ကလေးရောဂါ



အခုတလော ကလေးလိုချင်တဲ့ ရောဂါတော်တော်ထနေတယ် အလုပ်ထဲကညီမလေးရော cousin အငယ်ဆုံးလေးကလဲ ကိုယ်ဝန်ရှိနေတော့ ရောဂါကပို့ရင့်လာရော..

ပထမဆုံး ကလေးမွေးဖို့ Plan ချကြည့်တယ် အခုလစာက၃သိန်းခွဲ အိမ်ကိုပေးတာက၁သိန်းခွဲ ၂သိန်းမှာ အဘွားအတွက်ဆေးဝယ်တာ ကလေးတွေမုန့်ဖိုးပေးတာ ပြီးတော့ကိုယ့်တစ်လစာ ကားခ၊ခိုစာဘိုး၊ဖုန်းငွေဖြည့်ခက နှုတ်လိုက်ရင် ၁သိန်းစွန်းစွန်းပဲကျန်မယ်..

ကလေးမွေးထားပေမယ့် သူများတွေလို ကိုယ်ကချမ်းသာတာမဟုတ်ဘူး စုထားဆောင်းထားတာလဲမရှိတော့ အလုပ်ကမဖြစ်မနေကို လုပ်ရမှာလေ အဲ့ဒီတော့ ကလေးထိန်းလိုပြီ ကိုယ့်အမေကို အားမကိုးနဲ့ သူ့ကျန်းမာရေးကောင်းအောင် ဆုတောင်းနေရတာ ဆေးရုံ၊ဆေးခန်းဒဏ်မခံနိုင်လို့..

အခုခေတ်မှာ ကလေးထိန်းတစ်ယောက်နေ့ချင်းပြန်ငှားရင် တနေ့၅၀၀၀မှ ထိန်းပေးချင်ကျတာ အလုပ်ပိတ်ရက်မပါဘူးထား တစ်လ၂၂ရက်နဲ့တင် လက်ကျန်၁သိန်းစွန်းစွန်းကုန်ပြီ ကလေးတော့မွေးထားပြီး မကျွေးမမွေးပဲထားလို့ရမလား..

ကလေးနို့မှုန့်ဘိုး ကလေးဘာရီရစရိတ်က ၁သိန်းခွဲနဲ့၂သိန်းကြားပဲ အဲ့ဒီတော့ ကလေးစရိတ်လိုနေရော အဲ့ပိုက်ဆံဘယ်ကနေသွားရှာရမလဲ အဲ့ဒါတောင် ဖွဖွ ကလေးနေမကောင်းဖြစ်လို့ ဆေးခန်းပြရမယ့် ကုန်ကျစရိတ်မပါသေးဘူးနော်..

ကလေးကလဲလိုချင်လိုက်တာ တပိုင်းသေနေရော ကလေးကဘယ်စီနေမှန်းမသိဘူး ကုန်ကျစရိတ်ကြည့်ပြီး စိတ်မောလူမောဖြစ်နေရတာကအရင်..

ကိုယ့်ဘာသာတော့ နားချပါတယ် နင်ရူးချင်ရင်လဲ ထမင်းလွတ်၊ဟင်းလွတ်ရူးပါလို့ ကိုယ့်ဒုက္ခကိုယ်ရှာယုံမက မိဘကိုပါဒုက္ခမပေးပါနဲ့ဆိုပြီးတော့ မရပါဘူး တနေ့ကအလုပ်ကနေပြန်တော့ ဆူးလေဘုရားနားမှာ သားအမိနှစ်ယောက်လမ်းကူးမလို့ မအေကရှိလှ ၂၅နှစ်ကျော်ကျော် အစိုးရရုံးယူနီဖောင်းနဲ့ လက်နှစ်ဖက်မှာ ထမင်းဘူးခြင်းရယ် ဟင်းချက်စရာဝယ်လာတာရယ်မနိုင်မနင်း သားကရှိလှ ၂နှစ်ကျော်ကျော် လမ်းကိုသိုင်းကွက်နင်းလျှောက်နေတာ ပလက်ဖောင်းပေါ်က မဆင်းတက်တော့ မနေနိုင်တဲ့လူက သွားချပေးရတယ်..

သူတို့နောက်က လိုက်လာရင်းနဲ့ လမ်းကူးဖို့ စိတ်ပူပေးနေရော လမ်းကူးမယ်သား အမေ့လက်ကိုဆွဲတဲ့ ဘုရားရေ ကိုယ်တောင်ကားတွေတဝီဝီကို ကြောက်လွန်းလို့ ကားတော်တော်ရှင်းမှ ကူးရတဲ့လမ်းကို ဒင်းတို့က ဝန်စည်စလယ်ကြည့်နဲ့ ယိုင်တိုင်တိုင်ကလေးကို  လက်သန်းလေးချိတ်ပြီး ကူးမလို့လေ..

ထမင်းဘူးခြင်းတောင်းကို တံတောင်ဆစ်နားချိတ်ပြီး အန်တီကူးပေးမယ်ပြောရင်း စွေ့ကနဲချီလိုက်ရော မအေလုပ်တဲ့သူကတော့ အားနာတဲ့အကြည့်နဲ့ကြည့်နေရော လမ်းကူးပြီး ဟိုဘက်ရောက်တာတောင် ကိုယ့်မှာသူ့ကိုမချပေးရဲသေးဘူး ကားမှတ်တိုင်နားဆိုတော့ အန္တရာယ်ရှိမှာ စိုးရိမ်တော့ လူသွားလမ်းပလက်ဖောင်းရောက်မှ ချပေးမိတယ်..

အမေကတော့ ကျေးဇူးတင်လို့ သူကတော့ အပူအပင်မရှိ မအေ့လက်သန်းလေးဆွဲပြီး ယိုင်တိုင်တိုင်နဲ့ လိုက်သွားလေရဲ့..

ကလေးတစ်ယောက် မွေးရတာ မလွယ်ပါဘူး အဲ့ဒီကလေး လူဖြစ်ဖို့က ပိုပြီးခက်ခဲပါတယ် ကျွန်တော့်လိုလူမျိုးအတွက် ပိုပြီးမလွယ်ကူတဲ့ကိစ္စပါ အဲ့ဒါနဲ့ပဲ ထမင်းလွတ်ဟင်းလွတ် မရူးရဲပေမယ့် နေမြင့်လေ၊အရူးရင်လေဖြစ်နေတော့..

ကလေးမွေးဖို့ ပိုပြီးလိမ္မာရတော့မယ်။

No comments: