Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မှုစီမံကိန်းကို ကဏ္ဍစုံမှ ပညာရှင်များက ထောက်ပြလျက်ရှိ

အိအိတိုးလွင်
အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)
ထုံးဘိုမြို့အနီး ဧရာဝတီမြစ်ကမ်းနံဘေး အကောက်တောင်ရှိ ဘုရားပုထိုးရုပ်ထုများ။
ဓာတ်ပုံ-ကောင်းထက်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးထိခိုက်မှုများအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုထိခိုက်စေနိုင်သည်ဟူသောအမြင်ဖြင့် ကဏ္ဍစုံမှ ပညာရှင်များက အဆက်မပြတ် ဝေဖန်ထောက်ပြလျက်ရှိသကဲ့သို့ ဧရာဝတီရှေ့ရေးနှင့်ပတ်သက်၍ အများပြည်သူ၏ စိတ်ဝင်စားမှုများ မှာလည်း ပိုမိုမြင့်တက်လာနေလျက်ရှိနေသည်ကို ပြီးခဲ့သည့် သီတင်း ပတ်များ၌ ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်းနှင့် ဧရာဝတီမြစ်ဆိုင်ရာ ဟောပြောပွဲများ၌ တွေ့ရှိရသည်။
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) တို့သည် မြန်မာနိုင်ငံ၏ အဓိက မြစ်တစ်စင်း ဖြစ်သော ဧရာဝတီမြစ် စတင်ရာ မြစ်ဆုံအပါအ၀င် မေခနှင့်မလိခ မြစ်ပေါ်တွင် ဆည်ခုနစ်ခု တည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းစီမံကိန်းအား CPI က ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသများတွင် သစ်တောများပြုန်းတီးလာခြင်း၊ မြစ်လက်တက်များတွင် ဆည်တည်ဆောက်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တုများ အလွန်အကျွံ တူးဖော်ခြင်း၊ မြစ်ကမ်းနံဘေးတွင် ဓာတ်မြေ ဩဇာစက်ရုံများ တည်ဆောက်ခြင်း၊ ရွှေ့ပြောင်းတောင် ယာနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း စသည်တို့ကြောင့် သောက်သုံးရေ ရှားပါးလာခြင်း၊ သောင်ထွန်းမှု ပိုမို များပြားလာသဖြင့် ရေကြောင်းသွားလာမှု ခက်ခဲလာခြင်း၊ ငါးသယံဇာတ ရှားပါးလာ ခြင်းနှင့် မြစ်ကျိုးအင်းများ တိမ်ကောလာမှု တို့ကြောင့် ဒေသခံ လူထုများ အသက်မွေးမှုကို ထိခိုက်ခြင်း၊ မိုးတွင်းကာလတွင် မြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးမှုတို့ ကြုံတွေ့နေရကြောင်း သိရသည်။
သို့ဖြစ်၍ မြစ်၏အထက်ပိုင်း မြစ်ဆုံ ဒေသတွင် ရေများကို ပိတ်ဆို့၍ ဆည် တည်ဆောက်ပါက ယခုရင်ဆိုင်နေရသော အခြေအနေ များကို ပိုမိုဆိုးရွား သွားစေနိုင်ပြီး မြစ်တိမ်ကောမည့် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပညာရှင်များကထောက်ပြလာသည်။
"ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေအား လျှပ်စစ်ထုတ်ပြီး ရောင်းစားတာကတော့ စီးပွားရေးအရ မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လုပ်ရမှာပါပဲ။ ဒါပေမယ့်လည်း စီးပွားရေးအရလုပ်တဲ့အခါ အဲဒီဒေသရဲ့ ရေဝေရေလဲတောတောင်တွေကို သေချာထိန်းဖို့ လိုတယ်။ ၁၉၈၀ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ)က ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရဲ့ နုန်းပို့ချမှုကို နှစ်စဉ် မက်ထရစ်တန် ၂၉၉ သန်း ရှိတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုလက်ရှိ မှာတော့ မက်ထရစ်တန် ၄၀၀ လောက် ရှိနေပါပြီ။ ဒါကြောင့်လည်း မြစ်ကြောင်းတွေက တဖြည်းဖြည်းကျဉ်းလာတာကို တွေ့နေရတယ်" ဟု သစ်တောသယံဇာတနှင့် ပတ်ဝန်း ကျင်ဖွံ့ဖြိုးတိုးတက်မှုထိန်းသိမ်းရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
ဧရာဝတီမြစ်ဆုံဒေသသည် ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသရင်းအပင်များ ပေါများစုံလင်လှပြီး ကမ္ဘာ့ရှားပါး သစ်ခွများကို တစ်နေရာတည်း၌ စုံလင်စွာတွေ့နိုင်သော နေရာတစ်ခုဖြစ်ကြောင်း သစ်ခွပန်းသုတေသန ပညာရှင် ဒေါက်တာစောလွင်က ပြောသည်။
မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကမူ မြစ်ဆုံဒေသတွင် ဆည်ဆောက်လုပ်ခြင်းသည် အလွန်ကြီးမားသော စွန့်စားမှုပင် ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
မိုးလေ၀သဆိုင်ရာ အချက်အလက်များအရ ကချင် ပြည်နယ်သည် မိုးရေချိန်လက်မ ၄၀ အောက် လျော့သောဒေသတွင် ပါဝင်ပြီး ထူးခြားချက်မှာ ရရှိသောမိုးရေထက် အငွေ့ပြန်မှုမှာ ပိုမိုများသဖြင့် အမြဲရေလိုအပ်နေပြီး ဆည်ရေကိုသာ အားထားရသော ဒေသ ဖြစ်ကြောင်း သိရသည်။
"ဧရာဝတီက အလယ်ပိုင်းဒေသရဲ့ အသက်ပဲ။ ဧရာဝတီသာ အတိမ်း အစောင်းဖြစ်ရင်၊ မြစ်ရေတင်စီမံကိန်းတွေ မလုပ်နိုင်ဘူးဆိုရင် အလယ်ပိုင်းဒေသရဲ့လူမှုစီးပွားရေးဟာ ပြောင်းလဲသွားမှာ အသေအချာပါပဲ။ "ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အစီရင်ခံစာအရ နောက် ၂၀၂၀၊ ၂၀၅၀၊ ၂၁၀၀ အတွက် မိုးရေချိန် အနည်းဆုံးရမယ့်ဒေသက အလယ်ပိုင်းဒေသပဲ။ ဒီနေရာက မိုးများလည်း ပြဿနာ၊ မိုးနည်းလည်း ပြဿနာပဲ။ မိုးများပြီး မနိုင်လို့ ဆည် ရေဖောက်ချင်ရင် ဘယ်ကိုသွားမလဲ။ ဆည်ကျိုးသွားရင် ဘယ်လိုလုပ်မလဲ။ "နောက်ပြီး မြန်မာနိုင်ငံမှာ ငလျင်ကြော ငါးခုရှိတယ်။ မြန်မာပြည် မြောက်ပိုင်းက ငလျင်လှုပ်နိုင်ခြေ အများဆုံးရှိတဲ့ အထဲမှာ ပါတယ်"ဟု ဒေါက်တာထွန်းလွင်က စက်တင်ဘာ လ ၂၁ ရက်နေ့ တော်ဝင်နှင်းဆီ တွင်ပြုလုပ်သော 'ဧရာဝတီကိုတော့ မလွမ်းချင်ပါ' စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားသည်။
ဆည်များဆောက်လုပ်ခြင်းသည် စနစ်တကျဆောက်လုပ်ပါက ဒေသခံ ပြည်သူများအတွက် ဆိုးကျိုးများ ရှိသော်လည်း ကြီးမားသော အကျိုး ကျေးဇူးများကိုလည်း ရရှိစေနိုင်ကြောင်း ဆည်ဆောက်လုပ်ရေး ကျွမ်းကျင်သူများက ဆိုသည်။
ဆည်မြောင်းဦးစီးဌာန၊ ဒီဇိုင်းပုံ ထုတ်ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ဦးလှချစ်က "၁၉၇၄ ခုနှစ်လောက်က ဧရာဝတီမြစ် ရေကြီးတဲ့အတွက် မြစ်ဝ ကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းက လယ်မြေတွေ တော်တော်လေး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နှစ်စဉ် ရေကြီးမှု တွေကိုကာကွယ်ဖို့အတွက် ၂၀၀၂ ခုနှစ်မှာ အစိုးရကို ဧရာဝတီ ဘက်စုံရေလှောင်တမံစီမံကိန်း ဒီဇိုင်းရေးဆွဲပြီး တင်ပြခဲ့တယ်။ အဲဒီစီမံ ကိန်းအဆိုပြုထားတဲ့နေရာက အခု မြစ်ဆုံနေရာပါပဲ"ဟု ပြောသည်။
အဆိုပါ ဘက်စုံရေလှောင်တမံစီမံ ကိန်းတွင် တမံအမြင့် ပေ ၅၀၀ ပတ်လည်ရေလှောင်တမံ တည်ဆောက်၍ မိုးတွင်းကာလတွင် သို လှောင်ရေဧက ပေ ၃၄ သန်း စုစည်း နိုင်ပါက ရေကြီးမှုများကို ကာကွယ်ပေးနိုင်ပြီး လှောင်ထားသောရေများကို နွေရာသီတွင် ပြန်လည်ထုတ် လွှတ်ပေးပါက မြစ်ရေမြင့်တက်လာကာ ရေကြောင်းသွားလာရေးကို လွယ်ကူစေနိုင်ခြင်း၊ နွေရာသီတွင် မြစ်အတွင်း ပင်လယ်ရေငန်တိုးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ရရှိလာမည့် လျှပ်စစ်ဓာတ်အားဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်မြောက်ပိုင်းတွင် ရေစုပ်စက်များဖြင့် မြစ်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း စသည့် ကြီးမားသောကောင်းကျိုးများကို ရရှိစေနိုင်ကြောင်း သိရသည်။
"အခု တရုတ်နဲ့ဆောက်မယ့်ဆည်ကတော့ ဧက ပေ ၁၀ သန်းလောက်ပဲ လှောင်မယ်လို့သိရတယ်။ ဒါဆိုရင် တရုတ်အတွက် လျှပ်စစ်ရ ပေမယ့် မြန်မာအတွက်ကတော့ အကျိုးအမြတ်မရတာတော့ အမှန်ပါပဲ။ မြစ်ဆုံမှာ ကြီးမားတဲ့ဆည်ဆောက်မယ်ဆိုရင် ဘက်စုံဖြစ် အောင် ကြိုးစား ဖို့လည်းလိုတယ်။ ရရှိဖို့လည်း လိုတယ်။ တရုတ်ဘက်ကဆွဲတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် အထက်ပါအချက် လေးချက်ကို ပြန်လည်စဉ်းစားဖို့ အဆိုပြုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
Eleven Media Group ၏ အမှု ဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်က စီးပွားရေးဆိုင်ရာ အကျိုးအမြတ်နှင့်ပတ်သက်၍ "CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့နိုင်ငံဟာ ဒေါ်လာ ၄၇ ဘီလျံရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှု စစ်တမ်းမှာ ရေအားလျှပ်စစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ၁၇ ဘီလျံရမယ်လို့ ပြောတယ်။ ဒီအချက် ဟာ ကျွန်တော်တို့ မီဒီယာကပြောရင် ထောက်ပြစရာအချက် ဖြစ်ပါတယ်။ သူက ဒီလိုအဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ၀န်ကြီးဌာနအဆင့်ဆင့်ရော၊ ရှေ့နေချုပ်ရုံးတွေ တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်မယ်။ ၁၇ ဘီလျံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲ ရမယ်။ မြစ်ကြောင်း ထိန်းသိမ်း ရေး အတွက် သန်း ၁၀၀ လောက် အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်းထိန်းသိမ်းရေးပဲ ရှိသေးတယ်။ အောက်မှာ ဆုံးရှုံးသွားတာတွေ ရှိသေးတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ကျွန်တော်တို့ လုံးဝ မေးစရာမလိုပါဘူး။ သဘာဝဓာတ်ငွေ့က ငါးနှစ်အတွင်းရှာတာ ၁၂ ဘီလျံ ရှိတယ်။ ကျောက်စိမ်းက ငါးနှစ်အတွင်းရှာတာ ငါးဘီလျံ ရှိတယ်။ ဒါတွေတွက်ချက်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ်က ငွေဘာမှာ မလိုပါဘူး"ဟု သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ ပညာရှင်များနှင့် ပြည်သူလူထုက အဆိုပါ စီမံကိန်းရပ်တန့်ရေး အတွက် နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 

No comments: