မေ။


 


မေလ မလာဖြစ်သေးဘူး။


ရက်ပိုင်းပဲလိုတော့တာကို မလာဖြစ်ဘူးဆိုတော့ စောင့်ရပြန်အုန်းမှာပေါ့ စိတ်မကောင်းဖြစ်ရပေမယ့် ကျွန်တော်ဖက်တွယ်မိနေတာက မင်းခယောင်္ကျားပဲ နားလည်ပေးရမှာပေါ့ဗျာ



အချစ်လို့ပဲဆိုဆို တဏှာလို့ပဲခေါင်းစဥ်တပ်တပ် ကိုကို ခင်ဗျားနဲ့ပတ်သက်လာရင် ကျွန်တော်ကအထိန်းချုပ်ခံလူသားဖြစ်နေရတာကို ဘယ်အခါမဆိုကြည်ကြည်ဖြူဖြူလက်ခံလိုက်ပြီးသား



ရေစက်လို့ပဲသတ်မှတ်မလား ဝဋ်ကြွေးလို့ပဲသတ်မှတ်မလား ခင်ဗျားကိုတပ်မက်မှုက ကျွန်တော်တစ်ယောက်ငရဲဆင်းရဖို့က သေချာနေပြီးသား



လူတစ်ယောက်ကို ဘယ်လောက်ဖက်တွယ်နိုင်မှာလည်း လွန်ရောကျွံရောသုံးနှစ်ပေါ့ဗျာ ၂၀၁၄ခုနှစ်ကပြောခဲ့မိတဲ့စကား အခုတော့ တစ်ကြိမ်တစ်ခါမျှသာတွေ့ဆုံခဲ့ဘူးသူကို အဆုံးအထိဖက်တွယ်နေမိရတာ



ဖာသည်မ တစ်စက်လေးမှမကြိုက်တဲ့အသုံးအနှုန်းကိုတောင် မငြင်းပယ်နိုင်တဲ့ဘဝ လူတစ်ယောက်တည်းကိုသာ ရူးရူးမိုက်မိုက်ချစ်မိတဲ့ဗီဇက ဒီဘဝမှာပြင်ဆင်လို့မရတော့ပါဘူး ကျွန်တော်လည်း တခြားသူတွေလိုမျက်နှာများချင်တာပေါ့ဗျာ



လွမ်းတယ်

ဒီတစ်ခေါက်တွေ့ခဲ့ရရင်တော့ အဝတ်မပါတဲ့ခင်ဗျားခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်အကြာကြီးဖက်ထားမယ်


၃နှစ်ကျော်မတွေ့ရခဲ့တဲ့မျက်နှာကို တဝကြီးနမ်းမယ် နဖူးကနေခြေမအထိ နေရာအစုံကို တရှိုက်မက်မက်နမ်းမယ်



ခင်ဗျားရင်ခွင်ထဲတိုးဝင်ပြီး နို့သီးလေးစို့ပြီး အိပ်မယ်

ဒါပါပဲ အချစ်လို့ပဲဆိုဆို တဏှာလို့ပဲခေါ်ခေါ် ကျွန်တော်ကမျှခင်ဗျားအပေါ် အဆုံးအထိဖက်တွယ်နေမိတာကို။



ကိုကို ခင်ဗျားကို

အများကြီးလွမ်းတယ်ဗျာ။

🥺

ကျွန်တော်နဲ့လောကဓံ။




 

စာမပို့ဖြစ်တာတစ်လကျော်သွားပါပြီ အရင်လို၁၀ရက်ကိုတစ်စုဖွဲ့ပြီး ကျော်ဖြတ်နိုင်ဖို့အတွက် ရက်တွေကိုလည်းမရေတွက်တော့ပါဘူး


အဆင်ပြေနေတဲ့အချိန်မှာတောင် ဘာမျှမဖြည့်ဆည်းပေးနိုင်သူကို ဒဏ်ရာတွေမပေးတော့ပါဘူးဗျာ သူ့ခမျာလည်းနာကျင်မှုတွေအများကြီး ရှိနိုင်မှာပဲလေ


viber ကိုလည်း ခဏခဏဝင်မကြည့်ဖြစ်တော့ပါဘူး online မှာအကြာကြီးပျောက်နေရင် အရင်လိုစိတ်ပူတက်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်လို့ အကုန်လုံးအဆင်ပြေမှာပါလို့ပဲ ကိုယ့်ဘာသာရှင်းပြနေမိတယ်



fb ဝင်ရင် သူ့ wall ကို အရင်ကြည့်မိတက်တဲ့ အကျင့်လေးကိုလည်း တဖြေးဖြေးချင်းပြင်နိုင်ဖို့ကြိုးစားပါမယ် အကျနေ့ညက video ကို down မိတဲ့အတွက် အကြတ်နေ့မနက်က post ကို သိမ်းထားမိတဲ့အတွက် ခွင့်လွှတ်ပေးပါဗျာ အတက်နေ့ပြီးရင်နှစ်ဆန်းရောက်ပါပြီ



နှစ်ဆန်းတစ်ရက်နေ့ကစပြီး post တွေ note မှာ သိမ်းထားမိတာ ပုံတွေ save ထားမိတာ video တွေ down ထားမိတာအကုန်လုံးကို နောက်တစ်ကြိမ် မလုပ်မိဖို့ ကျွန်တော်ကြိုးစားသွားပါမယ် သူတစ်ပါးကိုရော ကျွန်တော့်ကိုယ်ကျွန်တော်ပါ မချည်နှောင်တော့ပါဘူး



တစ်နှစ်ကျော်ဖက်တွယ်မိတဲ့ လူတစ်ယောက်ကိုတောင် အနည်ထိုင်ဖို့ကို ကျွန်တော်အချိန်အများကြီးယူခဲ့ရတာပါပဲ လေးနှစ်နီးပါးဖက်တွယ်ခဲ့မိတဲ့သူဆိုတော့ အနည်ထိုင်ဖို့ပိုကြာမယ်ထင်ပါတယ်



ဒီလိုပါပဲ တဖြေးဖြေးလေးနဲ့အသားကျဖို့ကို ကြိုးစားသွားရမှာပါပဲ


တဖက်သားကတော့ အကြောင်းကိစ္စမရှိဘဲ အဆက်အသွယ်မလုပ်တော့တာအတွက် ညိုညင်မယ်ထင်ပါတယ် ကျွန်တော်အနေနဲ့ လူရောစိတ်ပါအားနည်းသွားတဲ့အချိန်မှာ မတန်မရာတွေ မဖြစ်နိုင်တာတွေကို လွတ်ချမိခဲ့တာပါဗျာ


ကျွန်တော့်ဘဝအသစ်မှာ အပြင်ပန်းအသားကျဖို့အတွက် ကြိုးစားနေရတဲ့အချိန်မှာ ကျွန်တော့်စိတ်ကလေးကိုလျစ်လျှူရှုလိုက်မိတယ် လူကသာလှုပ်ရှားသွားလာနေပေမယ့် ကျွန်တော်အားငယ်နေမိတာကို မသိလိုက်မိဘူး 


လဲကျရင်ပြန်ထရမှာဘဝပါလို့ ပြောခဲ့ပေမယ့် ကျွန်တော်အခုအချိန်အထိ မထနိုင်ပါသေးဘူးဗျာ


၆လွှာမှာနေစဥ်တုန်းက အထပ်မြင့်ဖြစ်လို့ လူတွေနဲ့တရင်းတနှီးမရှိခဲ့သလို အခုလည်းလူတွေကိုကြောက်နေမိတုန်းပါပဲ အလုပ်လက်မဲ့ဘဝဆိုတာ အိမ်မရှိတောတဲ့ဘဝဆိုတာ လူတစ်ယောက်ကိုအများကြီးရိုက်ခတ်တယ်ဗျာ


သဘာဝဘေးဒဏ်ကြောင့် လူချမ်းသာတွေဖြတ်ကနဲသေသွားရတာကို တွေ့နေရတာတောင် ပိုက်ဆံမရှိတဲ့ဘဝကိုရင်မဆိုင်ရဲသေးတော့ လက်ထဲမှာရှိတဲ့ရွှေတို၊ရွှေစလေးနဲ့ ပိုက်ဆံအနည်းငယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေမိတုန်း 


ကျွန်တော်တကယ်ကိုလောကဓံရဲ့ရိုက်ခတ်မှုကို မခံနိုင်တဲ့မိန်းမပဲဗျာ


တနေ့နေ့တချိန်ချိန်တော့ ဒဏ်ရာတွေအားလုံး အနာကျက်သွားမယ်ထင်ပါတယ် အချိန်တစ်ခုတော့စောင့်ဆိုင်းရအုန်းမယ်ထင်ပါတယ်။




နာကျင်ရသည့်
အမှတ်တရနေ့စွဲများ။
15th April 2025.
10:11pm


 


မနေ့ညထဲကလူကနှုံးပြီး နေလို့မကောင်းတော့ အစောကြီးအိပ်ပျော်သွားရော နေ့လည်ကအဖေနဲ့အပြင်သွားတော့ အပူရှပ်ပြီးပြန်လာတော့ ရေခဲရေသောက်လို့ပဲတွေးမိလိုက်တာ


ညလည်ကျတော့ ညာဘက်မျက်နှာတစ်ခြမ်းလုံး အထိမခံဘဲ ရေတောင်မျိုမချနိုင်ဘူး ထမင်းမစားရသေးတော့ ဗိုက်ဆာနေပေမယ့်ရေနှစ်ခွက်ပဲဆင့်သောက်လိုက်တယ် ၁နာရီမီးလာတော့ထမင်းစားပွဲထသိမ်းပြီးတော့ အပေါ်ကန်တောင်ရေမဖြည့်နိုင်ပဲ ပြန်အိပ်လိုက်တယ်


ဒီအိမ်ရောက်ထဲက ခြံထဲဆင်းပြီး နေပူကြီးထဲမှာရေသုံးတာတွေ ညဘက်ကြီးမှခေါင်းလျှော်ရေချိုးတာတွေ ရေခဲရေနေ့တိုင်းသောက်ဖြစ်တာတွေစုဖြစ်သွားတာပါ


နေမကောင်းရင် သြဘာအိမ်မှာတနေ့လုံးအိပ်ဖြစ်ပေမယ့် ဒီအိမ်မှာက မနက်၇နာရီဆိုရင်နိုးရတာပါပဲ မနက်၅နာရီမျက်လုံးပွင့်ကြတဲ့လူတွေကြားမှာ ၇နာရီဆိုတောင်အတော်နောက်ကျနေပါပြီ


လူကထပြီးအိမ်အလုပ်တွေကူနေပေမယ့် ယိုင်နဲ့နဲ့ဖြစ်နေရတာ ဒေါ်ချစ်၉လုံး စီဗစ်၂လုံး အိုမီဆင်း၁လုံး သောက်ထားပေမယ့် နာနေတာလျော့သွားပေမယ့် အစားစားရင်မခံနိုင်သေးဘူး ဆေးခန်းပြဖို့ကလည်းကိုယ်အသားမကျသေးတဲ့ အရပ်ဒေသဖြစ်နေတော့မပြဖြစ်ပြန်ဘူး မမကပုရွက်ဆိတ်လိုတကုပ်ကုပ်လုပ်နေတော့ ကျွန်တော်လည်းမနေသာတော့ ကူလုပ်ပေးနေရရော


ညဘက်ကို ကန်သာယာမှာ အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ ညီမနှစ်ယောက်သွားဝယ်ဖြစ်ရော အသွားက၂မှတ်တိုင်ကျော်လမ်းလျှောက်တာအေးဆေးပါပဲ အပြန်ဆိုက်တွဲစီးပြန်မှ မိုးရွာထားတဲ့အရှိန်နဲ့လေအေးမိပြီး မျက်နှာတခြမ်းပြန်ကိုင်လာပါလေရော အသက်ရလာတော့ အရင်လိုပေပေတေတေနေလို့မရတာကို သတိမူမိပါတယ်


ည၉နာရီမီးလာပြန်တော့ အပေါ်ကန်ရေဖြည့် ခေါင်မိုးထပ်တင်မယ့် ဆပ်ပြာတိုင်ကီတွေအသန့်ပြန်ဆေးတာနဲ့တင် လူကဖျားလာပါလေရော အမေကတော့မလုပ်နဲ့ပြောရှာပါတယ် ကျွန်တော်မလုပ်ရင် လုပ်ပေးမယ့်သူက မမ၊ဦးလေးအငယ်နဲ့အဖေပဲရှိလေဗျာ


နေမကောင်းတော့ လွမ်းမိပြန်ပါတယ် ဂရုစိုက်ပါ သက်သာရဲ့လားဆိုတဲ့စကားကို ပြောမှာမဟုတ်ပေမယ့် ဒီအတိုင်းလေးပဲလွမ်းမိတာပါဗျာ


ဒီအိမ်ရောက်တာ ၈ရက်ပြည့်ပြီဆိုတော့ အသားကျပြီလားမေးရင် အသားမကျသေးပါဘူး ဒါပေမယ့်မြေကြီးပေါ်နေရတဲ့အတွက် စိတ်ချမ်းသာရပါတယ် အပင်တွေစိုက်လို့ရတယ် လသာရင်ကောင်းကင်ကြီးကို အားရပါးရကြည့်ပြီး အတွေးတွေရွက်လွှင့်လို့ရတယ်


တကယ်လို့ လက်ထဲပိုက်ဆံလေးစုမိဆောင်းမိတာဖြစ်ဖြစ် ထီလေးပေါက်တာဖြစ်ဖြစ် အပေါ်ထပ်ကိုထပ်တက်ပေးလိုက်ရင် ဦးလေးအငယ်ရော အဖေတို့အမေတို့ရော ပိုပြီးကျယ်ကျယ်ဝန်းဝန်းနေလို့ရသွားမှာပါ


သာမန်လူတစ်ယောက်အတွက်တော့ ပျော်ရမှာရော တော်ရာမှာရော နေရမှာပါပဲဗျာ အရင်ထက်ပိုပြီးနိမ့်ပါးသွားတဲ့အချိန်မှာ လောဘသက်ကာရတွေ ပိုပြီးလျော့နည်းသွားတာက မင်္ဂလာတစ်ပါးပါပဲဗျာ။

နှုတ်ဆက်ခဲ့ပါတယ် တာမွေ။


 


ပျော်ရာနေရာမှာလည်းနေရမှာပါပဲ ဒီလိုပါပဲ တော်ရာနေရာမှာလည်းနေရတာပါပဲဗျာ။


၁၉၉၆ခုနှစ် ၁၅နှစ်၊၁၆နှစ် ၉တန်းကျောင်းသူအရွယ်ကနေစပြီး နေထိုင်ခဲ့ရတဲ့နေရာ စင်ကာပူ ၃လ၊ မလေးရှား ၄နှစ် အလုပ်သွားလုပ်တဲ့အချိန်ကလွဲရင် ၂၄နှစ်ကျော်နေထိုင်ခဲ့ရတဲ့အရပ် 


၁၉၈၈ခုနှစ်အရေးအခင်းတုန်းက လုံခြုံစိတ်ချရတဲ့ မြစ်ကြီးနားတပ်ထဲရောက်နေတာဖြစ်လို့ မြန်မာ့ရုပ်သံကနေထုတ်လွှင့်ပေးတဲ့ အဓိကရုန်းပုံရိပ်တွေကလွဲရင် ဆူပူသောင်းကျန်းကြတာကို မျက်ဝါးဝါးထင်ထင် မမြင်ခဲ့ရဘူးပါဘူး


၂၀၀၇ခုနှစ်အရေးအခင်းကျမှ စပ်စပ်စုစုတာမွေရဲစခန်းနားထွက်ကြည့်မှ အရေးအခင်းကိုမြင်ခဲ့ဘူးရတာပါ


၂၀၂၁ခုနှစ်ကျတော့ ၁၉၈၈ခုနှစ်လို လူတွေကိုအရှင်လတ်လတ်သတ်ဖြတ်ကြတဲ့အနိဌာရုံတွေမတွေ့ရပေမယ် အလွန်ဆိုးဝါးလှတဲ့လုပ်ရပ်တွေနဲ့ ဆန္ဒပြကြတာကို ကာလတာရှည်စွာတွေ့မြင်ခံစားခဲ့ရတဲ့အရပ်


အရင်ကအေးချမ်းလှတဲ့ တာမွေဟာအခုတော့ပူလောင်နေပါပြီဗျာ


အခုတော့ တရွာမပြောင်းသူကောင်းမဖြစ်လို့ဆိုဆို တော်ရာအရပ်မှာနေဖို့ဆိုဆို ဘဝသစ်စဖို့အတွက် နှုတ်ဆက်ခဲ့ပါတယ်


၂၄နှစ်တာကာလမှာ သြဘာလမ်းဒီအိမ်မှာ ၁၁နှစ်နေခဲ့ရတော့ သက်တမ်းအကြာဆုံးပါပဲ သူပြီးရင်တော့ ကျောက်မြောင်းလမ်းအိမ်က ၅နှစ်ကျော် ၆နှစ်ကတော့အကြာဆုံးနေရတာပေါ့ 


၁၁နှစ်ကျော်ကာလမှာ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဘူးသလို ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဘူးလို့ ဘဝဇာတ်ခုံအဖုံဖုံကိုဖြတ်သန်းခဲ့ရတာပေါ့ဗျာ


အခုကျန်ရှိနေတဲ့ လူ့သက်တမ်းမှာလည်း ဘဝဇာတ်ခုံမှာကျင်လည်ရအုန်းမှာပါပဲဗျာ


ဒီမှာနေချင်သေးလားမေးရင် သူများတိုက်ခန်းတွေထက်ကျယ်ဝန်းတဲ့ ၁၆´ ၆၀´ မှာ နေနေရတာတောင် မွန်းကြပ်လွန်းလို့မနေချင်တော့ပါဘူး မနေချင်တော့ဘူးဆိုပေမယ့် နာရီဝက်အတွင်းသွားချင်တဲ့နေရာသွားနိုင်တဲ့အရပ်ဖြစ်နေလို့ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ် ဒါပေမယ့်လည်း တော်ရာမှာနေရမှာပါပဲဗျာ


ပိုက်ဆံအများကြီးချမ်းသာလာလို့ လူခြေနည်းတဲ့ကန်တော်ကြီးနားလောက်မှာ ၄၀´ ၆၀´ မြေကွက်ပေါ်မှာ တိုက်အိမ်လေးဆောက်ပြီး သိန်းထောင်ဂဏန်းနဲ့ခြံလေးဝန်းလေးဝယ်နိုင်ခဲ့ရင်တော့ ပြန်လာခဲ့ပါမယ် တာမွေရေ။



၁၉၉၆_၂၀၂၅


၂ရက်၊ဧပြီလ၊၂၀၂၅ခုနှစ်။

သံသရာတစ်ကွေ့။


 

သံသရာတစ်ကွေ့မှာကြုံတွေ့ခဲ့ရရင် ခင်ဗျားအပေါ်မှာရော ခင်ဗျားနဲ့ပတ်သက်တဲ့တစ်ဦးတစ်ယောက်အပေါ်မှာရော အနှောက်အယှက်မပြုတဲ့ စိတ်သောကမပေးတဲ့ လူတစ်ယောက်သာဖြစ်ရပါစေဗျာ..


မနေ့ညကအိပ်ခါနီး ခင်ဗျားရေးထားတဲ့ post ကိုဖတ်မိတော့ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ် အဒေါ်ကိုသတိရနေတယ်ဆိုတော့ တကယ်ကိုကိုယ်ချင်းစာမိပါတယ် အမေမပြောပါနဲ့ တစ်ခါတရံအဘွားနှစ်ယောက်ကိုသတိရခဲ့မိရင် ကျွန်တော်မျက်ရည်ကျလာမိတယ် ခင်ဗျားအတွက်အမေဆိုတော့ ပိုပြီးတော့ခံစားရမှာပဲလေ


ဒါပေမယ့်ကျွန်တော်စာမပို့ဖြစ်ပါဘူး တကယ်ကိုအလုပ်များနေတာဖြစ်လို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတဲ့အချိန်မှာ အလှူပုံတွေဖျက်သွားတဲ့ blocked သွားခဲ့တဲ့ ချစ်ခင်နှစ်သက်ရတဲ့သူတွေကြောင့် ပိုပြီးတော့စိတ်ပင်ပန်းသွားရတာနေမှာပါဗျာ သူတို့လည်းစိတ်အခန့်မသင့်လို့ခဏတာ အဆက်အသွယ်ဖြတ်သွားကျပေမယ့် ပြန်လာကြမယ့်သူတွေပါဗျာ အခိုက်အတန့်လေးပဲဖြစ်မှာပါဗျာ


ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်တော့ လူတဖက်သားကိုဘယ်လိုနှစ်သိမ့်ပေးနိုင်မလည်းမသိခဲ့ပေမယ့် ကျွန်တော်တက်နိုင်သမျှ အကောင်းဆုံးစကားလုံးတွေရွေးပြီးတော့ ခင်ဗျားနှစ်သိမ့်ပေးမိမှာပါ အခုကတော့ ခင်ဗျားကိုနှစ်သိမ့်ပေးမယ့်သူတွေ အများကြီးရှိတယ်ဆိုတဲ့အသိနဲ့တင် ကျွန်တော်စာမပို့တော့ပါဘူး 


ကျွန်တော်တကယ်ကို အစကနေပြန်မစချင်တော့လို့ပါ တဖက်သက်ဖက်တွယ်ရတာ တကယ်ကိုတအားကြီးကို ပင်ပန်းလွန်းလှပါပြီဗျာ


၂၁ရက်နေ့ညထဲကစပြီး ၁၅၀၀ မေတ္တာနဲ့ပတ်သက်ဆက်နွယ်နေမှုအားလုံးကို နောက်ဆုတ်လိုက်ပါပြီ မနေ့ကဆွမ်းကပ်လှူပေးတာကလည်း တကယ်ကိုအဖြူသပ်သပ်စိတ်ထားနဲ့သွားလှူပေးဖြစ်တာပါ ဆွမ်းကပ်ပြီးဆုတောင်းတာတောင် တကယ်ကိုစိတ်ရှင်းရှင်းလေးထားပြီးဆုတောင်းပေးခဲ့တာပါ ရန်ကုန်သူဖြစ်ပြီး တစ်ခါမျှမရောက်ခဲ့ဘူးတဲ့ ကျိုက်ခေါက်ဘုရားကိုဖူးခဲ့ရလို့ ကျေးဇူးတောင်တင်နေမိတာပါ 


နောင်နှစ်ဒီအချိန်မှာ ကျွန်တော်ရှိနေသေးခဲ့ရင်လည်း ဘာမှမစွက်ဖက်တဲ့အဖြူသက်သက်စိတ်ရင်းနဲ့ ဘုရားစေတီတစ်ဆူဆူမှာဆွမ်းအလှူလှူပေးမှာပါ ခင်ဗျားကြောင့်ရခဲ့တဲ့ကုသိုလ်ကို အိမ်ကမိသားစုဝင်အားလုံးရဲ့မွေးနေ့တိုင်းမှာ ဘုရားစေတီမှာဆွမ်းကပ်လှူပေးဖို့လုပ်ဆောင်သွားမှာပါ 


ခင်ဗျားအပေါ်တခြားအမျိုးသားတွေလိုမျိုး fb wall ပေါ်မှာပဲ သူ့သတင်းကိုယ့်သတင်းအပြန်အလှန်မျှဝေတဲ့ လူတစ်ယောက်လိုပဲ ကျွန်တော်သဘောထားတော့မှာပါ


ကျွန်တော်တို့ဆက်နွယ်မှုက ၁၂.၁၂.၂၀၂၃ ခုနှစ်တည်းကပြီးခဲ့ပါပြီ ခင်ဗျားနေရာမှာတခြားအမျိုးသားတစ်ယောက်သာဆိုရင် တစ်နှစ်ခွဲလောက်မတွေ့ရတဲ့သူ့မိန်းကလေးကို တနည်းနည်းနဲ့ဆက်သွယ်ပြီးတော့ ခဏလေးဖြစ်ဖြစ်တွေ့ခွင့်ရအောင်လုပ်ပေးခဲ့မှာပါ ဒါကကျွန်တော့်အလိုဆန္ဒသပ်သပ်ပေါ့ဗျာ


ဒါပေမယ့်ခင်ဗျားမဆက်သွယ်ခဲ့ပါဘူး ကျွန်တော်ကခင်ဗျားအတွက် ဘာမျှမဟုတ်ခဲ့သူပါ။


ထားလိုက်ပါတော့အတိတ်တွေကိုလည်း ကျွန်တော်နောက်တစ်ခါထပ်ပြီးတော့ မတူးဆွတော့ပါဘူး ကျွန်တော်ဘက်ကနေ အတင်းရောအကာရောဖက်တွယ်နေခဲ့မိတာအတွက်လည်း တောင်းပန်ပါတယ် ယောကျ်ားတစ်ယောက်အတွက် မိန်းကလေးဘက်ကနေတဖက်သက်ဖက်တွယ်နေတာကြောင့် နှစ်ကာလအကြာကြီး စိတ်ပင်ပန်းခဲ့ရတာကိုလည်း တောင်းပန်ပါတယ် ထပ်ပြီးတော့လည်းမနှောက်ယှက်တော့ပါဘူး


ဒီလောက်နှစ်တွေအကြာကြီး ကျွန်တော့်ဘက်ကနေ ကာမပိုင်ရှိတဲ့အမျိုးသားတစ်ယောက်ကို နှောက်ယှက်ခဲ့မိတာတွေအတွက် ဘုရားရိုက်တာကိုပဲ ကျေကျေနပ်နပ်ကြီးကိုခံယူလိုက်ပါတယ် အရင်ဘဝကအခုလိုမျိုးကျူးလွန်ခဲ့မိလို့ ဒီဘဝမှာဝဋ်ကြွေးဆပ်နေရတာတောင်မျှ ဒီဘဝထပ်ပြီးကျူးလွန်နေမိတော့ ကျွန်တော့်သံသရာကြွေးတွေလည်း များလွန်းလှပါပြီ 


ဒါကြောင့်မို့ ကျွန်တော်မရပ်တန့်နိုင်သေးပေမယ့် နောက်ဆုတ်လိုက်ပါပြီ လူတစ်ယောက်တည်းကိုသာ ဗဟိုပြုပြီးလည်ပတ်နေမိတဲ့ရပ်ဝန်းကိုလည်း တဖြေးဖြေးနဲ့ရပ်တန့်နိုင်အောင် ကြိုးစားနေပါပြီ


သံသရာတစ်ကွေ့မှာပြန်တွေ့ခွင့်ရရင်တောင် ခင်ဗျားကိုမနှောက်ယှက်တဲ့ ညီမလေးကိုစိတ်သောကမပေးတဲ့ လူတစ်ယောက်အဖြစ်နဲ့သာ ပြန်တွေ့ခွင့်ရချင်ပါတယ်


ကျွန်တော့်မေတ္တာကပူလောင်တယ်ဆိုတာသိထားပါတယ် ဒါပေမယ့်တဖက်သားအပေါ်ထားရှိတဲ့စေတနာက အပူမစွက်ဘူးဆိုတာကို ကျွန်တော်ကလွဲရင်ဘုရားသိမှာပါ


နင်က ပြီးခဲ့တဲ့ဘာမဟုတ်တဲ့ကိစ္စကို အရေးတယူလုပ်နေသေးတယ်ဆိုပြီး တွေးကောင်းတွေးမိမှာပါ အဲ့ဒီ့နာကျင်မှုကို ကာယကံရှင်ဖြစ်ကျတဲ့သူတွေပဲ နားလည်နိုင်မှာပါ 


အများကြီးထပ်မရေးတော့ပါဘူး အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ အခုလက်ရှိကြုံတွေ့နေရတဲ့ကိစ္စရပ်တွေ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့ပါစေခင်ဗျာ။



🙏🙏🙏


23rd March 2025.
11:43 am

မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေရှင်။














ဒီနှစ်မွေးနေ့အတွက်ဆုတောင်းပေးတာရော မနက်ဖြန်မနက်ကျိုက်ခေါက်ဘုရားမှာ နေ့ဆွမ်းသွားကပ်ပေးမှာရောက အရင်လို ၁၅၀၀ မေတ္တာ​အတွက်လုပ်ပေးတာ ( လုံးဝ ) မဟုတ်ပါဘူး


လူမျိုး၊ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ လူတစ်ယောက်အတွက် တကယ်ကိုဖြူစင်သန့်ရှင်းတဲ့ ၅၂၈ မေတ္တာတရားနဲ့သာ ကျွန်တော်ဆုတောင်းပေးတာ ဆွမ်းအလှူလှူပေးဖြစ်တာပါ။


မွေးနေ့ရက်မြတ်မှစတင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ 

အစအရာရာ ကြံစည်သမျှအရာရာတိုင်း ပြည့်ဝအောင်မြင်ပါစေ


ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိသားစုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


လက်အောက်ငယ်သားများနှင့်တကွမိသားစုဝင်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော သူဖြစ်ပါစေ


စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပါစေ


ဘေးအန္တရာယ်အသွယ်သွယ် ကင်းဝေးပြီး 

အသက်ရာကျော်ရှည်ပါစေ


နိုင်ငံတော်နှင့်လူမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ကာကွယ်ပေးနိုင်သော လူပုဂ္ဂိုလ်ဖြစ်ပါစေ


မွေးနေ့ရောက်တိုင်းနှစ်စဥ်မိသားစုနဲ့အတူတူ အလှူရေစက်လက်နဲ့မကွာလှူဒါန်းခွင့်ရပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ...။



🙏 🙏 🙏


ကိုယ်ချစ်။



ခင်ဗျားကိုတကယ်ကိုလွမ်းနေပါတယ် ဒါပေမယ့်လည်း ကျွန်တော်စာမပို့မိပါဘူး 



ကျွန်တော်စာမပို့ဖြစ်တာကြာပြီ တစ်ချက်ကအလုပ်များနေတဲ့အချိန်မှာ ကျွန်တော့်စာဝင်လာရင် အနှောက်အယှက်ဖြစ်သွားမှာကိုစိတ်ပူမိလို့



နောက်တစ်ချက်က ကျွန်တော်နဲ့စကားမပြောချင်တော့ဘူးလို့ခံစားနေရလို့ စာပို့ဖို့အတွက်ကိုဝန်လေးနေမိပြီး တကယ်ကိုချီတုံချတုံဖြစ်နေတာနဲ့ စာမပို့ဖြစ်တော့တာပါ



အခုတလောအချိန်အတော်များများ online မဖြစ်နေတော့ တကယ်ကိုစိတ်ပူမိပါတယ် စာပို့ချင်မိတယ် ဒါပေမယ့်အဆင်ပြေမှာပါလို့ပဲ ဆုတောင်းပေးနေမိတယ် အရင်လိုစိုးရိမ်စိတ်နဲ့ အဆင်ပြေရဲ့လားဆိုတဲ့စကားကိုလည်း မဆိုရဲသလို စိတ်ပူလို့ အစစအရာရာဂရုစိုက်ပါဆိုတဲ့စကားကိုလည်း မဆိုရဲပါဘူး အဲ့ဒီစကားလုံးတွေကိုခင်ဗျားလုံးဝမကြိုက်သလို အဲ့ဒီစကားလုံးတွေကကျွန်တော်နဲ့မျှ သက်ဆိုင်ခွင့်မရှိတာ



အဲ့ဒီတော့ စိတ်ပူနေရပေမယ့် စိုးရိမ်နေရပေမယ့် တိတ်တိတ်လေးနေပေးနေရတာကြီးကို ကျွန်တော်လုံးဝမကြိုက်ပါဘူး ကျွန်တော်မုန်းပါတယ်  fb မှာတင်တဲ့ အကြောင်းအရာကလွဲရင် ဘာတစ်ခုမျှ သိခွင့်မရှိနိုင်တဲ့ ဘဝကိုလည်း ဝန်ခံရရင်မလိုချင်တော့ပါဘူး



ကျွန်တော်ကလူတဖက်သားကို တွယ်ကပ်တက်တဲ့သူမျိုးဖြစ်ပေမယ့် ကျွန်တော့်ကိုမလိုလားတဲ့အပြုအမူမျိုးရှိခဲ့ရင် ကျွန်တော့်ဘက်ကနေရပ်တန့်လိုက်တာ ကျွန်တော်အကျင့်စရိုက်ပါ မာနကြီးတာမဟုတ်ဘူးဗျ လူတစ်ယောက်ရဲ့ သိမ်ငယ်စိတ်ဖြစ်လာတာပါ စိုးရွံ့စိတ်ဖြစ်လာတာ



ကိုယ်စိတ်အဆင်မပြေတဲ့အချိန်မှာ တဖက်သားရဲ့စိုးရိမ်စိတ်က ချစ်တဲ့သူတောင်တစ်ခါတလေစိတ်ရှုပ်နိုင်သေးတာပဲ အစတည်းကမချစ်ခဲ့တဲ့သူဆိုရင်တော့ ပိုပြီးစိတ်ရှုပ်ရမှာပဲလေ ဒါကြောင့်လည်းစာမပို့မိတော့တာပါ လူလတ်ပိုင်းခြားအသက်ထက်တောင်ကျော်လွန်နေပြီပဲ ကျွန်တော်မရင့်ကျက်သေးပေမယ့် ကလေးမဆန်ပါဘူး



မိမိကို အောက်သို့ဆွဲချမည့် အကြောင်းတရားတွေ၊

လူတွေကို မျက်ကွယ်ပြုထားခြင်းက ဥပက္ခာ တရားပါပဲ။


တနေ့ကရေးထားတာကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားရတယ် ဘယ်သူ့ကိုရည်ရွယ်ပြီးရေးတာကိုတော့ ကျွန်တော်မသိပါဘူး ဒါပေမယ့်တဖက်သားကိုဆွဲချမယ့်လုပ်ရက်မျိုးကိုတော့ ကျွန်တော်တစ်ခါမျှမလုပ်ခဲ့ပါဘူး ကျွန်တော့်အပေါ်မကောင်းတဲ့ သူတွေအပေါ်မှာတောင်မျှ မကျူးလွန်ခဲ့ဘူးပါဘူးဗျာ ခင်ဗျားအပေါ်ဆိုရင် ကျွန်တော်ပြုမူပါ့မလား ကျွန်တော့်ကိုပြောတာဆိုရင်တော့ ခင်ဗျားတကယ်ကိုတရားလွန်ပါတယ်



ထားလိုက်ပါတော့ဗျာ ပူလောင်စေတဲ့ကိစ္စကို ကျွန်တော်ကျူးလွန်မိခဲ့လို့ ကျွန်တော်ခံစားနေရတာပါ သူတစ်ဖက်သားကိုအပြစ်မတင်တော့ပါဘူး မဖြစ်သင့်မှန်းမလုပ်ခဲ့သင့်မှန်းသိရက်နဲ့ ကျွန်တော်အစပျိုးမိခဲ့တဲ့ အကျိုးဆက်တွေပါပဲဗျာ ဒါကြောင့်လည်း ဘုရားရိုက်တာနေမှာပါ



အခုတလောအရင်လိုမဟုတ်ဘဲ တကယ်ကိုအများကြီးတွေဝေနေမိပါတယ် သိမ်ငယ်စိတ်ကြောင့်လည်းပါပါမယ် ကျွန်တော့်အရွယ်ကမိန်းမတစ်ယောက်အနေနဲ့ အချိန်လင့်နေပါပြီ အဲ့ဒါကိုထပ်ပြီးတော့အချိန်တွေကိုဖြုန်းတီးနေမိတာပါ တကယ်တမ်းတိတိပပ​ပြောရရင်တော့ လင်တမရူးသင့်တော့ပါဘူး



သူများတွေလင်တရူးတယ်ဆိုတာက သူတို့အတွက်နားခိုရာ သူတို့အတွက်ခိုလှုံရာ သူတို့အတွက်အားကိုးအားထားရာဖြစ်တဲ့ ယောကျ်ားမို့လို့သာ လင်တရူးကြတာပါ



ကျွန်တော်အကြောင်းကတော့ တခြားလူတစ်ယောက်သိမှာတောင် ရှက်ဖို့ကောင်းလှပါတယ်ဗျာ မဖြစ်သင့်မှန်းသိပေမယ့်လည်း ကျွန်တော့်မှာလည်း ကျွန်တော်ချစ်တဲ့သူနဲ့ ကလေးပေါက်စလေးနဲ့မိသားစုဘဝတည်ဆောက်ချင်တဲ့ အိမ်မက်လေးရှိပါတယ်ဗျာ 



အဲ့ဒီ့အတွေးမပြောပါနဲ့ တစ်လတခါဖုန်းပြောခွင့် တစ်နှစ်တစ်ခါတွေ့ခွင့်တောင်မရှိတာကို ကျွန်တော်ဘာတွေများမျှော်လင့်နေမိတာလည်းလို့ ဒီရက်ပိုင်းတွေမှာပြန်မေးမိနေပါတယ်



အဘွားစကားကိုနားမထောင်မိခဲ့လို့ တကယ်ကိုနောင်တရမိပါတယ် "  ငါ့မြေး ယောကျ်ားယူရင်သူချစ်ကိုရှာယူ ကိုယ်ချစ်တဲ့သူကိုမယူနဲ့ ငါ့မြေးစိတ်ဆင်းရဲရလိမ့်မယ်တဲ့လေ  "  ကျွန်တော်ကတသီးတသန့်ကြီး ကိုယ်ချစ်ကိုရှာတာမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူပဲတွေ့မိတာလေ



လူကြီးဆန်ပါတော့မယ်ဗျာ 


ဘုရားဖူးလည်း သွားပါ။

နေ့စဉ် ညစဉ် ဘုရားလည်း ဝတ်ပြုပါ။

ပရိတ် ပဋ္ဌာန်းများလည်း ပူဇော်ပါ။



ပိုက်ဆံရှာပြီး ဘုရားဖူးခရီးရော တခြားခရီးတွေရော သွားပါမယ် 

အခုတလော ဘုရားမှန်မှန်ရှိခိုးဖြစ်နေလို့ နောင်လည်းသေချာရှိခိုးပါမယ်


ကျန်ရှိနေတဲ့ဘဝခရီးလမ်းကို တည်တည်ငြိမ်ငြိမ်လေးပဲ ဖြတ်သန်းသွားပါတော့မယ်။


အချစ်ခံဖို့လည်း မကြိုးစားတော့ပါဘူးဗျာ။









မွေးနေ့ရက်မြတ်မှာ အေးချမ်းသာယာပါစေရှင်။
















ဘုရားမတက်ဖြစ်တာ အတော်လေးကြာပါပြီ မတ်လမှာကကျွန်တော်ချစ်တဲ့သူရော ကျွန်တော့်ကိုချစ်ကြတဲ့သူငယ်ချင်းတွေရော မွေးနေ့တွေရှိတော့ လဆန်းတည်းကဘုရားသွားဖို့ စိတ်ကူးထားတာပါ အကြောင်းအမျိုးမျိုးကြောင့် ဘုရားမတက်ဖြစ်ခဲ့ပါဘူး..


မနက်ဖြန်က မြန်မာလိုမွေးနေ့ဆိုတော့ အစီအစဥ်မရှိဘဲဘုရားတက်ဖို့ပြင်ဆင်လိုက်တယ် ဘုရားမှာဆွမ်းကပ်ဖို့ကြိုမပြင်ထားတော့ ကြက်ဥငံပြာရည်ချက်လေးရယ် မရမ်းသီးသုတ်ရယ် အကြတ်မှုန့်သုတ်ရယ် လက်ဖက်ရယ် ကော်ဖီ ကြက်သားပေါင်မုန့် ရေနွေးကြမ်း အိမ်မှာရှိတဲ့စားသောက်စရာတွေနဲ့ပဲ ဘုရားမှာဆွမ်းကပ်ဖို့စီစဥ်လိုက်ပါတယ်


ဆွမ်းကပ်ဖို့အတွက် ကာလနဂါးတစ်ကောင်မနက်စောစောထရမှာဖြစ်လို့ စောစောအိပ်ပါပြီခင်ဗျာ..


Happy Birthday ပါရှင်..


မွေးနေ့မှာ အစအစအရာရာ အဆင်ပြေပါစေ

အောင်မြင်ပါစေ..


စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပါစေ..


ဘေးအန္တရာယ်အသွယ်သွယ် ကင်းဝေးပြီး 

အသက်ရာကျော်ရှည်ပါစေ..


နိုင်ငံတော်နှင့် လူမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ် ပေးနိုင်သောလူပုဂ္ဂိုလ်ဖြစ်ပါစေ..



မွေးနေ့ရောက်တိုင်း နှစ်စဥ်မိသားစုနဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ..



မွေးနေ့ရက်မြတ်တိုင်း အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ပါစေရှင်..။


🙏 🙏 🙏


 

မနက်ခင်းမှာ အဆိုးတွေပျောက်ပြီး ကောင်းကျိုးပဲရချင်ရင် ဗုဒ္ဒဟောကြားခဲ့တဲ့ ...

ချစ်ရသော


 

မနေ့ညကရာသီဥတုပူတော့ အိပ်လို့ကိုမပျော်ဘူး ကိုယ်တောင်ယပ်တောင်တစ်ချောင်းနဲ့ ဒီလောက်ပူနေတာ သူနေတဲ့အရပ်မှာရော ပူနေရှာမှာပဲလို့တွေးမိပြန်ရော...



ဂရုစိုက်ပါ အဆင်ပြေရဲ့လားဆိုတဲ့ စကားလုံးတွေကိုမကြိုက်ဘူးဆိုတာကို ခဏခဏပြောထားတော့ ကျွန်တော့်မှာစိတ်ပူနေရင်တောင် ညိမ်ညိမ်လေးနေနေရတဲ့ဘဝ


အဲ့ဒါနဲ့ Vb လေး ဝင်ကြည့်မိတော့ ago ပြနေတာ မိနစ်မကြာသေးဘူးဆိုတော့ fb ဝင်ကြည့်မိပြန်ရော တရေးနိုးလာတာဆိုတဲ့ စကားစုနဲ့တင် အကြိမ်ကြိမ်အဖန်ဖန်ငြိတွယ်မိပြန်ပါတယ် အဲ့ဒီယောကျ်ားအပေါ်ပဲမေတ္တာသက်ဝင်မိနေတော့ ကျန်တဲ့ယောကျ်ားတွေကို နေ့တဒူဝမြင်နေတွေ့နေရတာတောင် သာမန်ကာလျှံကာသဘောပဲထားမိတာပေါ့ဗျာ



ကျွန်တော်ကပဲအစွဲအလန်းကြီးတာလား ခင်ဗျားကပဲညှို့နိုင်စွမ်းရှိတာလား တစ်ကြိမ်တစ်ခါပဲတွေ့မြင်ဘူးတဲ့လူကို ဒီနေ့ဒီအချိန်ထိဖက်တွယ်နေမိတာကိုတော့ ကျွန်တော့်ဘာသာတောင် အဖြေကိုမစဥ်းစားတက်ပါဘူး



ဒီနေ့လည်မှာ ခင်ဗျားအဆင်မပြေမှန်းသိတော့ စိတ်ပူမိပြန်တယ် ငါ့ကြောင့်များလားဆိုတဲ့အတွေးက လူကိုဖိစီးမိပြန်ရော စသိတည်းကနေ ဒီနေ့အချိန်အထိ ကျွန်တော်ကြောင့်တစ်စုံတစ်ခုထိခိုက်မှာ နစ်နာသွားမှာ တကယ်ကြီးကိုစိုးရိမ်မိတာပါ ခင်ဗျားကိုမြူမှုန်လေးတစ်ခုမျှလောက်တောင် မထိခိုက်မနစ်နာစေချင်တာ ကျွန်တော့်စိတ်ရင်းအမှန်ပါ 



အဲ့ဒါကြောင့် တအားကြီးလွမ်းနေရင်တောင်မှ အရင်လိုစာတွေမပို့မိတာပါ ကျွန်တော်စိမ်းကားသွားတာ မဟုတ်ရပါဘူး အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်မိလို့ပါ



မနက်ကလည်း ခင်ဗျားမိန်းကလေးတွေ account လာ add တော့ လက်မခံပေးမိပြန်ဘူး သူတို့ကိုမနာလိုတာ သဝန်တိုတာအရင်လိုမရှိတော့ပါဘူး တကယ်ကိုပင်ပန်းရလို့အဲ့ဒီစိတ်ကို လျစ်လျှူပြုထားလိုက်ပါပြီ ဒါပေမယ့်လည်း ခင်ဗျားနဲ့ပတ်သက်ပြီး သိချင်တာတစ်ခုခုရှိလို့ သူတို့လာပြီး add မှာကိုပဲစိုးရိမ်မိတာပါ



ကျွန်တော်က ချစ်တာကိုတအားကိုထုတ်ပြတက်တဲ့ လူမျိုးလေ သူတစ်ပါးကဲ့ရဲ့တာ ရှုတ်ချတာကိုလည်း အများကြီး တွေးပူမနေတက်တော့ဘူးဆိုတော့ ခင်ဗျားအပေါ်ချစ်သမျှတွေကိုပြောပြမိမှာပါ အဲ့ဒါကြောင့် ခင်ဗျားမိန်းကလေးတွေ တနည်းည်းနည်းနဲ့သိမှာကိုပဲစိုးရိမ်မိတာပါ



မိန်းမဆိုတာ ကိုယ်သဘောကျတဲ့ ချစ်တဲ့ ယောကျ်ားနဲ့ပတ်သက်ရင် သူ့ဘာသာအမြင်အာရုံတွေ အကြားအာရုံတွေက အင်တာနက်ကွန်ယက်လိုချိတ်ဆက်မိတာလေ ခင်ဗျား friend list ကိုမသိဘဲနဲ့ သူတို့ကခင်ဗျားနဲ့ပတ်သက်နေတဲ့ မိန်းမတွေဆိုတာကျွန်တော်သိသလိုပေါ့



တစ်ရက်ထက်တစ်ရက် ကျွန်တော်မှားနေတယ်ဆိုတာကို တိတိပပကြီးလက်ခံထားပေမယ့်လည်း ခင်ဗျားမရှိတဲ့အရပ်မှာ တစ်ယောက်တည်းနေဖို့အတွက် အခုအချိန်အထိတိုင် ကျွန်တော်သွေးမရဲသေးပါဘူးဗျာ။




ညသန်းခေါင်ကျော် နိုးလာတော့ fb ဝင်ဖတ်မိတယ် စိတ်ထဲမှာထင့်နေတဲ့အတိုင်း အဆင်မပြေဘူးဆိုတာကို သိလိုက်ရတယ် ကျွန်တော်ဘက်ကအကူအညီမပေးနိုင်ပေမယ့် ကျွန်တော်ကြောင့် အဆင်မပြေဖြစ်သွားတယ်ဆိုပြီး ခံစားနေရပါတယ်



အဲ့လိုသာဆိုရင် ကျွန်တော်ဆင်ခြင်ပါ့မယ် ခင်ဗျားအတွက် အနှောက်အယှက်ဖြစ်စေမယ့် မိန်းမတစ်ယောက်မဖြစ်စေဖို့က ကျွန်တော်စေတနာအရင်းခံပါ 



အဲ့ဒါကြောင် အခုအချိန်ကစပြီး ခင်ဗျားထိခိုက်နစ်နာစေမယ့် ကိစ္စရပ်မျိုးနည်းနည်းလေးမျှ မရှိစေရပါဘူးဗျာ။





Thanks.


လွမ်းတယ်

အဲ့ဒီ့နေရာလေးမှာပဲ ရပ်ထားလိုက်ပါတယ်


မြင်နေခွင့်ရယုံ အသံလေးကြားနေခွင့်ရယုံနဲ့တင်

ကျွန်တော်ကျေနပ်ပါတယ်။
 

အရှက်တရား။


 

တဖက်သားအမျိုးသားတစ်ယောက်ရဲ့ အချိန်တွေကိုလည်းထပ်မဖြုန်းပါနဲ့တော့ နင်ရဲ့လေးနှစ်တာဆိုတဲ့ အချိန်တွေလည်း ပြုန်းတီးသွားခဲ့ပြီးပါပြီ ရပ်လိုက်ပါတော့ ငါတကယ်ကိုတောင်းပန်ပါတယ်။



ဖာသည်မ အဲ့ဒီနာမည်ကိုနင်ကြိုက်လို့လား သဘောကျလို့လား နှစ်သက်လို့လား ပြန်မေးကြည့်ပါ နင်အရမ်းမုန်းတီးတယ် မဟုတ်လား 



နင့်ကို ရောဂါမရနိုင်တဲ့ သတင်းမပေါက်ကြားနိုင်တဲ့ နာမည်မပျက်နိုင်တဲ့ ပိုက်ဆံကုန်ကျစရာမလိုတဲ့ အလကားရတဲ့ဖာသည်မ သူ့သိက္ခာတရားအတွက်စိတ်တ်ချရတဲ့မိန်းမဖြစ်လို့ စိတ်ချရတဲ့ဖာသည်မလို့ သဘောထားနေတာကို နင်ကျေနပ်နေတာလား 



နင့်ရဲ့တန်ဘိုးကအဲ့လောက်တောင်ပဲ စုတ်ပြတ်သတ်သွားတာကို နင်မသိတာလား နင်မရှက်ဘူးလားဟာ



နင်သဘောကျခဲ့တဲ့ နင့်ကိုသဘောကျခဲ့တဲ့ ယောကျ်ားသားတွေက အယုတ်စွဆုံးနင်နဲ့အတူအိပ်ခဲ့ဘူးတဲ့ AHA တောင် နင့်တန်ဘိုးကိုအဲ့သလောက်ကို စုတ်ပြတ်သွားအောင် ဘယ်သူများကျူးလွန်ခဲ့ဘူးလည်း လုပ်ခဲ့ဘူးလည်း



နင်ခွင့်မပြုပေးခဲ့တဲ့အတွက် နင့်တန်ဘိုးကို ဘယ်သူမျှစုတ်ပြတ်သတ်ခဲ့အောင် မလုပ်ခဲ့ဘူးပါဘူး နင်ခွင့်ပြုခဲ့ပေးလို့သာ အခုလို ဖာသည်မဆိုပြီး နာမည်တပ်ခံရတာပါ မိန်းမတစ်ယောက်ရဲ့တန်ဘိုး မိန်းမတစ်ယောက်ရဲ့သိက္ခာကိုချနင်းခံရတာ



မိန်းမတစ်ယောက်ကို သံယောဇဥ်ရှိခဲ့တဲ့ဘယ်ယောကျ်ားမဆို အဲ့လိုလုပ်ရက်မျိုးကိုလုပ်ခဲ့မှာ မဟုတ်ပါဘူး သူ့အတွက် နင်နဲ့ကာမဆက်ဆံဖို့အကြောင်းကိစ္စတစ်ခုတည်းအတွက် ဆန္ဒရှိတဲ့ယေကျ်ားတစ်ယောက်ကို ဘယ်လိုခံစားချက်နဲ့များ နင်ဖက်တွယ်နေရတာလည်းဟာ



မိန်းမတစ်ယောက်ဖြစ်ပြီး နင်မရှက်ဘူးလား 



နင်အသိဆုံးပါ နင့်ဘဝဘယ်လောက်တောင် အောက်တန်းစားဖြစ်နေရတာ မိန်းမတကာတည်းမှာ ဘယ်လိုအတန်းအစား မိန်းမဘဝမျိုးရောက်နေရတာ နင်အသိဆုံးနေမှာပါ



ရပ်လိုက်ပါတော့ ကျေးဇူးပြုပြီးရပ်တန့်လိုက်ပါတော့။





ကျွန်တော်မပိုင်ဆိုင်သော ချစ်သော


 

ဖေဖေါ်ဝါရီလ ၅ရက်နေ့ ၅လပိုင်းပြန်လာရမယ်ထင်၏ ဆိုတဲ့စကားကြောင့်အတော်လေး စိတ်လှုပ်ရှားခဲ့ရတာပါ ဝန်ခံရရင်တွေ့ချင်တဲ့ကျွန်တော့်စိတ်က တစ်ရာရာခိုင်နှုန်းထက် ပိုယုံပဲရှိပါမယ် ဒါပေမယ့်လည်း နင်ငြိတွယ်လို့မဖြစ်တော့ပါဘူးဆိုတဲ့စိတ်ကြောင့် ဟုတ်ကဲ့ ဆိုတဲ့စကားတစ်ခွန်းနဲ့တင် စကားမဆိုဖြစ်ခဲ့ကြပါဘူး



ဖေဖေါ်ဝါရီလလယ်မှာ online မှာမတွေ့ဘူးဆိုတဲ့ တခြားသူ post ကြောင့် စိတ်ပူရပြန်ရော အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုဆိုခဲ့ချင်ပေမယ့် စာမပို့ခဲ့မိပါဘူး အနည်ထိုင်ဖို့ကိုအတင်းရောအကာရော ကျွန်တော်ကြိုးစားမိနေတာပါ



မမပြန်ရောက်လာလို့ ခေါင်းချအိပ်နိုင်ပြီဖြစ်လို့ ခင်ဗျားကိုအရမ်းသတိရမိတဲ့နေ့ဆို မိုးလင်းပေါက် online ဖြစ်နေတာကလွဲရင် ညသန်းခေါင်ကျော်တာနဲ့  line ပိတ်ပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်မိပါတယ် အဲ့ဒီတော့ မနေ့ကစာပို့ထားတာကို မသိလိုက်ရလို့ စကားမပြောဖြစ်ရပြန်ဘူး



မနက်မှာစာပို့ထားတာတွေ့တော့ အနည်ထိုင်ဖို့ကြိုးစားထားသမျှက ရေတစ်ပွက်စာတောင်မကြာပါဘူး အစစအရာရာဂရုစိုက်ပါဆိုတဲ့ စကားကိုဆိုမိပြန်ရော ခင်ဗျားခဏတာအားတဲ့အချိန်လေးမှာ နှစ်လကျော်သုံးလကျော်အချိန်ကာလအတွက် ကျွန်တော်ခမျာအလွမ်းသည်ချင်ပါတယ်ဆိုမှ မာတာမိခင်ရဲ့လော်ဆော်နေမှုကြောင့် တနေ့လုံး အလွမ်းမသည်ခဲ့ရပါဘူး



ချစ်တယ် ဒီလူတစ်ယောက်နဲ့ပဲ ဆယ်စုနှစ်တစ်ဝက်နီးပါးအချိန်တွေကုန်ဆုံးခဲ့ရပေမယ့် ခင်ဗျားကိုချစ်တဲ့ သဘောကျတဲ့ ဖက်တွယ်တဲ့ ကြိုက်တဲ့ လေးစားတဲ့ မိန်းမတစ်ယောက်ကနေ ယောကျ်ားတစ်ယောက်ကို မက်မောတွယ်တာမိတဲ့ စိတ်ကလေးက နည်းနည်းလေးမျှတောင် မလျော့ပါးသေးပါဘူးဗျာ



ရေစက်လို့ပဲပြောပြော ဝဋ်ကြွေးလို့ပဲဆိုဆို ကိုကိုလို့ ကျွန်တော်နာမ်စားသုံးနှုန်းထားတဲ့ အမျိုးသားတစ်ယောက်ကို ဒီအမျိုးသမီးကတော့ အကြိမ်ကြိမ်အဖန်ဖန် မက်မောတွယ်တာပြီးတော့ ဖက်တွယ်မိနေအုန်းမှာပါ။



#27th February 2025

ချစ်သော ရွှေယုန်။

https://yangonbornmalkhin.blogspot.com/2022/03/blog-post_22.html 


2022 ခုနှစ်တုန်းကတော့ ဒီနေ့က 

ကျွန်တော်ပထမဆုံးသိရတဲ့ ခင်ဗျားမွေးနေ့ 

2023, 2024 တခုတ်တရ မွေးနေ့အတွက် 

ဆုတောင်းပေးနေမိတုန်းပါ


2025 The End.

မနေ့တနေ့ကအထိကို နင်အဆင်ပြေလားဆိုတဲ့

စကားတစ်ခွန်းကို ကြားချင်နေမိတုန်းပါ

ဒါပေမယ့်လည်း


ပုံပြင်လေးအဆုံးမှာ ကျွန်တော်

မောင်ကျားကြီးဟာ..။




21st February 2025.















ကျေးဇူးဥပကာရများစွာဖြင့်။
















အကူအညီပေးခဲ့ကြပါသော မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ဒူဘိုင်းမြို့၊ကောင်စစ်ဝန် ဦးမိုးထက်ကျော် နှင့် 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ညွှန်ကြားရေးမှုးချုပ် နှင့် အရာထမ်း၊အမှုထမ်းများအားလုံး။
မြန်မာသံရုံး၊ဗန်ကောက်မြို့။
ပြည်ထဲရေးဝန်ကြီးဌာန၊ အမှတ်၁၉၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ဦးဇော်ထူးအောင် ၊ရဲအုပ် ဦးကျော်ဆန်းလင်းနှင့် အရာထမ်း၊အမှူးထမ်းများအားလုံး။
အကူအညီပေးခဲ့ကြပါသော ပြည်တွင်းပြည်ပမှလူပုဂ္ဂိုလ်များအားလုံး။
ဒီဖြစ်စဥ်တစ်ခုလုံးအတွက်တစ်ထောင့်တစ်နေရာကနေ အကူအညီပေးခဲ့ကြသည့် တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို မိသားစုကိုယ်စားကျွန်တော်တကယ်ကို ကျေးဇူးဥပကာရအများကြီးတင်ရပါတယ်ခင်ဗျာ။


နိုင်ဝင်ဘာလ ၂၃ရက်နေ့ကနေစပြီးတော့ ပြန်လာနိုင်ရေးအတွက်ကြိုးစားလာရတဲ့ ဖိစီးနေတဲ့ဝန်ထုတ်ဝန်ပိုးကြီးဟာ ဒီနေ့ဒီချိန်မှာပြုတ်ကျသွားရပြီဖြစ်လို့ ကျွန်တော်နဲ့မိသားစုဝင်တွေအားလုံး တကယ်ကိုပျော်ရွှင်ရပါတယ် တကယ်ကိုစိတ်ချမ်းသာရပါတယ်ခင်ဗျာ။


၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့၊ ၂၂ရက်နေ့၊ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့၊ ၂၈ရက်နေ့၊ ဖေဖေါ်ဝါရီလ ၅ရက်နေ့၊ ၇ရက်နေ့တွေဆိုရင် ပြန်လာဖို့အတွက်လက်မှတ်နှစ်ကြိမ်ဝယ်ခဲ့ရတာတွေ ကောင်စစ်ဝန်ကနေမြန်မာနိုင်ငံရှိသက်ဆိုင်ရာဌာနတွေကို ချိတ်ဆက်ပေးခဲ့ရတာတွေ အိုမန်နိုင်ငံရှိသက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပေးရတာတွေ အိုမန်လူကုန်တားကိုတိုင်ကြားခဲ့ရတာတွေ  မြန်မာအေးဂျင့်ကအိုမန်အေးဂျင့်ကိုသိန်း၁၀၀ ပြန်ပေးဖို့အဆင်မပြေလို့ လူစားညီမလေးရောက်ပါမယ်​ပြောပြီးရက်ရွေ့သွားရတာတွေ ကောင်စစ်ဝန်ကိုဆက်သွယ်အကူအညီတောင်းခံပြီး ရက်ပေါင်း(၇၀)အတွင်းမှာကျွန်တော်တို့တွေကြိုးစားခဲ့ရတာတွေမှ အများကြီးပါခင်ဗျာ။


၁၈ရက်နေ့ည ပြန်လာဖို့အတွက်လက်မှတ်လည်းဝယ်ပေးထားပြီးပြီ ဒူဘိုင်းကောင်စစ်ဝန်ရုံးဘက်ကနေလည်း သက်ဆိုင်ရာဌာနတွေနဲ့လည်းချိတ်ဆက်ပေးထားပြီးပြီ လေဆိပ်ဆင်းရမယ့်အချိန်မှာ မြန်မာ Agent အစ်ကိုကြီးရဲ့ကျေးဇူးတော်ကြောင့် လေဆိပ်မဆင်းခဲ့နိုင်လို့ မိသားစုဝင်တွေရော မြေပြင်မှာတိုက်ရိုက်အကူအညီပေးနေခဲ့တဲ့ကောင်စစ်ဝန်ရော အတော့်ကိုစိတ်ဒုက္ခများခဲ့ရတာပါခင်ဗျာ ဒီညပြန်လို့ရပြီလို့အကြိမ်ကြိမ်မျှော်လင့်စောင့်စားနေတဲ့သူအတွက်တော့ အများကြီးစိတ်ဆင်းရဲခဲ့ရရှာမှာပါ။


၂၀ရက်နေ့ ည ၁၁နာရီ၅၅မိနစ်မှာတော့ အိမ်ကဆရာမတစ်ယောက် အသေအချာပြန်ရပါပြီဆိုပြီး စိတ်ဒုံးဒုံးချလိုက်ကာမှ Check in time ည ၉နာရီ လေဆိပ်ကိုအရောက်ပို့ပေးပါမယ်စကားဆိုထားပြီး ည၇နာရီမှ Cancelation process မလုပ်ရသေးလို့ Weekend ဖြစ်သွားလို့ Date change ရမယ်ဆက်သွယ်လာခဲ့တော့ စိတ်ပင်ပန်းလွန်းရလို့ ကျွန်တော်တစ်ယောက်အသက်တစ်ရာလည်းမနေချင်တော့ပါဘူး ဒီကိစ္စကြီးမြန်မြန်ပြီးပါစေပဲ ဆုတောင်းမိခဲ့တာပါ ဒီနေ့ပြန်ရမှာပါလို့ လေယာဥ်လက်မှတ်တွေပို့ပေးထားပြီး Cancelation မလုပ်ရသေးလို့ Date change ရတာကိုမသိတဲ့အဆက်အသွယ်မရတဲ့ ဟိုရောက်နေတဲ့ဆရာမလည်း ဘာမှမဖြစ်ပါစေနဲ့လို့ပဲတဖွဖွဆုတောင်းခဲ့ရတာတွေ တကယ်ကိုစိတ်သောကရောက်ခဲ့ရတာတွေပါ


ကျန်တဲ့ရက်တွေတိုင်းမှာ ကြုံဆုံရတာတွေအများကြီးပေမယ့် Note မှာရေးထားပေမယ့် post မတင်တော့တာပါဗျာ။



၁။ နိုဝင်ဘာလ၊၂၆ရက်နေ့ ငွေကြေးအခက်အခဲအတွက်အကူအညီပေးခဲ့တဲ့ အစ်မနဲ့အစ်ကိုမိသားစု နှစ်ကာလအများအကြီးအဆက်အသွယ်မရှိခဲ့တာကို ယုံကြည်မှုတစ်ခုနဲ့ရက်ပိုင်းအတွင်းလိုအပ်နေတဲ့ငွေကိုထုတ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ရပါတယ်။

၂။ နိုဝင်ဘာလ၊၂၉ရက်နေ့ ကျွန်တော်အခက်အခဲမှန်သမျှ လူရောစိတ်ပါနှစ်ပြီးအမြဲအကူအညီပေးတက်တဲ့ အဝေးရောက်နေတဲ့သူငယ်ချင်းမိသားစုနှစ်စုကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်။

၃။ ဒီဇင်ဘာလ၊၁ရက်နေ့ ငွေကြေးအခက်အခဲအတွက် အကူအညီပေးဖို့အားတက်သရော စုံစမ်းပေးခဲ့တဲ့အစ်မမိသားစုနှစ်စု ရသမျှကောက်ရိုးမျှင်တွေကိုဆုပ်ကိုင်ထားရတာဖြစ်လို့ အဖက်ဖက်ကနေအကူအညီတောင်းထားရတာပါ တကူးတကဆက်သွယ်ပေးခဲ့တဲ့ အစ်မတို့အကူအညီကိုလည်းကျေးဇူးတင်ရပါတယ်။

၄။ အခက်အခဲအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ငွေကြေးအပြည့်အဝအကူအညီမပေးနိုင်ပေမယ့် စိတ်ရင်းနဲ့အကူအညီပေးခဲ့ကြတဲ့ အမေရဲ့ဆွေမျိုးသားချင်းတွေကိုလည်းကျေးဇူးတင်ရပါတယ်။

၅။ ဒီဇင်ဘာလ၊၁ရက်နေ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ဒူဘိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော်ကို ချိတ်ဆက်နိုင်ဖို့အကူအညီပေးခဲ့တဲ့သတင်းဌာနကအစ်ကိုကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်။


ဒီဇင်ဘာလ၊၆ရက်နေ့ ပေးလျော်ရမယ့်လျော်ကြေးငွေရရှိသွားလို့ ငွေကြေးအခက်အခဲပြေလည်သွားပြီဆိုပြီး သက်ဆိုင်ရာဌာနတွေနဲ့မချိတ်ဆက်ရတော့ဘူးလို့ ကျွန်တော်ထင်ထားခဲ့ပေမယ့် ဒီဇင်ဘာလ၊၈ရက်နေ့မှာ အိုမန် Agent ဘက်ကနေကနဦးတောင်းဆိုထားတဲ့ လျော်ကြေးငွေထက်ပိုမိုတောင်းခံလာတာကြောင့် လျော်ကြေးငွေညှိနှိုင်းပေးနိုင်ပါရန်နှင့် အန္တရာယ်ကင်းစွာနဲ့ပြန်လာနိုင်ဖို့အတွက် ဒီဇင်ဘာလ၊၉ရက်နေ့မှာ ကောင်စစ်ဝန်ထံကို ကျွန်တော်စတင်အကူအညီတောင်းခံခဲ့ရတာပါ။


၆။ ဒီဇင်ဘာလ၊၉ရက်နေ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ဒူဘိုင်းရှိ ကောင်စစ်ဝန်ထံစတင်ဆက်သွယ်ခဲ့တဲ့အချိန်မှာ ဆက်သွယ်ပေးတဲ့သူကဘယ်သူပါလည်းဆိုတဲ့ မေးခွန်းတစ်ခွန်းသာမေးပြီး ကျွန်တော့်ဘက်ကနေစတင်ဆက်သွယ် အကူအညီတောင်းခံခဲ့တဲ့ ၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊၉ရက်နေ့ကနေစပြီး ရန်ကုန်လေဆိပ်ပြန်လည်ရောက်ရှိလာတဲ့ ၂၀၂၅ခုနှစ်၊ဖေဖေါ်ဝါရီလ၊၁၇ရက်နေ့အထိ အစစအရာရာပြဿနာရပ်တစ်ခုလုံးကို အစမှသည်အဆုံးတိုင် အကုန်လုံးအကူအညီပေးခဲ့တာပါ။
အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ၊၁၅ရက်နေ့မှာတောင် အိမ်ကဆရာမ Agent ရုံးမှာ ပြဿနာတက်နေလို့ကျွန်တော်လည်းဒီကနေ ဘယ်လိုမှအကူအညီပေးလို့မရတာနဲ့ အားနာနာနဲ့ပဲကောင်စစ်ဝန်ထံကိုဆက်သွယ်ပေးပြီး အကူအညီတောင်းခဲ့ရတာတွေ၊
ကြားရက်တွေမှာလည်း နေ့တိုင်းလိုလိုကိစ္စရပ်တစ်ခုတိုင်းစီအတွက် ကျွန်တော့်ဘက်ကနေဆက်သွယ်ပေးပြီး အကူအညီတောင်းခဲ့ရတာတွေ၊
၁၈ရက်နေ့မှာလည်း လေယာဥ်လက်မှတ်ဝယ်ယူပေးရတာ သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပေးပြီး အဆင်ပြေချောမွေ့စွာပြန်လာနိုင်ဖို့အတွက် ကောင်စစ်ဝန်ရုံးကနေ တနေ့လုံးလုပ်ဆောင်ပေးထားခဲ့တာတောင် မြန်မာ Agent ဘက်ကချိတ်ဆက်ပေးမှုနောက်ကျခဲ့တာကြောင့် အချိန်မီလေဆိပ်မဆင်းနိုင်ခဲ့တဲ့ကိစ္စရပ်တွေ၊
၁၉ရက်နေ့မှာလည်း Cancel ဖြစ်သွားတဲ့လက်မှတ်အစား မြန်မာ Agent ဘက်ကနေ လေယာဥ်လက်မှတ်ပြန်ဝယ်ပေးနိုင်ဖို့အတွက် တချိန်လုံးအကူအညီပေးခဲ့ရတာတွေ ကျွန်တော်တို့ကြောင် စိတ်သောကဖြစ်ရတာတွေအများကြီးပါ၊
၂၀ရက်နေ့မှာလည်း Cancelation process ကြောင့်ပြန်လို့မရလို့ Group chat ဖွင့်ပြီး ရှင်းပေးခဲ့ရတာတွေ၊
အိမ်ကဆရာမအဆင်ပြေချောမွေ့စွာ ပြန်လာနိုင်ဖို့အတွက် ကိစ္စကြီးကြီးငယ်ငယ်ကိစ္စရပ်တိုင်းကို အချိန်မဆိုင်းဘဲအမြဲအကူအညီပေးခဲ့တာတွေအတွက် ကျွန်တော်နဲ့မိသားစုဝင်တွေအကုန်လုံးကပါ စိတ်ရင်းနဲ့တကယ်ကိုကျေးဇူးတင်ရပါတယ်ခင်ဗျာ။
ကျွန်တော်တို့ကိုဘယ်အတိုင်းအတာအထိတောင် အကူအညီပေးခဲ့ရတာလည်းဆိုရင် ဒီဇင်ဘာလ၊၁၆ရက်နေ့က မြန်မာ Agent ကို လျော်ကြေးငွေလွှဲပေးဖို့အတွက် ကျွန်တော့် KBZ pay account limit ပြည့်သွားလို့ ငွေလွှဲဖို့ကျန်တဲ့ပမာဏကိုတောင် စိုက်လွှဲပေးခဲ့သူပါခင်ဗျာ။
ဒီဇင်ဘာလ ၉ရက်နေ့ကနေစပြီး ရက်ပေါင်း၇၀မှာရက်အတော်များများ ကောင်စစ်ဝန်ခမျာကျွန်တော်တို့ကိစ္စကြောင့် စိတ်ဖိစီးခဲ့ရမှာပါခင်ဗျာ။


၇။ ဒီဇင်ဘာလ၊၁၂ရက်နေ့ ညွှန်ကြားရေးမှူးချုပ်၊အပြည်ပြည်ဆိုင်ရာစီးပွားရေးဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော်။ ကျွန်တော်ဘက်ကနေသတင်းပို့တိုင်ကြားတဲ့အချိန်မှာ တိုင်းတစ်ပါးမှာရောက်ရှိနေပြီးအကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့အခက်အခဲကို သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပေးပြီး နေ့ချင်းအတွင်းအားတက်သရောအကူအညီပေးခဲ့တဲ့အတွက် ကျွန်တော်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ရင်းနဲ့တကယ်ကိုအများကြီးဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။


ဒီဇင်ဘာလ၊၁၄ရက် ကျွန်တော့်ဘက်ကနေ ငွေစတင်လွှဲပေးဖို့ဆက်သွယ်ခဲ့တဲ့ ဒီဇင်ဘာလ၊၁၄ရက်နေ့ ညနေပိုင်းကနေ ငွေလွှဲပြီးတဲ့ ဒီဇင်ဘာလ၊၁၆ရက်နေ့အထိ ၁၈ရက်နေ့ပြန်ပါမယ်ပြောခဲ့ပြီး ဒီဇင်ဘာလ၊၁၈ရက်နေ့ မနက်ပိုင်းအထိ အိုမန် Agent နဲ့ ချိတ်ဆက်ပြီး သူ့ဘက်အကူအညီပေးနေပါတယ်ပြောခဲ့သူ။
၁၈ရက်နေ့ည လေယာဥ်လက်မှတ်ကို သူ့ဘက်ကနေဝယ်ပေးထားပါဆိုလို့ ဝယ်ပေးထားတာတောင်မှ လေယာဥ်ချိန်နီးတဲ့အထိ အိုမန် Agent နဲ့ ချိတ်ဆက်ထားခဲ့တာမရှိလို့ ကာယကံရှင်နဲ့ကျွန်တော်တို့မိသားစုဝင်တွေ ဌာနဆိုင်ရာအကုန်လုံးကိုချိတ်ဆက်ပေးထားရတဲ့ ကောင်စစ်ဝန်ပါ အတော်လေးကိုစိတ်သောကရောက်ခဲ့ရတာတွေ။
၁၉ရက်နေ့ လေယာဥ်လက်မှတ်တွေ AED ၂၀၀၀ကျော်နေလို့ ၂၀ရက်နေ့ည လေယာဥ်လက်မှတ် ပြန်ဝယ်ပေးခဲ့ပြီး Cancellation process မလုပ်ရသေးလို့ ည၇နာရီမှ Date change တဲ့ lnformation ပေးခဲ့တာတွေ။


၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ကနေစပြီးတော့ ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ရက်နေ့အထိ အဆင်မပြေမှုတွေအများကြီးရှိခဲ့ပေမယ့် ကူညီပေးခဲ့တဲ့
Al Fahad Plaza Building က မြန်မာ Agent ကိုဘရန်မွန်းအောင်ကိုလည်း ကျေးဇူးတင်ပါတယ်။


ဒီဇင်ဘာလ၊၁၃ရက်နေ့ သူ့အခန်းမှာလေးရက်တာနေခဲ့ပြီး သူနေတဲ့ Condo အခန်းကနေ Check in Counter မပိတ်ခင်အချိန်မှ အချိန်ကပ်ပြီးလေဆိပ်ကိုလိုက်ပို့ပေးခဲ့တာတောင် အိမ်ကဆရာမကိုသူမသိပါဘူး ဒူဘိုင်းကိုသွားဖို့ပို့ဆောင်ပေးတာ သူမဟုတ်ပါဘူးပြောခဲ့တဲ့ " ဘူး တစ်လုံးဆောင် အို အောင်မဆင်းရဲ " စကားပုံကို ရင်ဝယ်ပိုက်ထားတဲ့ လသာမြို့နယ် MTP Condo က Agent မနှင်းခေါ်မဌေးဌေးဝင်းကိုလည်း ကျေးဇူးတင်ရပါတယ်။


ဒီဇင်ဘာလ၊၂၁ရက်နေ့ အကူအညီပေးခဲ့တဲ့ Al Ghawali ရုံးမှ မြန်မာစကားပြန်ညီမလေး Ruby နဲ့ သူဌေး၊သူဌေးမနဲ့ ညီမငယ်လေးကိုလည်း ကျေးဇူးတင်ရပါတယ်။


၈။ ဒီဇင်ဘာလ ၁၉ရက်နေ့ကစတင်ဆက်သွယ်ပေးခဲ့ပြီးစဥ်ဆက်မပြတ်သတင်းမေးပေးသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အမှတ်၁၉မှ ဒုတိယရဲမှူးဦးဇော်ထူးအောင် နှင့် ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ရက်နေ့တွင် အကူအညီပေးခဲ့ပါသော ရဲအုပ်ဦးကျော်ဆန်းလင်းတို့ကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာ။


စာလည်းရှည်သွားပါပြီ ယခုလက်ရှိကာလအတွင်းမြန်မာနိုင်ငံမှာအလုပ်အကိုင်အခြေအနေအခွင့်အလန်းနည်းပါးလို့ပဲဖြစ်ပါစေ သက်ဆိုင်ရာကာယကံရှင်ရဲ့အကြောင်းတရားအမျိုးမျိုးကြောင့်ဖြစ်ပါစေ ပြည်ပထွက်ပြီးအလုပ်လုပ်မယ်ဆိုရင်မတားပါဘူး လတ်တလောကြုံတွေ့ခဲ့ရတာတွေကြောင့် စိတ်ရင်းစေတနာနဲ့အောက်မှာရေးထားတဲ့အချက်သုံးချက်လုံး အဆင်ပြေတယ်ဆိုမှသာ သွားစေချင်ပါတယ်ဗျာ။

( ပြည်ပနိုင်ငံကိုရောက်ရှိတာနဲ့ လေဆိပ်မှာရှိတဲ့ Sim card counter မှာ မိမိအားဆက်သွယ်နိုင်ဖို့အတွက် ဖုန်း Sim card မဖြစ်မနေဝယ်ယူထားပါ။  )

၁။ သူတစ်ပါးနိုင်ငံမှာကိုယ်တစ်ယောက်ထဲအလုပ်သွားလုပ်မှာဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲနဲ့ကြုံတွေ့လာခဲ့ရသည်ရှိသော် နိုင်ငံတိုင်းမှာအကူအညီတောင်းခံနိုင်ဖို့အတွက် မြန်မာသံရုံးမရှိနိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာနိုင်ငံရှိအဖွဲ့အစည်းများကိုဆက်သွယ်အကူအညီတောင်းခံနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားနဲ့ ကိုယ်တိုင်ပြဿနာရပ်တစ်ခုလုံးကိုဖြေရှင်းနိုင်ရဲ့လား။
၂။ ကိုယ်ရောက်ရှိလာတဲ့လမ်းကြောင်းက နိုင်ငံတော်ကနေတရားဝင်ခွင့်ပြုပေးထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး Agency တွေစီကနေတဆင့်ရောက်ရှိလာတာလား။
၃။ ပြည်ပနိုင်ငံရောက်ရှိသွားတဲ့အချိန်မှာ လက်ရှိဆက်သွယ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ Agency ကရော သက်ဆိုင်ရာနိုင်ငံကတရားဝင်အသိအမှတ်ပြုပေးထားတဲ့ အလုပ်အကိုင်ရှာဖွေရေး Agency လား။
ဆိုတဲ့အချက်အလက်တွေကို သေချာစုံစမ်းလေ့လာပြီးမှ သွားရောက်လုပ်ကိုင်စေချင်ပါတယ်ဗျာ။


( တရားမဝင်လမ်းကြောင်းအမျိုးမျိုးနဲ့သွားရောက်လုပ်ကိုင်နေပြီး အစစအရာရာအဆင်ပြေနေတဲ့လူတွေလည်း မရှိဘူးမဟုတ်ပါဘူးရှိကြပါတယ်။
အများစုသောအဆင်မပြေခဲ့ကြသူတွေက သူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်မှန်ကိုဖွင့်မပြောကြလို့သာ ဒုက္ခကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာကိုမသိနိုင်ခဲ့ကြတာပါ " ကိုယ့်ဝမ်းနာ ကိုယ်သာသိ " ဆိုတဲ့စကားလက်ကိုင်ထားတဲ့ မြန်မာလူမျိုးတွေရဲ့အမူအကျင့်ကြောင့်ဆိုပါတော့ဗျာ။ )


မိသားစုငွေကြေးအခက်အခဲကြောင့် ပိုက်ဆံရှာဖွေချင်တဲ့ ဇောတစ်ခုတည်းနဲ့နိုင်ငံရပ်ခြားရောက်သွားရင်ပြီးရော ဟိုရောက်သွားမှဒေါင်ကျကျပြားကျကျလုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မသွားစေချင်ပါဘူးခင်ဗျာ 
အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိလာခဲ့ရင် ငွေကြေးအတိုင်းအတာတစ်ခုတည်းနဲ့တင် ဖြေရှင်းလို့မရနိုင်တဲ့ကိစ္စရပ်တွေဆိုတာအများကြီးပါ။
ပိုက်ဆံလိုချင်လို့အလုပ်သွားလုပ်ပြီးကာမှ အခက်အခဲ အကြောင်း​အမျိုးမျိုးကြောင့်အဆင်မပြေလို့ မိသားစုကလျော်ကြေးပေးနိုင်ခဲ့လို အလွယ်တကူပြန်လာနိုင်လို့ရခဲ့ရင်တောင် " ဖွတ်မရ ဓါးမဆုံး " အခြေအနေနဲ့ကြုံတွေ့ရတာပါ။


၁၇ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၂၅ခုနှစ်။ မနက် ၁၂နာရီ၊၃၀မိနစ်တိတိအချိန်မှာ အိမ်ကဆရာမတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာဖြစ်လို့ အကူအညီပေးကြတဲ့ နိုင်ငံတော်အဖွဲ့အစည်းမှပုဂ္ဂိုလ်များအားလုံး အစစအရာရာအကူအညီပေးခဲ့ကြသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးသဖြင့်ဒူဘိုင်းကောင်စစ်ဝန် ဦးမိုးထက်ကျော်နှင့် အိုမန်ကိုသွားရောက်ပေးခဲ့တဲ့ ကိုဘရန်မွန်းအောင်တို့ကို ကျွန်တော်တို့တစ်မိသားတစ်စုလုံးစိတ်ရင်းနဲ့ ကျေးဇူးဥပကာရတင်ရှိရပါတယ်ခင်ဗျာ။



ကျေးဇူးဥပကာရများစွာဖြင့်
ခင်စန္ဒာဝိုင်း။
၁၇၊၀၂၊၂၀၂၅။
မနက် ၁နာရီ။
မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်။
ရန်ကုန်မြို့။













ဘာသာခြား




အစ်မကိုအိုမန်ကနေကယ်ထုတ်နိုင်ဖို့အတွက် တိုက်ခန်းလေးကိုယ်တိုင်ရောင်းပါတယ် ဝယ်သူညီမလေးလင်မယားက မြန်မာ+အစ္စလာမ် ဘာသာခြားဖြစ်နေလို့ အိမ်လာကြည့်ပြီးပြန်သွားတဲ့ ၃ရက်နေ့ညမှာ ၄လွှာက မြေရှင်ကိုသွားမေးတော့ ဘာသာခြားလည်းရပါတယ်တဲ့ မြေရှင်လက်မှတ်ထိုးခတော့ ကာလပေါက်စျေးလို့ပြောပါတယ်


နောက်ရက် ၄ရက်နေ့မနက်၁၁နာရီလောက်မှာ ဝယ်သူညီမလေးကို ဘာသာခြားရတယ်အကြောင်းပြန်လိုက်တော့ ညနေ၄နာရီ အိမ်ထပ်လာကြည့်ပြီး အရောင်းအဝယ် confirm ဖြစ်သွားပါတယ်


၅ရက်နေ့ကျတော့ ဘာသာခြားဆိုတာ အစ္စလာမ်မပါပါဘူး ကျန်တဲ့ဘာသာတွေကိုပြောတာပါဆိုပြီး ကန့်လန့်တိုက်ကြပါလေရော ဒါတောင်အိမ်ရောင်းရတဲ့တန်ဘိုးကနေ သူတို့ကို ၂% ပေးရမှာနော်


အဲ့ဒါကို အုပ်ချုပ်ရေးမှူးကို နေ့လည်၁၁နာရီခွဲကျော်မှာဘာသာခြားရတယ်ပြောလို့ စရန်ယူပြီးမှဘာသာခြားဆိုတာအစ္စလာမ်မပါပါဘူးလို့ ငြင်းဆန်နေလို့ ကျွန်တော်တို့စရန်၂ဆလျော်ပေးရမယ့်ကိစ္စအတွက်တိုင်ကြားတော့ မြေရှင်ကလက်မှတ်မထိုးပေးရင်တောင် ကျွန်တော်လက်မှတ်ထိုးပေးပြီး ဖြေရှင်းပေးပါမယ်ပြောလို့ အစ်မကိစ္စအခက်အခဲကြောင့် ရောင်းချရတာဖြစ်ကြောင်းကို လူကြီးတစ်ယောက်အနေနဲ့ ယုံကြည်ပြီးဖွင့်ဟပြောပြခဲ့မိတာ ကျွန်တော့်အမှားပါ


နေ့လည်၂နာရီရပ်ကွက်ရုံးကိုခေါ်ပြီး အစည်းအဝေးရှိလို့နေ့လည်၃နာရီမြို့နယ်ရုံးကပြန်လာပြီး ဘယ်လိုဖြေရှင်းပေးလည်းဆိုတော့ 


မြေရှင်သားအဖနဲ့သူတို့အမျိုးကို အရင်ခေါ်တွေ့ပြီး အစ်မကိစ္စကိုမောင်းထုကြော်ငြာလိုက်တဲ့အပြင်ဘာသာခြားဆိုတာကိုသူတို့မသိပါဘူး မြေရှင်ခအတွက်ပဲသူတို့ကိုအကျိုးအကြောင်းလာမေးတာပါဆိုတဲ့စကားကို တစ်ဖက်သက်လက်ခံပေးပြီး 


အိမ်ဝယ်မယ့်ညီမလေးလင်မယားကို တစ်နှစ်ပဲနေထိုင်ခွင့်ပေးပါမယ် တစ်နှစ်နေပြီးတာနဲ့တိုက်ခန်းကိုပြန်ရောင်းပေးရပါမယ်ဆိုတဲ့ ဝန်ခံကတိနဲ့ရောင်းမှရပါမယ် ဖြေရှင်းချက်ကချီးကျူးစရာပါဗျာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ငွေကျပ်၁၂၆၅သိန်းတန် အိမ်ဝယ်ပြီးတော့ သူ့ကိုယ်ပိုင်အိမ်မှာ တစ်နှစ်သာနေပြီးတော့ပြောင်းပေးရမယ်ပေါ့ ယူထားတဲ့ရာထူးမျှအားမနာစကားကိုလက်လွတ်စပါယ်ပြောလိုက်တာ


ရပ်ကွက်ရုံးခန်းထဲမှာသူတို့တွေ လက်ဝါးရိုက်နေတာကိုအတိုင်းသားကြားနေရတော့ အုပ်ချုပ်ရေးမှူးဆိုတာကို ယနေ့ပြည်သူတွေယုံကြည်အားကိုးမှုမရှိတာကို နားလည်လိုက်တာပါ ငါလည်း ၂၀၂၁ခုနှစ်ထဲက သူတို့လိုရဲရဲတောက်ပြခဲ့ရပြီး ဖဲဝိုင်းထောင်ဖို့ နှစ်လုံးထီရောင်းဖို့ လိုင်းကြေးပေးထားရမှာဆိုပြီးနောင်တရမိသွားတာပါ


အုပ်ချုပ်ရေးမှူးဆိုသူက ဖြစ်ကြောင်းကုန်စင်ပြောပြမိတဲ့ ကျွန်တော်တို့ကိုခပ်ရိုင်းရိုင်းပြောပြရရင် ဘောပဲဟဆိုပြီး နင်တို့တိုင်ချင်ရာတိုင်လို့မပြောယုံတမယ်ပါပဲ ကျေးဇူးတွေတင်လိုက်ရတာ ကိုယ်တွေကလည်းပိုက်ဆံမရှိလို့အိမ်ရောင်းပါတယ်ဆိုတော့ သူ့ကိုလည်းရေမလောင်းနိုင်သေးဘူးလေဗျာ ကြိုပြီးရေလောင်းရမှာကိုမသိတော့ခံလိုက်ရတာပေါ့ဗျာ


ရန်ကုန်သူရန်ကုန်သားစစ်စစ် အစ္စလာမ်ဘာသာဝင် ယုဇနပလာဇာမှာအထည်ဆိုင်ဖွင့်ထားတဲ့ ညီမလေးလင်မယားကိုတော့မရဘူးပြောပြီး AA တွေကို အခန်းဝယ်ပြီးဗြောင်သွင်းနေတဲ့ တိုက်ခန်းတွေကိုတော့ လက်ကြိတ်ထိုးခွင့်ပြုပေးထားတာတွေ


စားသောက်​ဆိုင်ဆိုတာကိုဗန်းပြငှားထားပြီး ဆိုင်ပိုင်ရှင်ဆိုသူက ပုသိမ်ဘက်ကနေပင်လယ်စာဝယ်ဖို့သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ AA တွေအတွက်လမ်းကြောင်းဆွဲပြီး လူခေါ်သွင်းနေတာတွေ ကိုယ်လိုအရပ်သူတောင်သိနေမြင်နေတာကို မသိဘူးဆိုတော့ဟုတ်ပါ့မလား 


ဒါပေမယ့်ပါးစပ်ပိတ်နေပါတယ် သက်ဆိုင်ရာကို နာမည်တပ်ပြီးတိုင်ကြားဖို့မပြောရဲပါဘူး ကိုယ့်အိမ်မှာအသက်နှစ်ဆယ်ကျော်အရွယ်တူမနဲ့ အသက်နှစ်ဆယ်မပြည့်သေးတဲ့တူတစ်ယောက်ရှိတော့ တိုင်လိုက်ရင်အတေးအမှတ်ထားပြီး Pdf အမည်တပ်ပြီးလုပ်ကြံခံရမှာကြောက်လို့ပါခင်ဗျ


မှန်မှန်ကန်ကန်လုပ်ငန်းလုပ်ကိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်ကိုကြတော့ တရားဝင်နေထိုင်ခွင့်တားမြစ်ပြီး တိုင်းပြည်ဖျက်မယ့် AA တွေကိုကျတော့ မသိကျိုးကျွန်ခွင့်ပြုပေးထားတာကို သိနေမြင်နေတော့ အဲ့လိုအုပ်ချုပ်ရေးမှူးမျိုးတွေကြောင့်သာ တိုင်းပြည်ကပျက်စီးနေတယ်ဆိုတာသိလိုက်ရတာပါ အုပ်ချုပ်ရေးမှူးတွေကတော့ AA BB မစဥ်းစားပါဘူး ဆွေစဥ်ခုနှစ်ဆက်အတွက် ရသမျှကိုသိမ်းဆည်းနေကြတာပါ



အဖက်ဖက်ကနေညှိနှိုင်းပေးပြီး ဘယ်လိုမျှမပြေလည်နိုင်တော့တဲ့အတွက် ဝယ်ယူဖို့ဖျက်သိမ်းလိုက်ရပေမယ့်ညီမလေးတို့ရဲ့စိတ်ရှည်သည်းခံပေးမှုကို ကျေးဇူးတင်ရပါတယ် 


ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးပထမဆုံးအကြိမ် စိတ်ထားဖြူစင်တဲ့ ညီမလေးတို့လင်မယားကို တကယ်ကိုရှက်ရွံမိပါတယ် လူသားချင်းကိုယ်ချင်းစာနာပြီး စာနာမှုပေးခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်။



အိမ်

























အသက်၂၀အရွယ်ထဲက ဆယ်စုနှစ်တစ်ခုစာ အိမ်ငှားဘဝနေခဲ့ရပြီးတော့ ၂၀၁၃ခုနှစ် ဧပြီလကနေစတင်ပြီး ပိုင်ဆိုင်မှုရခဲ့တဲ့ ၁၆ပေ ပေ၆၀ အကျယ်အဝန်းရှိတဲ့ ကိုယ်ပိုင်တိုက်ခန်းအိမ်လေး အမျိုးမျိုးသောအခြေအနေတွေကြောင့် ၂၀၂၅ခုနှစ် မတ်လကစပြီးတော့ လက်လွှတ်လိုက်ရပြီဖြစ်လို့ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်..



ကျောက်မြောင်းစရောက်တော့ ၉တန်းကျောင်းသူဘဝ အထက၃တာမွေမှာ ကျောင်းစတက်ရတယ် ၃၉ဗိုက်ပူစီးပြီးကျောင်းတက်ရတာ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ် 


ကျောက်မြောင်းရောက်ပြီး ၃နှစ်ကျော်တော့ အိမ်စီးပွားရေးမပြေလည်လို့ ကျိုက္ကဆံလမ်းကတိုက်ခန်းလေး ရောင်းလိုက်ရတယ် အဲ့ထဲက အိမ်ငှားနေရတဲ့ဘဝကို ပထမဆုံးရောက်ခဲ့တာပါ 



သတိပဌာန်လမ်းကနေ အိမ်ငှားခတွေစျေးတက်လာလို့ Third year တက်ရတဲ့အချိန် လှိုင်မြို့နယ် ဦးဖိုးမှန်လမ်း ဝပ်ရှော့အလုပ်ရုံရဲ့ အပေါ်ထပ်မှာငှားနေရတာက ဘဝမှာ အနိမ့်ပါးဆုံးအချိန်ပါ ပေ၂၀ပတ်လည် အခန်းကျည်းကျည်းလေးမှာ  လသားအရွယ်တူမသေးသေးလေးအပါအဝင် မိသားစုခြောက်ယောက်နေခဲ့ရတာပါ ဒါပေမယ့်ဘုရားကစောင့်ရှောက်ပေးတော့ MK မှာ ကျွန်တော့်အလုပ်လုပ်နေတာဖြစ်လို့ မိသားစုစားဝတ်နေရေးအတွက်အခုအချိန်လိုမပူပင်ခဲ့ရဘူးပေါ့ဗျာ



ဦးဖိုးမှန်မှာ ၁နှစ်ကျော်နေခဲ့ရပြီးကျန်တဲ့ ၉နှစ်ကကျောက်မြောင်းထဲမှာပဲ ငှားနေခဲ့ရတာပါ သတိပဌာန်လမ်း ကျောက်မြောင်းလမ်း သြဘာလမ်း ၁၄၆လမ်း ကျားကွက်သစ်လမ်း ဓမ္မစိန္တလမ်း ကျောက်မြောင်းတစ်ခွင်နေရာစုံပါပဲ 



အခုအိမ်လေးကသုံးလေးလ အချိန်ပေးပြီးရောင်းရင် ငွေကျပ်သိန်း၁၄၀၀ ဝန်းကျင်ရနိုင်ပေမယ့် အချိန်ပေးမရောင်းနိုင်တော့ ငွေကျပ်၁၂၆၅သိန်း ပဲရပါတယ် ကျွန်တော်တို့အတွက် ငွေလိုအပ်နေတဲ့အချိန်ဖြစ်လို့ တိုက်ခန်းဝယ်ယူပေးတဲ့ ဘာသာခြားညီမလေးတို့လင်မယားကိုလည်း တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ် သူတို့နဲ့ထိုက်တန်လို့သာ ပွဲစားမပါဘဲတိုက်ရိုက်အရောင်းအဝယ်ဖြစ်သွားရတာပါ



အဲ့ဒီညီမလေးတို့လင်မယားကို တကယ်လည်းအားကျမိပါတယ် အသက်၃၅နှစ်အရွယ်မှာ ယုဇနပလာဇာလိုနေရာမျိုးမှာ ကိုယ်ပိုင်ဆိုင်ခန်း သြဘာလမ်းလိုနေရာမှာ ကိုယ်ပိုင်တိုက်ခန်း လုပ်ငန်းသုံးကားပိုင်ဆိုင်တယ်ဆိုတာ ဘာသာမတူပေမယ့် သူတို့ကျိုးစားမှုအတွက် ဘုရားပေးတဲ့ဆုပါပဲဗျာ



ဆောက်ဖြစ်မှ ကျောင်းဒကာဆိုပေမယ့် လက်ထဲကိုငွေမရောက်သေးပေမယ့် အိမ်ရောင်းရမယ့်ငွေကို ပေးရန်ရှိတွေပုံလိုက်တော့ ကျန်ငွေကသိန်း၁၀၀၀ မပြည့်တော့ပါဘူး ရန်ကုန်မြို့မှာငွေကျပ်သိန်း၁၀၀၀နဲ့ အိမ်ပြန်ဝယ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး မြောက်ဥက္ကလာပက ဦးလေးအငယ်အိမ်မှာယာယီနေရမှာပါ ရန်ကုန်မြို့မှာစားစရာမရှိရင် ရှိတာလေးချိုးခြံချွေတာစားလို့ရပေမယ့် နေစရာမရှိရင်မလွယ်ကူတာဖြစ်လို့ နေဖြစ်ယုံအိမ်လေးတစ်လုံးကိုတော့မဖြစ်ဖြစ်အောင်ပြန်ဝယ်ရမှာပါ 



ကျွန်တော့်ကိုယ်ကျွန်တော် လိုအင်ဆန္ဒတွေလျော့နည်းသွားပြီလို့ လက်ခံထားပေမယ့် အိမ်လေးရောင်းလိုက်ရလို့ ဝမ်းနည်းရတဲ့ခံစားမှုကတော့ လိုအင်ဆန္ဒလို့သတ်မှတ်ရင် တပ်မက်မှုတွေမလျော့နည်းသေးဘူးဆိုတာ ဝန်ခံပါတယ်ဗျာ။



4th February 2025.

10:03 PM



January vibes.


 

၂၈ရက်နေ့သန်းခေါင်ယံအထိ တောက်လောင်နေတဲ့ သောကဗျာပါဒတွေဟာ ဒီနေ့မှာအတော်လေး အေးချမ်းနေပါတယ်



ကျွန်တော်ရင့်ကျက်သွားတာလားဆိုရင် အဖြေက No ပါဗျာ ကျန်းကျန်းမာမာနဲ့ နောက်ထပ်ဆယ်နှစ်နေရဖို့ မသေချာတော့တဲ့ အချိန်ကာလကိုတွေးမိလိုက်တာဖြစ်လို့ ပူပင်သောကတွေကို လွှတ်ချလိုက်လို့ပါ



အတွေးထဲမှာ အစ်မပြန်ရောက်ရင် ခရီးသွားမယ် ပိုက်ဆံရှာဖို့အလုပ်လုပ်မယ် အဖေနဲ့အမေအတွက် ပိုက်ဆံစုထားမယ် တစ်ခါတလေ Bar သွားမယ် အတက်နိုင်ဆုံး စိတ်သောကဖြစ်စရာတွေကို ရှောင်ကျင်မယ် 



တပ်မက်မှုတွေမရှိတော့ဘူးလားမေးလာခဲ့ရင် ပုထုစဥ်ပဲရှိတာပေါ့ဗျာ လတိုင်းအောင်ဘာလေထီသုံးစောင်ထိုးတယ် သိန်းငါးထောင်ပေါက်ဖို့မျှော်မှန်းတယ် သိန်းငါးထောင်ပေါက်ရင် သိန်းတစ်ထောင်ယူပြီး တိုက်ကြီးဘက်မှာခြံကွက်လေးဝယ် အိမ်လုံးတစ်လုံးဆောက်ပြီး ပန်းစိုက်စားမယ် ပိုတဲ့ငွေလေးကို အဖေနဲ့အမေ့အတွက်ဘဏ်မှာထည့်ထားမယ် ဒါလည်းတပ်မက်မှုပါပဲ



ပူလောင်သောကတွေကို ကာလအတော်ကြာ တိတိပပခံစားခဲ့ရတဲ့သူဖြစ်လို့ အရင်လိုအများကြီး မက်မောတွယ်တာမှုတွေ လိုအင်ဆန္ဒတွေ လျော့ပါးသွားရတာတစ်ခုပါပဲ



အခုအချိန်မှာ တစ်ယောက်ယောက်က နှိမ်ချချိုးဖဲ့ပြီး ပြောဆိုဆက်ဆံလာမယ်ဆိုရင်တောင် ငါနိမ့်ပါးနေလို့အပြောခံရတာပါဆိုတဲ့ အတွေးမျိုးမတွေးမိတော့ပါဘူး ရင့်ကျက်သွားတာမဟုတ်ပါဘူး အချိန်တွေကုန်လွန်သွားတာကို နားလည်ခဲ့တာပါဗျာ။




နှုတ်ဆက်စာ။


၂၀၂၄ခုနှစ်၊ဒီဇင်ဘာလအကုန်မှာ မနှုတ်ဆက်ခဲ့မိတဲ့သူတစ်ယောက်ကို ဒီနေရာကနေပဲနှုတ်ဆက်ခဲ့ပါရစေ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလထဲက ကျွန်တော်အတွက့်ခင်ဗျားနဲ့နောက်တဖန်ဆုံစည်းရမယ့် ရေစက်ကုန်သွားခဲ့ရတာနေမှာပါ 



အဲ့ဒါကိုမသိနားမလည်စွာနဲ့ ၂၀၂၄ခုနှစ်အထိဆက်သွယ်ခဲ့မိတဲ့အတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်းအရင်အချိန်တွေလို စိတ်ပင်ပန်းတာတွေမရှိတော့ရင် ခင်ဗျားစီပြန်လာနိုင်မယ်ဆိုတဲ့အတွေးနဲ့ ဒီဇင်ဘာလ၂၃ရက်နေ့က နောက်ဆုံးအနေနဲ့တကယ်ကိုမနှုတ်ဆက်ခဲ့မိတာပါ



၅လပိုင်းကနေဒီနေ့အထိ ခင်ဗျားပတ်သက်တဲ့သတင်းတွေ ဘာတစ်ခုမျှသိမြင်ကြားနိုင်ခွင့်မရှိခဲ့တော့ သွေးအေးသွားခဲ့တာလည်းနေမှာပေါ့ဗျာ အဲ့ဒါကလည်းကျွန်တော်ပြုလုပ်ခဲ့တာမဟုတ်ပါဘူး 



ကျွန်တော်ရွေးချယ်လိုက်တဲ့ကိစ္စရပ်အတွက် ခင်ဗျားကိုတဖက်သက်အပြစ်တင်နေတာမဟုတ်ပါဘူး 



အချိန်ကာလအကြာကြီးနီးစပ်ခွင့်မရတဲ့အချိန်မှာ ခင်ဗျားရဲ့သတင်းတစ်ခုနဲ့သာလေးနှစ်ဆိုတဲ့အချိန်ကာလကို ကျွန်တော်တစ်ယောက်တည်းရှေ့ဆက်နိုင်ခဲ့တာပါ တကယ်လို့သာအရင်လိုခင်ဗျားသတင်းတွေ သိမြင်ကြားနိုင်ခွင့်ရအုန်းမယ်ဆိုရင် ကျွန်တော်ဒီရွေးချယ်မှုကိုလုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး 



ကျွန်တော်ပင်ပန်းနေတာဖြစ်လို့ အိမ်မက်တွေ မျှော်လင့်ချက်တွေ လိုချင်တောင့်တမှုတွေ မက်မောတွယ်တာမှုတွေ တပ်မက်ဖက်တွယ်မှုတွေ မျှော်လင့်ချက်တွေ အနာဂတ်တွေအားလုံး အကုန်လုံးကိုထားခဲ့လိုက်တာပါ မနက်ဖြန်ကျွန်တော်သေရမယ်ဆိုရင်တောင် စိတ်ကလေးအေးချမ်းစွာနဲ့ထွက်သက်ကို ချုပ်ငြိမ်းသွားချင်တာပါ 



ခင်ဗျားကိုကန်တော့ခွင့်မရခဲ့တာကလွဲရင် အခုအချိန်မှာ ကျွန်တော်နောင်တဆိုတာ မရှိတော့ပါဘူး။



ဇန်နဝါရီလ၊၈ရက်နေ့ထဲက ဒီစာကိုရေးထားပြီးမတင်ဖြစ်ခဲ့တာပါ ခင်ဗျားစီပြန်မလာတော့တဲ့ကျွန်တော့်ကို စောင့်နေမိမှာစိုးလို့တင်လိုက်တာပါ။