တာရာမင်းဝေ (ကဗျာ)

ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏

ထို့ကြောင့်

မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု

ကိုယ့်ကိုယ်ကို အထင်ရှိ၏။

အမှန်ကား...

မြေ၏အနက်မှာပင် ေ၀၀ါးဆဲ။

စီးမျောရာတွင်

ဗေဒါကို ကုပ်ဖက်

အနက်ရောင် လှိုင်းခေါင်းများကြားမှာ

ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်

၀ါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍

တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ... ငါ ... သည်

မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်

နှုတ်ဆက်ထွက်ခွါ

အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

၈။

မျက်စိကိုမှိတ်ပြီး

ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ

ညှို့ပြာယှက်သန်း

တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ဖြင့်

နှင်းရည်စိုသော

မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ

မာနကိုအိပ်မွေ့ချ

ထာ၀ရ ငါ ... ထားခဲ့ချင်ပါပြီလေ။

မေမေရေ…

မိုးတိမ်ကြီးထဲမှာ

ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။

ကောင်းကင်ကို ပြန်တည့်ရတာ.…မောတယ်။

ကြာတော့လည်း

မိုးချုန်းပြရတာ ရှက်လာပြီ

ဆောင်းရေ

ကဝေအလင်းတွေ လွှင့်ထုတ်ပြီး

ငါ့ရင်ထဲက မိုးတိမ်တွေကို

ခုတ်ချပေးပါ

အဲဒီလိုပါပဲ ကောင်မလေးရယ်

မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ

သစ်ပင်က ကြွေကျလာခဲ့။

ကိုယ်လို ပေကပ်ကပ်ကောင်ကတော့

ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..

တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ

မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။

No comments: