ငြိမ်းချမ်းတဲ့စိတ်


-----------------------------
❇️ ငြိမ်းချမ်းတဲ့စိတ်
-----------------------------
ကြည်လင်ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူ
ဖြစ်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။
ကြည်လင် ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူ
ဖြစ်ဖို့ တာဝန်လည်း ရှိပါတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်။ မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး။
စိတ်အေးချမ်းတဲ့သူဟာ ကိုယ့်ဘဝမှာ တကယ်အရေးအကြီးဆုံး အလေးနက်ဆုံး တန်ဖိုးအရှိဆုံးဖြစ်တဲ့ အသိဥာဏ်တွေရဖို့ လုပ်နိုင်တယ်။
ကိုယ့်ကိစ္စအတွက် ကိုယ့်ကိုယ်ကို အချိန်ပိုပေးနိုင်တယ်။
သင့်ရဲ့စိတ်ငြိမ်းချမ်းမှုထက် ပိုပြီး
တန်ဖိုးရှိတဲ့အရာ ဘယ်လိုအရာမျိုးမှ
မရှိပါဘူး။
တည်ငြိမ်အေးချမ်းပြီးတော့ အသိဥာဏ် ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အရေးဟာ ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်။
ဘာဘွဲ့မှမရ ဘာအတန်းမှ မအောင်လည်း သူ့ဘဝကိုသူ အေးအေးချမ်းချမ်း သတိနဲ့
ယှဉ်ပြီး ဥာဏ်နဲ့ ယှဉ်ပြီးနေသွားတဲ့သူကို
ဘဝကို အောင်အောင်မြင်မြင်
နေသွားတဲ့သူလို့ ဆိုနိုင်တယ်၊၊
ပစ္စည်းဥစ္စာတွေအများကြီးရှိပေမယ့် ရာထူး အမြင့်ကြီးရှိပေမယ့် စိတ်အေးချမ်းမှု မရှိရင် မအောင်မြင်တဲ့သူပဲ။
လေးနက်တဲ့ မြင့်မြတ်တဲ့အသိဥာဏ်
ရှိလေလေ စိတ်အေးချမ်းမှု ရလေလေ အောင်မြင်လေလေလို့ ပြောလို့ရတယ်။
ဒီလိုမဟုတ်ဘဲနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ အသိဥာဏ်မရှိတဲ့သူဟာ…
ပစ္စည်းဥစ္စာရှိလေလေ အကုသိုလ်
များလေလေ ဖြစ်လာတာပဲ။
ရာထူးကြီးလေလေ မကောင်းမှု
ပိုလုပ်လေလေ ဖြစ်လာတာပဲ။
အဲဒီလိုမတရားမှုတွေ မကောင်းမှုအကုသိုလ် တွေကို လုပ်ထားတဲ့အတွက်ကြောင့် စိတ်မချမ်းသာမှုဆိုတာ ဖြစ်နေမှာပဲ။
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ အဆင့်အတန်းနိမ့်တဲ့ စိတ်မျိုးဖြစ်တယ်။
သူတစ်ပါးကို ငဲ့ညှာထောက်ထားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ
dignity မရှိဘူး။
တည်ကြည်ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ မရှိဘူး။ လေးနက်မှု၊ မြင့်မြတ်မှု မရှိဘူး။ စိတ်ကြည် လင်အေးချမ်းမှုလည်း မရှိဘူး။
ရဖို့ထက် သိဖို့က ပိုအရေးကြီးတယ်။
ရတာထက် သိတာက ပိုတန်ဖိုးရှိတယ်။
ပိုအကျိုးရှိတယ်။ ကျေနပ်မှု
အေးချမ်းမှု ပိုပေးတယ်။
လူအများဟာ သိဖို့ထက်
ရဖို့ကို ပိုဦးစားပေးကြတယ်။
ဒါကြောင့် မအေးချမ်းတာဘဲ။ မသိတဲ့
သူဟာ မရလည်းဒုက္ခ ရလည်း ဒုက္ခပါပဲ။ 
စိတ်ရဲ့ကြည်လင်မှု၊ အေးချမ်းမှု သန့်ရှင်းမှု အသိဥာဏ်ရဲ့နက်နဲမှုအပေါ်မှာ မူတည်ပြီး
တော့ ကိုယ့်ဘဝရဲ့အရည်အသွေးဆိုတာ ဖြစ်လာတာပဲ။
ကိုယ့်ဘဝမှာ အဆင်ပြေတယ်
မပြေဘူးဆိုတာ ဖြစ်လာတာပဲ။
သင်ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရပြီဆိုရင် သင့်အတွက် အကျိုးဖြစ်ထွန်းစေမှု မရှိတဲ့ အတွေးတွေနဲ့ စိတ်ရဲ့တုန့်ပြန်မှုတွေကို အလိုအလျောက် ပယ်လိုက်မယ်။
လောကကြီးကို တန်ဖိုးထားဖို့ဆိုတာ ကိုယ့်စိတ်မှာ အေးချမ်းမှု ရှိရမယ်။
အေးချမ်းမှုရှိမှ နူးညံ့သိမ်မွေ့မှု
ဖြစ်လာတယ်။ နက်နဲမှုရှိလာတယ်။
အေးချမ်းမှုမရှိရင် နူးညံ့သိမ်မွေ့မှု
နက်နဲမှုဆိုတာ မဖြစ်တော့ဘူး။
အသိအမြင်ရှင်းဖို့ဆိုတာ စိတ်တည်ငြိမ်မှ စိတ်ချမ်းသာမှ ရမယ်။
စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့
လူဟာ အသိအမြင်မရှင်းဘူး။
တည်ငြိမ်မှု အေးချမ်းမှုရှိမှ
အမှန်ကို သိနိုင်တယ်။
စိတ်တည်ငြိမ် အေးချမ်းတဲ့လူဟာ မှတ်ဥာဏ်လည်း ပိုကောင်းလာတယ်။
အထူးသဖြင့် ဆက်စပ်ပြီးတော့ စဉ်းစားလို့ ရတယ်။ ထိုးထွင်းပြီးတော့ မြင်တယ်။
မတည်ငြိမ် မအေးချမ်းတဲ့လူဟာ
မေ့လွယ်တယ်။
စိတ်တည်ငြိမ် အေးချမ်းရင် ဘာအလုပ်ပဲ လုပ်လုပ် အချိန်ကုန် သက်သာတယ်။ လူပင်ပန်းလည်း သက်သာတယ်။
မြန်မြန်ဆန်ဆန် အေးအေးဆေးဆေး
ပြီးတယ်။ အမှားအယွင်းနည်းတယ်။
ကိုယ့်ဘဝ အခြေအနေပေးရင်
ပေးသလောက် စိတ်အေးချမ်းအောင် အသိဥာဏ်ကောင်းသထက် ကောင်းအောင်
ကြိုးစားပြီး လုပ်တဲ့အကျင့်ကို
ငယ်ငယ်ထဲက လုပ်သင့်တယ်။
အဲသလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီးသေးခင်မှာပဲ…
စိတ်နေသဘောထားကော အသိဥာဏ်ကော အများကြီး လေးနက်ရင့်ကျက်သွားလိမ့်မယ်။
တစ်ဘဝက နှစ်ဘဝစာလောက် ဖြစ်သွားလိမ့်မယ်။ ဘဝကိုနေရတာ တကယ်တွက်ခြေကိုက်လာမယ်။
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများ အကြောင်းကို တတ်နိုင်သလောက် မပြောပဲ နေတာကောင်းတယ်။
အထူးသဖြင့် သူများမကောင်းကြောင်း မပြောဘဲနေတာ ကောင်းတယ်။
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ
တွေးခေါ်ပုံ အရင်ကနဲ့ မတူတော့ဘူး။
တန်ဖိုးထားတာတွေ မတူတော့ဘူး။
အရင်တုန်းက ပစ္စည်းဥစ္စာ အပျော်အပါး၊ ကျော်ကြားမှု ဂုဏ်ပကာသနကို
သိပ်မက်တဲ့ လူဟာ …
စိတ်တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ
အဲဒါတွေက သိပ်ကလေးဆန်တယ်
ဆိုတာ သိလာတယ်။
အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။ အယူအဆ မတူတာရှိလာပြီ
ဆိုရင် မျှမျှတတ ကြည့်တတ်လာတယ်။
ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့ အောင် ကြည့်ဖို့ သဘောထားကြီးကြီးထား တတ်လာတယ်။
ကိုယ်လိုသလို တစ်ဖက်သတ် အဓိပ္ပါယ် မကောက်ဘူး။ တစ်ကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။
တစ်ခုခု ကြုံကြိုက်လာရင် ချက်ချင်း
ပြန်ပြီးတော့ မတုံ့ပြန်ဘူး။
သူ့မှာ သတိရှိတယ်၊ ဥာဏ်ရှိတယ်။ ချင့်ချိန်နိုင်တယ်။
သတိမပါ ဥာဏ်မပါဘဲနဲ့ မြင်တိုင်း ကြားတိုင်း စိတ်က အလိုအလျောက် တုံ့ပြန်နေမယ်
ဆိုရင်တာ့ လွတ်လပ်တဲ့သူ မဟုတ်ဘူး။
အမြဲတမ်း အပြစ်တင်နေတတ်တဲ့သူရဲ့
အနားမှာ ဘယ်သူမှမနေချင်ဘူး။
အမြဲတမ်း မကျေမနပ်ဖြစ်နေရင်
ကိုယ့်မှာ ပူလောင်တဲ့စိတ် ဖြစ်ရသလို
ပတ်ဝန်းကျင်က လူတွေကိုလည်း
ပူလောင်မှုတွေ ကူးစက်ပါတယ်။
ငါလည်း သူတစ်ပါးကို လွန်လွန်ကျွံကျွံ အပြစ်မတင်တဲ့သူဖြစ်အောင် ပြောချင် နေတဲ့စိတ်ကို သိအောင် ကြိုးစားမယ်။
ပြောတဲ့အခါလည်း ငါ့အသံနေ အသံထားနဲ့ စကားလုံး အသုံးအနှုံးကို သတိထားမယ်
ဆိုတဲ့ စိတ်ကို ခံယူထားသင့်တယ်။
ငြိမ်းချမ်းတဲ့စိတ် နူးညံ့တဲ့စိတ်နဲ့ တတ်နိုင်သလောက် နေမယ်။
ငြိမ်းချမ်းတာ နှုးညံ့တာနဲ့ ပျော့ညံ့တာဟာ မတူဘူးလို့ သဘောပေါက်ထားရင်…
ငြိမ်းချမ်းတာ နူးညံ့တာဟာ ခိုင်မာမှုရှိလို့ ရင့်ကျက်မှုရှိလို့ဆိုတာကို မြင်လာပါလိမ့်မယ်။
တကယ်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ကို
လိုချင်ရင် စိတ်ကို ငြိမ်းချမ်းအောင် ထားရမယ်။
မဖြစ်စလောက်ကိစ္စနဲ့ စိတ်ပင်ပန်းအောင် မလုပ်သင့်ဘူး။
မဖြစ်စလောက်ကိစ္စနဲ့ ကိုယ်ပင်ပန်း နွမ်းနယ်အောင် မလုပ်သင့်ဘူး။
မသွားသင့်တဲ့ အပိုခရီးတွေ မကြည့်သင့်တဲ့ အပိုကိစ္စတွေ မပြောသင့်တဲ့ အပိုစကားတွေ
နားမထောင်သင့်တဲ့ အပိုစကားတွေ
ကိုလည်း နားမထောင်သင့်ဘူး။
အပိုတွေ မှန်သမျှ လျှော့ရမှာပဲ။
ကိုယ့်ရဲ့အချိန်နဲ့အင်အားကို
ချွေတာသင့်တယ်။
စိတ်ငြိမ်းချမ်းအောင်
နေ့စဉ်လုပ်ရမယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်မငြိမ်းချမ်းအောင် လုပ်နေတဲ့အရာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ရှိနေလို့ပါ။
လုပ်တတ်ရင် အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။
နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။
ဘယ်အချိန်ကျမှ၊ ဘယ်နေရာကျမှလို့ အချိန်ရွှေ့နေဖို့၊ နေရာရွေးနေဖို့ မလိုပါဘူး။
ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။ ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

#Via - Paral Lei


Thanks for sharing.

🙏🙏🙏

မိစ္စာ

 

လူဆိုတဲ့မိစ္စာကောင်တွေကြားထဲမှာ

ကျွန်တော်ရှင်သန်နိုင်ဖို့ဆိုတာ

တကယ်မလွယ်ပါဘူး..

နောက်ကျောကိုထိုးတဲ့ဓါးတွေ

အပြုံးတုတွေအောက်က 

အမုန်းမျက်လုံးတွေ

ကျောခိုင်းလိုက်တာနဲ့

လျှံကျလာတဲ့အတင်းစကားတွေ

အကုန်လုံးကို(တကယ်)စိတ်ကုန်နေပြီဗျာ..

ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး

ထားခဲ့လိုက်ပါတော့ အဲ့ဒီစကားတွေကို

ခင်ဗျားခေါင်းကိုလူတက်နင်းမှမခံရဘူးတာဗျာ

ခင်ဗျားရွတ်ဆိုနိုင်တာမဆန်းပါဘူး..

ပိုက်ဆံဆိုတဲ့အကောင်ကိုဖက်တွယ်ထားပြီး

ရွှေထီးမဆောင်းချင်တော့ပါဘူး

လက်ဗလာနဲ့မြေကြီးပေါ်ကိုရဲရဲကြီးခုန်ဆင်းလိုက်ပါပြီ

နောက်ကျောထိုးတဲ့ဓါးတွေ၊အပြုံးတုတွေ၊အတင်းအဖျင်းတွေ

ဝေးတဲ့အရပ်မှာပဲနေချင်ပါတော့တယ်..

သူတော်ကောင်းကြီးမဖြစ်ခဲ့ပေမယ့်

ကျွန်တော်လူယုတ်မာတော့မဖြစ်ခဲ့ပါဘူး

လူယုတ်မာတွေကြားမှာဖြူစင်နေသမျှကာလပတ်လုံး

ကျွန်တော်မျက်ရည်ကျနေရတဲ့ဘဝက

ရှင်ကြီးဂေါတမတကယ်မတရားဘူးဗျာ..

အကုသိုလ်ကြီးလို့လူဖြစ်ရတဲ့ကြားထဲ

ကျွန်တော်တစ်ယောက်က

သူများထက်ထူးပြီးမယုတ်မာတက်တော့

လူတွေကြားထဲမှာ 

ဝဋ်ကြီးနေရတယ်။