ဂရုစိုက်ပါခင်ဗျ


 

Blog ကို နာမည်ပြောင်းထားတာ ကြာပါပြီ ခင်ဗျားဝင်ဖတ်မယ်လို့လည်း မထင်ခဲ့ဘူးလေဗျာ လူတစ်ယောက်လုံးတောင် စိတ်မဝင်စားတဲ့သူက ကျွန်တော်ရေးတဲ့စာတွေ ဝင်ဖတ်မယ်လို့လည်း စိတ်မကူးခဲ့မိပါဘူးဗျာ။




ရေပူဖောင်းကို ဝင်ကြည့်တော့မှ Russia Ip တွေတော့ ခင်ဗျားများ ဝင်ဖတ်လားမသိဘူးဆိုတဲ့စိတ်နဲ့  Blog ကို အရင်နာမည် ပြန်ပြောင်းထားလိုက်ပါတယ်




တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်မှုမရှိတော့ပေမယ့် မုန်းလို့လမ်းခွဲတာမှ မဟုတ်တာဗျာ ခင်ဗျားကလည်း ပိုနေမြဲကျားနေမြဲ တည်တည်ကြည်ကြည် အရင်အတိုင်းနေနေခဲ့တာပါပဲ ကျွန်တော်ဘက်ကလည်း အကြောင်းကြောင်းကြောင့် ရှေ့ဆက်မတိုးခဲ့တာပါ သံယောဇဥ်ဆိုတာက ဆံပင်ရှည်လိုတိကနဲဖြတ်လိုက်လို့ ချက်ခြင်းတိုသွားတာမှ မဟုတ်တာဗျာ




၇ရက်နေ့ထဲက အဲ့ဒီဘက်မှာ အခြေအနေမတည်ငြိမ်မှန်း သိထားပါတယ် နောက်ရက်တွေမှာ ပိုဆိုးလာပေမယ့် အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုမဆိုမိခဲ့ပါဘူး ပြည်ဖုံးကားချလိုက်ပြီဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ကန့်လန့်ကာပြန်ဖွင့်ဖို့ ကျွန်တော်မကြိုးစားတော့ပါဘူး





စိတ်ပူတယ် မတော်တဆခိုင်းမိမှာကိုလည်း စိုးရိမ်တယ် Pressure တွေ အရမ်းများနေမယ်ဆိုတာကိုလည်း ကျွန်တော်သိထားပါတယ် ဒါပေမယ့်စိုးရိမ်စကားကို မဆိုမိတာက ခင်ဗျားအတွက် ပိုကောင်းမယ်ထင်ခဲ့မိလို့ပါဗျာ 




သတိရတယ် လွမ်းတယ် ခင်ဗျားရင်ဘက်ထဲတိုးဝင်ပြီး တင်းတင်းကြပ်ကြပ်လေးဖက်ထားချင်တယ် အဆင်ပြေရဲ့လားဆိုတဲ့စကားကို ခင်ဗျားမျက်နှာကို မျက်တောင်မခပ် စေ့စေ့လေးကြည့်ပြီးတော့ မေးချင်တယ် ဒါပေမယ့် ကျွန်တော့်မှာ အဲ့ဒီအခွင့်အရေး မရှိပါဘူးဗျာ




ကျွန်တော်အတွက် စိတ်ပူရမှာတွေ စိုးရိမ်ရမှာတွေ ရှိမှာစိုးလို့ ဒီနေ့ကစပြီးတော့ လိမ်လိမ်မာမာနေပါတော့မယ်ဗျာ



အများကြီး မတောင်းဆိုချင်ပါဘူး ခင်ဗျားတစ်ယောက် အစစအရာရာ အဆင်ပြေပါစေ ဘေးအန္တရာယ်ကင်းဝေးပါစေဆိုတဲ့ ဆုနဲ့ပြည့်စုံရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ ကျွန်တော့် Guardian ဘေးကင်းဖို့က ကျွန်တော့်စိတ်ဆန္ဒအစစ်အမှန်ပါခင်ဗျာ။



No comments: