အများကြီး မလိုချင်တော့ဘူးဗျာ ထီသိန်းတစ်ထောင်လောက်ပေါက်ရင် ဘဏ်ထဲမှာထည့်ထားပြီး ရလာတဲ့အတိုးရယ် ကျွန်တော်လစာရယ်နဲ့ အိမ်စရိတ်ကာမိရင် ကျေနပ်ပါပြီ..
၂၀၁၇နှစ်ကုန်ထဲက အဖေအလုပ်ကနေ နားတော့မယ်ဆိုတာ သိပါတယ် အဖေလဲအသက်ကြီးနေပါပြီ အသက်၇၀ကျော်လို့ ၇၂နှစ်ထဲရောက်နေပြီ မိသားစုက အနားယူပါလို့ပြောပေမယ့် သူ့သားသမီးတွေက ဖြစ်ဖြစ်မြောက်မြောက် တစ်ယောက်မှမရှိတော့ သူ့ခမျာ အနားမယူခဲ့ရပါဘူး..
ဒီလကုန်အဖေအလုပ်နားပြီ ၆လလောက်ကြိုသိထားပေမယ့် ကျွန်တော့်မှာ ကြိုပြီးပြင်ဆင်ထားတာ ဘာတစ်ခုမှမရှိခဲ့ဘူး တကယ်တမ်းဘဝကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတော့ တော်တော်တုန်လှုပ်ပါတယ် ဘယ်သူမှ အိမ်တာဝန်ကို နင်ယူရမယ်လို့ မသတ်မှတ်ပေးပေမယ့် သားသမီးကျင့်ဝတ် လူ့ကျင့်ဝတ်ဆိုတာ ကျွန်တော်ဆိုတဲ့ကောင်မျိုးက ပိုနားလည်ပါတယ်..
ရတဲ့လစာလေးကို ဖြစ်ဖြစ်မည်အောင် စိစစ်လိုက်ရင်တောင် အိမ်စရိတ်ပေးဖို့က ၂သိန်းစွန်းစွန်းပဲကျန်တယ် တစ်လတစ်လ ၇သိန်းကျော်နေတဲ့ အိမ်စရိတ်ကို ကျွန်တော်ဘယ်လိုဖြည့်စည်းပေးမလဲ ပိုက်ဆံကိုမစုဆောင်းဘဲ သုံးခဲ့သမျှ အခုအချိန်မှာ နောင်တကြီးကြီးရမိတယ်..
Bank Account ထဲက ၁သိန်းစွန်းစွန်းရယ် ရှိစုမဲ့စုလက်ဝတ်လက်စားနဲနဲရယ်ပေါင်းရင်တောင် အိမ်စရိတ်၅လစာ မပြည့်ဘူး ဒါလေးတောင် ပိုက်ဆံနည်းတိုင်း ပစ္စည်းတွေရောင်းပြီးသုံးတက်လို့ အဖေသိမ်းပေးထားလို့သာရှိတာ အဲ့ပစ္စည်းတွေလဲအဖေဝယ်ပေးထားတာပါ..
ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့အချိန်မှာ ပိုက်ဆံကို အရင်ကထက် အများကြီးချွေတာသလောက် ပိုက်ဆံဆိုတဲ့ကောင်က အိတ်ထဲမှာ ယုန်သားပေါက်သလို များမလာဘဲ အိတ်ထဲကနေ ယုန်လိုခုန်ဆင်းပြီး ဖမ်းမမိအောင်အပြေးမြန်နေတော့ ချွေတာသမျှဟာ ရေပေါ်အရုပ်ရေးသလို အရာမထင်ဘူးဖြစ်နေရတာ..
အဖေကတော့ အိမ်အခြေအနေသိပါတယ် အိမ်စရိတ်ကာမိအောင် အလုပ်ဆက်လုပ်ချင်တယ် သူ့ကိုစိတ်ဓာတ်မကျစေချင်ဘူး စိတ်အားမငယ်စေချင်ဘူး အဖေကို့ဒီထက်ပိုပြီးတော့လဲ ဒုက္ခမပေးချင်တော့ပါဘူး အမေနဲ့အိမ်ထောင်ကျပြီး ၃၂နှစ်ထဲကနေ ဒီနေ့အထိ မိသားစုကို နှစ်၄၀ကျော် လိုလေသေးမရှိ သူဖြည့်စည်းပေးခဲ့ပြီးပြီပဲ အဖေ့တစ်ယောက်ရဲ့တာဝန်ကျေတဲ့အပြင် ပြည့်လျှံနေပြီ အဖေ့ကို အလုပ်ပေးမလုပ်တော့ပါဘူးဗျာ..
ဒီအချိန်မှာ ကျွန်တော်တာဝန်ယူရမယ့် အချိန်ကာလရောက်ပြီလေ ၃၇နှစ်နီးပါး မိဘအရိပ်မှာ အပူအပင်ကင်းကင်း နေခဲ့ပြီးပြီပဲ အဖေ့နို့သက်ခံနေမိတာ လူကြီးဖြစ်လို့ သက်တမ်းတစ်ဝက် ကျော်နေတာတောင် ငါလူကြီးဖြစ်ပြီဆိုပြီး သတိမရခဲ့ဘူးလေ အခုတော့ ဘဝဆိုတာကို တကယ်ဖြတ်သန်းကြည့်ရတော့မှာပေါ့ဗျာ..
ပူပင်နေလို့ရော ဒီသောကတွေက ငြိမ်းအေးသွားမှာမှ မဟုတ်တာ အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ လောကဓံဆိုတာကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့ ကျွန်တော့်ကိုကျွန်တော် အကောင်းဆုံးပြင်ဆင်ရမှာပေါ့..
ဒုက္ခဆိုတာ နောက်တချိန်ဖြစ်လာမယ့် ဟာသပါ..
အချိန်တစ်ခုကျော်လွန်သွားရင် အဆိုးဆုံးလို့ ထင်မှတ်ထားတဲ့ အရာတွေဟာ ဘာမှမဟုတ်ပါတော့ပါဘူး အဲ့ဒီအချိန်ကာလတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်ကြိုးစားရမှာပါ..
အခုအချိန်မှာ ကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒက ထီသိန်းတစ်ထောင်ပေါက်ချင်တာပါ ဘဏ်အတိုး ၆သိန်းကျော်ရယ် ကျွန်တော့်လစာ၂သိန်းစွန်းစွန်းရယ်ဆိုရင် အိမ်စရိတ်ကို မပူမပင်ပေးလို့ရပြီဗျာ။
No comments:
Post a Comment