နိုင်ဘူးဆိုရင် အလယ်ပိုင်းဒေသရဲ့လူမှုစီးပွားရေးဟာ ပြောင်းလဲသွားမှာ အသေအချာပါပဲ။ "ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အစီရင်ခံစာအရ နောက် ၂၀၂၀၊ ၂၀၅၀၊ ၂၁၀၀ အတွက် မိုးရေချိန် အနည်းဆုံးရမယ့်ဒေသက အလယ်ပိုင်းဒေသပဲ။ ဒီနေရာက မိုးများလည်း ပြဿနာ၊ မိုးနည်းလည်း ပြဿနာပဲ။ မိုးများပြီး မနိုင်လို့ ဆည် ရေဖောက်ချင်ရင် ဘယ်ကိုသွားမလဲ။ ဆည်ကျိုးသွားရင် ဘယ်လိုလုပ်မလဲ။ "နောက်ပြီး မြန်မာနိုင်ငံမှာ ငလျင်ကြော ငါးခုရှိတယ်။ မြန်မာပြည် မြောက်ပိုင်းက ငလျင်လှုပ်နိုင်ခြေ အများဆုံးရှိတဲ့ အထဲမှာ ပါတယ်"ဟု ဒေါက်တာထွန်းလွင်က စက်တင်ဘာ လ ၂၁ ရက်နေ့ တော်ဝင်နှင်းဆီ တွင်ပြုလုပ်သော 'ဧရာဝတီကိုတော့ မလွမ်းချင်ပါ' စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားသည်။
ဆည်များဆောက်လုပ်ခြင်းသည် စနစ်တကျဆောက်လုပ်ပါက ဒေသခံ ပြည်သူများအတွက် ဆိုးကျိုးများ ရှိသော်လည်း ကြီးမားသော အကျိုး ကျေးဇူးများကိုလည်း ရရှိစေနိုင်ကြောင်း ဆည်ဆောက်လုပ်ရေး ကျွမ်းကျင်သူများက ဆိုသည်။
ဆည်မြောင်းဦးစီးဌာန၊ ဒီဇိုင်းပုံ ထုတ်ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ဦးလှချစ်က "၁၉၇၄ ခုနှစ်လောက်က ဧရာဝတီမြစ် ရေကြီးတဲ့အတွက် မြစ်ဝ ကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းက လယ်မြေတွေ တော်တော်လေး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နှစ်စဉ် ရေကြီးမှု တွေကိုကာကွယ်ဖို့အတွက် ၂၀၀၂ ခုနှစ်မှာ အစိုးရကို ဧရာဝတီ ဘက်စုံရေလှောင်တမံစီမံကိန်း ဒီဇိုင်းရေးဆွဲပြီး တင်ပြခဲ့တယ်။ အဲဒီစီမံ ကိန်းအဆိုပြုထားတဲ့နေရာက အခု မြစ်ဆုံနေရာပါပဲ"ဟု ပြောသည်။
အဆိုပါ ဘက်စုံရေလှောင်တမံစီမံ ကိန်းတွင် တမံအမြင့် ပေ ၅၀၀ ပတ်လည်ရေလှောင်တမံ တည်ဆောက်၍ မိုးတွင်းကာလတွင် သို လှောင်ရေဧက ပေ ၃၄ သန်း စုစည်း နိုင်ပါက ရေကြီးမှုများကို ကာကွယ်ပေးနိုင်ပြီး လှောင်ထားသောရေများကို နွေရာသီတွင် ပြန်လည်ထုတ် လွှတ်ပေးပါက မြစ်ရေမြင့်တက်လာကာ ရေကြောင်းသွားလာရေးကို လွယ်ကူစေနိုင်ခြင်း၊ နွေရာသီတွင် မြစ်အတွင်း ပင်လယ်ရေငန်တိုးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ရရှိလာမည့် လျှပ်စစ်ဓာတ်အားဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်မြောက်ပိုင်းတွင် ရေစုပ်စက်များဖြင့် မြစ်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း စသည့် ကြီးမားသောကောင်းကျိုးများကို ရရှိစေနိုင်ကြောင်း သိရသည်။
"အခု တရုတ်နဲ့ဆောက်မယ့်ဆည်ကတော့ ဧက ပေ ၁၀ သန်းလောက်ပဲ လှောင်မယ်လို့သိရတယ်။ ဒါဆိုရင် တရုတ်အတွက် လျှပ်စစ်ရ ပေမယ့် မြန်မာအတွက်ကတော့ အကျိုးအမြတ်မရတာတော့ အမှန်ပါပဲ။ မြစ်ဆုံမှာ ကြီးမားတဲ့ဆည်ဆောက်မယ်ဆိုရင် ဘက်စုံဖြစ် အောင် ကြိုးစား ဖို့လည်းလိုတယ်။ ရရှိဖို့လည်း လိုတယ်။ တရုတ်ဘက်ကဆွဲတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် အထက်ပါအချက် လေးချက်ကို ပြန်လည်စဉ်းစားဖို့ အဆိုပြုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
Eleven Media Group ၏ အမှု ဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်က စီးပွားရေးဆိုင်ရာ အကျိုးအမြတ်နှင့်ပတ်သက်၍ "CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့နိုင်ငံဟာ ဒေါ်လာ ၄၇ ဘီလျံရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှု စစ်တမ်းမှာ ရေအားလျှပ်စစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ၁၇ ဘီလျံရမယ်လို့ ပြောတယ်။ ဒီအချက် ဟာ ကျွန်တော်တို့ မီဒီယာကပြောရင် ထောက်ပြစရာအချက် ဖြစ်ပါတယ်။ သူက ဒီလိုအဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ၀န်ကြီးဌာနအဆင့်ဆင့်ရော၊ ရှေ့နေချုပ်ရုံးတွေ တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်မယ်။ ၁၇ ဘီလျံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲ ရမယ်။ မြစ်ကြောင်း ထိန်းသိမ်း ရေး အတွက် သန်း ၁၀၀ လောက် အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်းထိန်းသိမ်းရေးပဲ ရှိသေးတယ်။ အောက်မှာ ဆုံးရှုံးသွားတာတွေ ရှိသေးတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ကျွန်တော်တို့ လုံးဝ မေးစရာမလိုပါဘူး။ သဘာဝဓာတ်ငွေ့က ငါးနှစ်အတွင်းရှာတာ ၁၂ ဘီလျံ ရှိတယ်။ ကျောက်စိမ်းက ငါးနှစ်အတွင်းရှာတာ ငါးဘီလျံ ရှိတယ်။ ဒါတွေတွက်ချက်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ်က ငွေဘာမှာ မလိုပါဘူး"ဟု သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ ပညာရှင်များနှင့် ပြည်သူလူထုက အဆိုပါ စီမံကိန်းရပ်တန့်ရေး အတွက် နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 

ဦးကျော်သူရဲ့ post လေးကို share ထားပါသည်။

http://www.facebook.com/media/set/?set=a.10150326125591698.358645.174427511697 

ဧရာဝတီရဲ့ ပဲ့တင်သံများ

By Kyaw Thu (Albums) · Updated on Saturday · Taken at Yangon, Myanmar.
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံ လူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် ကဗျာဆရာ (၁၅) ဦးမှ ကဗျာများ ရွတ်ဆိုခဲ့ကာ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ရသ၊ တို့မှ ဧရာဝတီလှုံ့ဆော်မှု သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့်တို့မှလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ကန့်ကွက် ကြောင်း ဟောပြောခဲ့သည်။ ကိုယ်တိုင် မတက်ရောက်နိုင်သော စာရေးဆရာများ၊ တတ်သိပညာရှင် များ၏ စာတန်းများ၊ အက်ဆေးများကို လူငယ်များမှ ဖတ်ကြားရွတ်ဆိုခဲ့သည်။ ဗွီဒီယိုပြကွက်များ အဖြစ် ဘဘဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဆရာအောင်သင်းတို့ရဲ့ ဧရာဝတီနဲ့ပတ်သတ်သည့် လူငယ်တွေအပေါ် မှာကြားချက်တွေကိုလည်း ပြသခဲ့သည်။ ထို့နောက် လူငယ်များရဲ့ ဧရာဝတီ ဆွေးနွေးပွဲအား တတ်ရောက်လာကြသော လူထုပရိသတ်ထဲမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သည့်နောက် အခမ်းအနားရုပ်သိမ်းချိန်တွင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့ဦးဆောင်၍ ထူးအိမ်သင် ရေးစပ်သီဆိုထားသည့် “ရာဇ၀င်များရဲ့ သတို့သမီး” သီချင်းအား တက်ရောက်လာကြသော ဧရာဝတီ ကို ချစ်မြတ်နိုးသော လူမျိုးဘာသာပေါင်းစုံတို့က ၀ိုင်းဝန်းကြွေးကြော် တက်ကြွစွာဖြင့် သီဆိုကြကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတော့သည်။ ယခု လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံ ပွဲသည် ယခင့် ယခင်များက ကျင်းပခဲ့သော ပွဲများနှင့်မတူ ထူးခြားလှစွာဖြင့် တက်ရောက်ကြသော ဧရာဝတီအား စိတ်ပါဝင်စားသော ဧည့်ပရိတ်သတ်များသည် လူဦးရေအားဖြင့် (၅၀၀) ကျော်တို့ တက်ရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အစည်းအဝေးကျင်းပရာ ခန်းမဆောင်တစ်ခု ထဲဖြင့် မလုံလောက်သဖြင့် စာသင်ခန်း တစ်ခန်းကိုပါ ပရိုဂျက်တာထိုး၍ ပြသကာ အမေးအဖြေကဏ္ဍ အတွက်ပါ မိုက်ကရိုဖုန်းများပါ ဆင့်ပွားထားရှိ ကျင်းပပေးခဲ့ရသည်။

လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ၌ ခံစားမှုများ ဖော်ထုတ်ကြသော ရင်ခုန်သံစကားများ ထဲမှ ကောက်နှုတ်ချက်များ -
“မေခနဲ့မလိခ ပေါင်းစည်းမှ အရှိန်အဟုန်ကြီးမားတဲ့ ဧရာဝတီပေါ်ပေါက်လာတာ။ ကျွန်တော်တို့က မေခဆိုရင် အစိုးရက မလိခ။ အစိုးရက မလိခဆိုရင် ကျွန်တော်တို့က မေခ။ ဒါကြောင့် မြစ်ဆုံကိစ္စကို ဆုံးဖြတ်ချက်ချမယ့် လွှတ်တော်အနေနဲ့ မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်သင့်တယ်။ တိမ်းစောင်းပြီး ဇောက်ထိုးဆုံးဖြတ်လိုက်ရင် ပြည်သူနဲ့ အစိုးရ တစ်ကွဲစီဖြစ်သွားမယ်။ မြန်မာပြည်ကြီးကို ဇောက်ထိုး တော့ မကြည့်သင့်။” (ကျော်သူ)

“ဧရာဝတီကို ပိတ်ဆို့တားဆီးတာဟာ အနုပညာကို ပိတ်ဆို့ထားသလို ခံစားရတယ်။” (ကိုရဲလွင် - မဇ္စျိမလှိုင်း)

“ဧရာဝတီပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ အခုလို ပိတ်ဆို့တားဆီးတာမျိုး မဖြစ်သင့်။” (ရဲတိုက်)

“တမျိုးသားလုံးနှင့် သက်ဆိုင်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ရုပ်သိမ်းပေးမှုကိစ္စရပ်အား ထပ်မံ၍ အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်ကြဖို့လိုကြောင်း” (ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်)

“အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ ပြုပြင်ပြောင်းလဲမှုကို လိုတယ်လို့ ပြောထားသလို ဧရာဝတီနဲ့ ပတ်သက်ပြီး မြစ်ကောရန် အရင်မလုပ်ကြပါနဲ့ စစ်ကောရန်သာ အရင်လုပ် ကြပါ” (ဒေါ်ဒေ၀ီသန့်စင်)

“သမိုင်းတရားခံ မဖြစ်ပါစေနဲ့၊ မင်းတို့နားထောင် ပြည်သူတွေနဲ့ ဧရာဝတီရုပ်ရှင်မှာ မင်းတို့ဗီလိန် မဖြစ်စေနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးသလို မြစ်အခွင့်အရေးဟာလည်း အရေးကြီးတယ်။” (ဦးကောဝိသ - မန္တလေး)

“သို့ ဧရာဝတီ,
ထီးနန်းမပြုတ် ဆုတ်ခွာစေ၊
လာမဲ့ဘေး ဝေးပါစေ၊
ရေစီးရေလာ ကောင်းပါစေ”
(ကဗျာဆရာ မောင်ပိုင်စိုး)

“ကျွန်တော် ပြည်ဘက်ကို သွားတဲ့အချိန်မှာ ဧရာဝတီမြစ်ဟာ အလယ်မှာ သောင်ထွန်းနေတယ်။ ၁၉၈၉ ခုနှစ်လောက်က အခုတော့ အဲဒီသောင်ပြင်ဟာ သောင်မဟုတ်တော့ပါဘူး လူတွေတောင် တက် နေနေကြပါပြီ။ သဘာဝပတ်ဝန်းကျင်ဟာ ပြောင်းလဲလာ ပြောင်းလဲလာ ဒီဆည်မဆောက်ခင် ကလည်း ပြောင်းလဲတာပါ။ ကျွန်တော်တို့ အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ဖို့ပါပဲ။ ကျွန်တော်တို့ က ဧရာဝတီအကြောင်း သီချင်းလေး မဆိုပါဘူး။ ကျွန်တော်တို့ သီချင်းလေးပဲ ကျွန်တော်တို့ ဆိုပါမယ်။ ကျွန်တော်တို့သီချင်းက စစချင်းရောက်လာတော့ အကုန်လုံးထကြ အကုန်လုံးထကဆိုတော့ ကျွန်တော်တို့ဗမာပြည်က ရှိတဲ့လူတွေ အကုန်လုံးကို လှုပ်နိုးဖို့ပဲ ကျွန်တော်တို့ လာတာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရိုးရိုးတန်းတန်း လမ်းမပေါ်က လူတွေကို ရှေ့ဆက်လျှောက်ဖို့ အတွက်ပါ။” (အနဂ္ဂ)

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးတွေအများကြီး ရှိပါတယ်။ အဲဒီမြစ်ကြီးတွေထဲမှာမှ ဧရာဝတီမြစ် ကြီးဟာ မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားပြီးတော့ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်နှင့် အတူတူ ရှင်သန် လာခဲ့တဲ့ ပါရမီဖြည့်ဘက်ကြီးတစ်ပါးလို့ ပြောလို့ရပါတယ်။ ဒီ ပါရမီဖြည့်ဘက်ကြီးဟာ ကျွန်တော်တို့ ခေတ်ရောက်တော့မှ အသက်လည်း အိုမင်းလာပြီ။ သူ့ကို ဘေးကနေပြီးတော့ စောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုရင် သူ့မှာ သေဆုံးရမယ့်အချိန် သူ့မှာရှိပါတယ်။ ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ တရားပါ။ ဒီတော့ ဧရာဝတီ မြစ်ကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။” (ရသ)

“အန်ကယ်က အခုအသက် (၈၅)နှစ် ရှိပြီ။ အန်ကယ်တို့ ဧရာဝတီမြစ်ဆုံကို (၃) ခေါက်ရောက်တယ်။ ၁၉၈၅ ခုနှစ်က ရောက်တာ ရေကလည်း ကြည်တယ်။ ငါးတွေက အများကြီးပဲရှိတယ်။ အရမ်းကို ကျက်သရေရှိတယ်။ နောက်တစ်ခေါက်ရောက်တာက ၂၀၀၇ ခုနှစ်ရောက်တော့ အခြေအနေ တော်တော်ဆိုးတယ်။ တတိယအကြိမ်ရောက်တော့ ၂၀၀၉ တော်တော်လေးကို ဆိုးသွားပြီ။ မေခဟာ အင်မတန် ရေစီးကြမ်းပါတယ်။ မလိခဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ ဒီ ဧရာဝတီကို ဘယ်အချိန်ကမှ ဆည်ဆောက်တာကို သဘောမတူဘူး။ ကန့်ကွက်ခဲ့ကြတယ်။ သို့သော်လည်း နိုင်ငံရဲ့အကျိုး ဖွံ့ဖြိုးမှု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ရမယ့်တာဝန်ပါ။ သို့သော်ဖွံ့ဖြိုးတိုးတက်မှု လုပ်တိုင်းလဲ အကောင်းတွေပဲ မဟုတ်ဘူး။ အကောင်းအဆိုးဆိုတာ ရှိတယ်။ ဧရာဝတီမြစ်ဆုံကို (၂)နှစ်လောက် လေ့လာပြီးတော့ လုပ်မယ်ပြုမယ်ဆိုရင် ကမ္ဘာအရပ်ရပ်က ဆည်တွေတောင် (၁၀)နှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင်ရတယ်။ အဲဒီတော့ ဧရာဝတီကို ဗမာပြည်မှာစပြီးတော့ စီးဆင်းတဲ့အခါ ဗမာ့အသက်သွေးကြော ဧရာဝတီမြစ်ဟာ တကယ်တော့ ဗမာလို့ပြောတာတောင်မှ လုံလောက်ပါတယ်။ ကမ္ဘာမြစ်ကြီး (၁၃) သွယ်မှာ ဧရာဝတီမြစ်ကြီးပါတယ်။ အဲလောက် ထင်ရှားပြီးတော့ ကောတော့မယ်။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမယ်။ ပြုပြင်ရမယ်။” (ဦးအုန်း)

သမ္မတ အကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံ စီမံကိန်းပေါ် အမြင်။

သမ္မတ အကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံ စီမံကိန်းပေါ် အမြင်

by Lu Cifer on Saturday, September 17, 2011 at 9:33pm
သမ္မတ ဦးသိန်းစိန်ရုံး၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ရေးသားပေးပို့လာသော စာတစောင်ဖြစ်ပါသည်။

ဒေါက်တာမြင့်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သော ကချင်ခေါင်းဆောင် တဦး၏ သားဖြစ်သူ ဒူဝါဇော်ဂမ်နှင့် လွန်ခဲ့သော တနှစ်ကျော်ကျော်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့သည်။

  နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂ဝ၁ဝ ပြည့်နှစ် ကြာသပတေးနေ့ ၊ နံနက်ပိုင်း (၉:၁၅)
Howa Duma Zau Gam နေအိမ်  မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်



ပင်လုံ စာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ Duwa Zau Gam ၏ အမြင်နှင့် ပြောဆိုချက်။

၁၉၈၇ ခုနှစ်တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေ ကြားတော့ ဘာမှန်းလဲ မသိ၊ ထွက်ပြေးမယ် လုပ်ပြီး အပြင်ကို ကြည့်လိုက်တော့မှ ရေတွေနဲ့ အတူတူ ညောင်ပင်ကြီးတွေ၊ သစ်ပင် ကြီးတွေ မျောပါ လာတာ တွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း သဲကန္တာရ လို သဲတွေ ဖုံးကျန်ခဲ့ပြီးတော့၊
တော်တော်နဲ့ ပြန်ပြီး စိုက်ပျိုးစားလို့ မရတော့ဘူး။ ဗန်းမော်၊ စိန်လုံဖက်မှာ လည်း တောင်ကြီးတွေ၊ မြေပြို ကျပြီး သစ်ပင်တွေ၊ ရေထဲမျောပါတာ ကြုံတွေ့ဖူးတယ်။

“မော်ရို” ဆိုတာ ကချင်စကား၊ တောင်တွေ ကွဲပြီး ပြိုကျတာကို ပြောတာ။ ၂ဝဝ၄ ခုနှစ် ရေကြီးတုန်းကလည်း “ကျိန်ခရမ်” ရေအား လျှပ်စစ်က ခြောက်နေရာတောင် တောင်ကွဲပြီး ပြိုကျတာ။ ရေတံခွန်လိုပဲ ရေလုံးကြီးတွေ တောင်ပေါ်က “ဝုန်း” ကနဲပြိုကျတာ၊ သစ်ပင်ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး။ မကြာခင်မှာပဲ “တန်ဖရဲ” ချောင်းဘေးနားက အိမ်တွေ အကုန်ရေထဲ မျောပါသွားပြီ။ ဒါတွေကိုမြင်ဘူး၊ ကြုံဘူးတော့၊ ဘဝမှာ ဒါတွေဟာ မီးမောင်းထိုးပြသလို ကြောက်စိတ်တွေ၊ ဒဏ်ရာတွေ အဖြစ်ကျန်ခဲ့တယ်။

ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ ထိုးချလိုက်သလိုပဲ။ အသံကျယ်ကြီးတွေကြားရပြီး ဟိုဖက်နားက ကပ်ပြီးကျော်သွားတယ်။ ငလျှင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့ အတိုင်းပဲ။ အဲဒီတုန်းကမြင်ကွင်းနဲ့ ခံစားချက်တွေဟာ ခုထက်ထိစိတ်ထဲမှာ ဒဏ်ရာဖြစ်နေတယ်။ ရေဟာခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့လုံးဝ မရဘူး။ ရေစီးက တအားမြန်တယ်။

ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။ 
   
ဘဝမှာကြုံဘူးတော့ ဒါတွေကိုတွေးရင်တောင် ကြောက်တယ်။ ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ တရုတ် ခေါင်းဆောင်တွေလား။ ဗမာ ခေါင်းဆောင်တွေလား။ နေရာတိုင်း၊ အလုပ်တိုင်းမှာ အကျိုးနဲ့အပြစ် ဆိုတာရှိပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုးတွေပေါ့။ ဒီရေကာတာ လုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ဘယ်သူရမှာလဲ၊ သူတို့ယူသွားမှာ၊ ဆိုးကျိုးဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ။

ငွေရှိလို့ ပြန်လည် ထူထောင်နိုင်တယ် ဆိုရင်တောင် အိုးအိမ်တွေပဲ ပြန်ဆောက်လို့ ရမယ်။ စိတ်မှာဖြစ်သွားတဲ့ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ပြန်ထူထောင်ဖို့ မလွယ်ဘူး။ သူတို့ တိုင်းပြည်မှာ ဒါတွေကြုံပြီးပြီ။ သင်ခန်းစာတွေ တပုံကြီးနဲ့၊ စိတ်ဓါတ်ကျ၊ ကြေက်စိတ်ဝင်သွားတဲ့ လူတွေရဲ့ကျဆင်းသွားတဲ့ စိတ်ဓါတ်ခွန်အား၊ လုပ်အား အားလုံးဟာ တိုင်းပြည်နဲ့ချီပြီး နစ်နာတယ်။ ဆိုတော့ကာ ... နိုင်ငံတော်ကရမဲ့ ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေး နစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား။

ဒီလို မဖြစ်စေရပါဘူးလို့  ဘယ်သူက အာမခံနိုင်လဲ။  ကိုယ့်အတွက် ကောင်းကျိုးက အလွန်နည်းပြီး ဆိုးကျိုးများနေတဲ့ ကိစ္စကို ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်... အားလုံး ဝိုင်းကန့်ကွက်ဖို့ လိုတယ်။

ဒီကနေ ကားဆီးပြီး ရေကာတာ ပိတ်လိုက်ရင် တောတောင်တွေထဲက သယ်ဆောင်လာတဲ့ မြေသြဇာတွေအားလုံး ဒီရေကာတာထဲမှာ ကျန်ခဲ့မယ်။ အောက်ပိုင်းကလူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစားလို့ကောင်းမှာ မဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီထိပဲ၊ တတိုင်းပြည်လုံး ဒုက္ခရောက်မဲ့ကိစ္စ အားလုံးနဲ့ ဆိုင်တယ်။

တရုတ် စကားပုံရှိတယ် “သေဖို့ မကြောက်ဘူး၊ ငတ်ဖို့ (မစားရ)မှာ ကြောက်တယ်။”
အသက်ရှင်နေစဉ် ကောင်းကောင်းစား၊ ဝဝစားနေချင်တဲ့စိတ်ဓါတ်၊ နောင်အတွက် မစဉ်းစားဘူး။ ညီအကို၊ သားအဖစိတ်တောင် မထားကြဘူး။ တော်တော်ကြောက်ဖို့ ကောင်းတယ်။

ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။

ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။
ဒါကြောင့် တော်တော်ကြေက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးက များနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံးလက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။

တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ အားလုံးဝိုင်းဝန်း တိုင်ပင် စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ရေးထားတာ ရှိတယ်။

“တိုင်ပင်ခြင်းမရှိတဲ့ အလုပ်(စီမံကိန်း)ဟာ ပျက်စီးတတ်တယ်။”
များများ တိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများ ရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကို သိစေချင်တယ်။

သဘာဝဘေးဒဏ် (ဆည်ကျိုးပေါက်မဲ့ ကိစ္စ၊ ရေများလာလို့၊ ငလျှင်လှုပ်လို့ .... အခြား...) သဘာဝဘေးဒဏ်ဆိုတာ
  • မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။
  • ကြိုပြီး တားထားလို့ မရဘူး။
  • ဖြစ်ရင်လဲ တားဆီးလို့ မရ။
  • ဘယ်လောက် အတိုင်းအတာထိလဲ ဆိုတာ တွက်ချက်လို့မရ။

ဒါကြောင့်မို့လို့ ဒီလုပ်ငန်း(Project) ကို အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး လိုမယ်လို့ မထင်ဘူး။
လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့  အဖက်ဖက်မှာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ်စားမဝင် အိပ်မပျော်ဘဲ အသက်ရှင်နေရတယ်။

မဇ္ဈိမသတင်းဌာန
စနေနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၄ မိနစ်

http://www.mizzimaburmese.com/edop/songpa/8339-2011-09-17-05-59-09.html

FACEBOOK မှ ကူးယူဖေါ်ပြချင်း ဖြစ်ပါသည်။ ( by Lu Cifer on Saturday, September 17, 2011 at 9:33pm )

ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြထားသော မြစ်ဆုံသတင်းအား ကူးယူဖေါ်ပြထားပါသည်။

မြစ်ဆုံအရေး တရားလွှတ်တော်ချုပ်တွင် မေးမည်

ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော နိုင်ငံရေးပါတီတချို့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့က လက်ရှိ အခြေအနေမှန်သိရှိရေးအတွက်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အရေးဆိုရန် ပြင်ဆင်နေကြသည်။

MM-Irrawaddy-Dam
ဧရာဝတီတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)

ဧရာဝတီမြစ် ကယ်တင်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ရေးအတွက် လှုံ့ဆော်နေကြသော်လည်း ယခုမှ ဥပဒေကြောင်းအရ စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။

“မြစ်ဆုံဆည် စီမံကိန်း၊  ဧရာဝတီ မြစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဖြေကြား ပေးဖို့ တောင်းဆိုတဲ့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားဖို့ လုပ်တာပါ” ဟု စီစဉ်နေသူတဦး ဖြစ်သည့် ဦးဝင်းချိုက ဧရာဝတီကို ယနေ့ ပြောပြသည်။

ရှေ့တော်သွင်းစာချွန်လွှာ တင်သွင်းတာဟာ တရားစွဲခြင်း မဟုတ်ကြောင်း၊ နိုင်ငံသားတဦးသိလိုသည့် အခြေအနေကို မေးမြန်း လျှောက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့် ရှေ့နေကြီးဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံသားအခွင့်အရေး ကိစ္စများ ပါရှိရာ နိုင်ငံသားတဦး သိရှိလိုသည့် အကြောင်းအရာများကို  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံတွင် စာချွန်လွှာ တောင်းခံ လျှောက်ထားပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ရှေ့တော်ပြေးစာချွန်လွှာ တင်သွင်းနိုင်ရေးအတွက် ဦးဝင်းချိုက လွှတ်တော် ကိုယ်စားလှယ်များထံ ယနေ့ အိတ်ဖွင့်ပေးစာ  ပေးပို့လိုက်သည်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ကြသူများဖြစ်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းချို၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာ၊ သံလျင်မြို့နယ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ ဦးစိုးကြည်၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးအောင်မျိုးဦး၊ ဗိုလ်တထောင်မြို့နယ်မှ ဦးမင်းအောင် တို့က ပူးပေါင်း စီစဉ်နေခြင်း ဖြစ်သည်။

ဥပဒေရေးရာ အကြံပေးနိုင်ရန်အတွက် ရန်ကုန်မြို့မှ ရှေ့နေ ဦးဟန်ရှင်ဝင်းက တာဝန်ယူထားသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ က၊ခ၊ ဂ၊ ဃ တွင် ဖော်ပြထားသည့် နိုင်ငံသား အခွင့်အရေးအတိုင်း တရားဝင် ဆန္ဒဖော်ထုတ်ခွင့်ကို ၎င်းတို့က ဇွန်လ ၅ ရက်နေ့တွင် တောင်းဆိုထားသည်။ သို့သော် သက်ဆိုင်ရာက ပယ်ချလိုက်ပြီး ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် စာဖြင့် တရားဝင် အကြောင်းပြန်ခဲ့သည်။

စီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး  လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။

ယမန်နေ့ကလည်း “ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ” အနေဖြင့် ဆန္ဒဖော်ထုတ်သူ တထောင်ကျော်၏ လက်မှတ်များကို  သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်း ဦးဆောင်လှုပ်ရှားသူများထဲတွင် ပါဝင်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ မနေ့က လက်မှတ်ပေါင်း ၁၆၀၀ ကို ရန်ကုန်စာတိုက်ကြီးကနေ သမ္မတဆီကို ပို့လိုက်ပါတယ်။ ဒုတိယ သမ္မတ နဲ့ ကျန်တဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကိုလည်း မြစ်ဆုံ အန္တရာယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင်း စာတွေကို မိတ္တူပို့ထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြတ်သူက ရှင်းပြသည်။

လက်မှတ်ထိုးသူများတွင် ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ကိုကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဦးအောင်သင်း၊ ဇော်ဇော်အောင်၊  မောင်ဝံသ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော် စသည့် နိုင်ငံရေး၊ စာပေနှင့် အနုပညာနယ်ပယ်များမှ ထင်ရှားသူများလည်းပါဝင်ကြောင်း ကိုမြတ်သူက ဆက်ပြောသည်။

ထပ်မံ စုဆောင်းရရှိသည့် လက်မှတ်များကိုလည်း သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု ဆိုသည်။

ဧရာဝတီ


 ဧရာဝတီ (စောဝေ)
အိုင်တီခေတ်ရဲ့ပင်လယ်ဝက
တိုင်းပြည်တပြည်ကိုဆန်ပြီး
နှလုံးသားထဲထိ ကြည့်မြင်ခံစားချင်တယ်ဆိုရင်
လူယဉ်ကျေးတို့မွေးဖွားရာမြေ
ဧရာဝတီ …..။

ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
စီးဝင်နေတဲ့
သန့်စင်မြစ်
ဧရာဝတီ …..။
သဘာဝရတနာသိုက်ရဲ့နို့ရည်
မြေရဲ့မေတ္တာကို အပြနိုင်ဆုံးစီးဆင်းမှု
သတ္တမြန်မာကိုအလုပ်အကျွေးဆုံးမြစ်
ဧရာဝတီ …..။

ရေအလျဉ်ထဲမှာတော့
အခမ်းနားဆုံးနဲ့ပေါကြွယ်ဝဆုံး
သမိုင်းများအစရဲ့ထိပ်ဆုံး
ကုံလုံကြွယ်ဝမှုတွေ လျှပ်လျှပ်ပြေးနေတဲ့
ဧရာဝတီ …..။

သူ့ကိုမေးတင်လာသမျှ
မြို့ရွာအိုးအိမ်အသက်တွေကို
သူ့သွေးတွေ မြစ်ရေတင် ဖြည့်ပေးမယ်
လူ့ဝမ်းစာတွေအတွက်
ကူဖော်လောင်ဖက်လင်းပိုင်တွေကို
ထွေးပိုက်ထားပေးမယ်
သူကလူလိုပါပဲ
တခါတရံ
ခက်ထန်တိုက်စားမယ်
ပျက်သုဉ်းရတာတွေရှိမယ်
ဒါပေမယ့် သောင်အဖြစ်နဲ့
မြို့မငြိမ်း ထွန်းခဲ့တယ်
ခင်ဝမ်း ထွန်းခဲ့တယ်
အဉ္ဇလီ မောင်မောင် ထွန်းခဲ့တယ်
ထူးအိမ်သင် ထွန်းခဲ့တယ် ........
အသံအဖြစ် ထွန်းခဲ့တယ် ........
စာအဖြစ် ထွန်းခဲ့တယ် ........
အနုပညာအဖြစ်ထွန်းခဲ့တယ် .......
သူရဲကောင်းတွေအဖြစ် ထွန်းခဲ့တယ် .......
အာဇာနည်တွေထွန်းခဲ့တယ်
တို့မြေရဲ့ ကြက်သီးထဖွယ်
မျိုးချစ်စိတ်ကိုတွေ့ချင်ရင်
ဧရာဝတီကို ငုံ့ကြည့်လိုက်ပါ
ထာဝရလက်လက်ထနေမြဲ
ဘယ်လောက်လှနေလဲဆို
တိုင်းပြည်တပြည်ရဲ့ရာဇ၀င်ကို
လက်ထပ်ပေါင်းဖော်ရမယ့် သတို့သမီး
သူ့ဝမ်းမှာ
သူရဲကောင်း မဟာသူရဲကောင်းတွေကို
အမြဲလွယ်ထား အမြဲမွေးဖွားစေခဲ့
ဧရာဝတီ …..။

မြန်မာ့မြေပေါ်မှာ
ဒီအမြဲမြစ်မရှိရင်
ဒီလောက်လှပါ့မလား
ဧရာဝတီ …..။

သူ့မျက်နှာထက်
ဖြတ်သွားဖြတ်လာ
ဗိုလ်မြတ်ထွန်း န၀ဒေး
မကွေး အင်းဝ
ရတနာပုံ ဗလမင်းထင်
တံတားကြီးခြောက်စင်း
အပြုံးမပျက် သယ်ပိုးထား
ဧရာဝတီ …..။

နေလစကြာဝဠာကြီးကို
အမြဲအပြုံးမြမြ နဲ့
တို့မြေကိုလှပစေခဲ့
ဧရာဝတီ …..။

သူ့ခေါင်းထက်က
ဆံနွယ်ပိုးသားလို
မေခ မလိခ ချင်းတွင်း
အပျိုစင်သတို့သမီးကို
ယင်ဖိုမသန်းရအောင်
လိုက်လံစောင့်ရှောက်နေတဲ့
စစ်တောင်းနဲ့သံလွင်မောင်ငယ်နှစ်စင်း
အိုင်တီသမိုင်းသစ်ရဲ့ထာဝရအပျိုစင်
ဧရာဝတီ …..။

တိုင်းပြည် တပြည်ရဲ့ မရှိမဖြစ်မြစ်
သမိုင်းဟောင်းတို့ထုပ်သိမ်းရာ
သမိုင်းသစ်တို့ချီတက်ရာ
မဟာရာဇ၀င်များရဲ့မိခင်သတို့သမီး
မရှိမဖြစ်မြစ် ဧရာဝတီ …..။

ဒီဧရာဝတီ စီးဆင်းတဲ့မြေမှာ
ငါတို့လဲ
မရှိမဖြစ် ဖြစ်ရမယ်
သိပ္ပံခေတ်ရဲ့ စီးဆင်းခြင်းမှာ
မီရာ ဥာဏ် မီရာလက်နဲ့
မရှိမဖြစ်ခေတ်ကိုဖြတ်သန်းမယ်
တနေ့
ဧရာဝတီလို ခိုင်မာရမယ်
ဧရာဝတီက အိုင်တီ ကိုအောင်ရမယ်
we must win
အားလုံး ဧရာဝတီ
ဧရာဝတီဆိုတာ
တို့အားလုံးပဲ
ဧရာဝတီ …..။ ။

(ဒီဇင်ဘာ ၁၅၊ ၂၀၀၇ မှ ဒီဇင်ဘာ ၂၅၊ ၂၀၀၇ အတွင်း ရေးသားသည်)
စာပေစိစစ်ရေးက စာပိုဒ် ၄ ပိုဒ် ဖြုတ်ခဲ့သည့် နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခံရသော ကဗျာဆရာ စောဝေ၏ ဧရာဝတီ ကဗျာ ဖြစ်သည်။
 http://www.deyea.org/2008/03/blog-post_1216.html

“ ချစ်သော ရာဇဝင်များရဲ့ သတို့သမီးအတွက့် အမှတ်တရ... ”