အချစ်


 


သွေးသားဆန္ဒအရပဲဆိုဆို 

ချစ်ခင်မြတ်နိုးမှုပဲကြောင့်ပဲဆိုဆို

ကိုကို ခင်ဗျားကိုမလွန်ဆန်နိုင်တာ

ကျွန်တော့်အားနည်းချက်ပါပဲ



တွေ့ရမှာပါဆိုတဲ့စကားလေးတခွန်းက

ကျွန်တော့်အတွက်ဘယ်လောက်တောင်

နွေးထွေးသွားစေလည်းဆိုတာ

ခင်ဗျားမသိနိုင်ပါဘူးဗျာ



လွမ်းတယ်

ခင်ဗျားအတွက်တော့အပိုစကားဆိုပေမယ့်

ကျွန်တော့်အတွက်တော့နွေလည်အိမ်မက်တွေကို

အားယူပြီးဖြတ်သန်းနေရတာပါ



ဒီတစ်ခါတွေ့ရင်

ခင်ဗျားမျက်နှာကိုတဝကြီးနမ်းပြီး

အသက်ရှုကြပ်မတက်တင်းတင်းကြပ်ကြပ်

အချိန်အကြာကြီးဖက်ထားမယ်

မိုးမမြင်လေမမြင်အတူနေဖြစ်မှာသေချာပါတယ်



ကိုကို့ ကို ချစ်ရတာ တကယ်မောပါတယ်ဗျာ

မောရပေမယ့်လည်း မနေ့ကထက်ပိုတိုးပြီး ချစ်နေမိတုန်းပါပဲဗျာ။




Htoo Ein Thin - Chit Tine Lae Ma Nyar (cover)

အသည်းကွဲတိုင်း ဒီသီချင်းနဲ့ ဆွေးတက်တဲ့
ကျွန်တော် ဒီတစ်ကြိမ်အသည်းကွဲတော့လည်း 
ဆွေးရပြန်ပြီ ဗျာ..




Eighteen May!



တမြေ့မြေ့ပူလောင်နေတဲ့ ဒီလိုရာသီဥတုနဲ့ကြုံဆုံနေရတဲ့အချိန်မှာ တငွေ့ငွေ့လွမ်းနေရတာလည်း ဝဋ်ဒုက္ခတစ်မျိုးပါပဲ



အဲ့ဒီသောကကြီးကို လွှတ်ချလိုက်ပါပြီလို့ ​ဘယ်လိုပဲ တဖွဖွပြောနေပါစေ ဒီသံသရာမှာတဝဲဝဲလည်ဖြစ်နေတုန်းပါပဲ



တနေ့တော့ ကျွန်တော်ကိုညှင်းဆဲနိုင်လွန်းတဲ့ 

အဲ့ဒီသောကဆိုတဲ့ လူဆိုးကြီးတစ်ကောင် ကျွန်တော့်စီကနေ အပြီးအပိုင်နှုတ်ဆက်သွားမယ်လို့ မျှော်လင့်မိပါတယ်



လူတစ်ယောက်ကို ချစ်မိတဲ့ဒုက္ခထက် အဲ့ဒီလူကို 

မေ့ပြစ်ဖို့ကြိုးစားရတဲ့သောကက ပိုပြီးဆိုးတယ်ဆိုတာကို ကျွန်တော်များမသိခဲ့လေလား သိသိရက်နဲ့ပဲ ချစ်ခင်မြတ်နိုးခဲ့မိလေလား မသိကျိုးကျွန်ပြုခဲ့မိလေသလား ဝိုးတိုးဝါးတားအသိတွေက မပြတ်သားဘူးဗျာ



ထားခဲ့တာလို့လည်းမမည် နေခဲ့ပါလိုလည်းမသက်ရောက်တဲ့ စည်းတစ်ကြောင်းပေါ်မှာ 

ခြေစုံရပ်ခဲ့မိတာလည်း ကျွန်တော့်ကံကြမ္မာပါပဲ



အတိတ်ဆိုတဲ့ ဟိုအဝေးကိုငေးကြည့်ရင်းနဲ့ပဲ 

ကျွန်တော့်အလွမ်းတွေကို ညိမ်သက်စွာခွင့်ပြုပေးထားပါတယ်



တချိန်မှာတော့ အနည်ထိုင်သွားမယ်လို့ မျှော်လင့်ထားပါတယ် ဗျာ။



5th April 2021_11th April 2023





18th May 2021 

Tuesday 

ခင်ဗျား Live လွင့်တဲ့ short video က သီချင်းသံကိုနားထောင်ရင်း မဖြစ်နိုင်မှန်းသိရက်နဲ့ ကျွန်တော်တဖက်သက် ချစ်ခဲ့မိသူပါ။ ရက်တွေလတွေနှစ်တွေပြောင်းခဲ့တာတောင် ကျွန်တော်ဖက်တွယ်မိနေတုန်းပဲလေ 



ခင်ဗျားကထင်မှာပါ စကားလေးတခွန်းကို အထအနကောက်သွားပြီး အဆက်အသွယ်မလုပ်တဲ့အတွက် ငါ့အမှားမရှိပါဘူးလို့ တကယ်တန်းလည်း ခင်ဗျားမမှားခဲ့ပါဘူးဗျာ



ကျွန်တော်ပင်ပန်းနေတဲ့အချိန်မှာ 

တိုက်ဆိုင်သွားတဲ့အတွက် ကျွန်တော်လည်း 

လွတ်ချခဲ့မိတာပါ နောက်တစ်ကြိမ်ထပ်ပြီးဖက်တွယ်ဖို့ အင်အားမရှိတော့လို့လည်း နာကျင်ရက်နဲ့ပဲ

အကုန်လုံးကိုခွင့်ပြုလိုက်တာပါ



နာကျင်သမျှအရာအားလုံးကို တနေ့တော့

အဆင်ပြေသွားမှာပါလို့ ဖြေသိမ့်ရတာလည်းတကယ်တမ်းလက်တွေ့မှာ

မလွယ်ပါဘူးဗျာ



နောက်နှစ်ဒီအချိန်မှာလည်း 18th May 2021 ကို ကျွန်တော်အမှတ်ရနေမိအုန်းမှာပါ အစွဲအလန်းကြီးတက်တဲ့ ကျွန်တော့်ဗီဇက ကျွန်တော့်ကိုအနည်ထိုင်သွားမယ့်အချိန်ထိတိုင် နာကျင်စေအုန်းမှာပါ။



18th May 2023


မိုး - ကိုျမႀကီး

စိတ်နဲ့လူမနည်းကို ဆွဲကပ်ထားရတဲ့အချိန်ဆိုတော့
စိတ်သက်သာသလို နေပါဗျာ..



အန္တရာယ်ကင်း ကပ်ကျော် မဟာအာဋာနာဋိယသုတ်တော်

မိုခါမုန်တိုင်းသဘာဝဘေးရန်၊ အဖျက်အမှောက်လူ့ဘေးရန်တွေကနေ ကျွန်တော်ချစ်ရတဲ့သူနှင့်တကွ ခုနှစ်ရက်သားသမီးအပေါင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများအပေါင်း၊ ကမ္ဘာသူကမ္ဘာသားများအပေါင်း အယုတ်အလတ်အမြတ်မရွေး ကင်းဝေးနိုင်ကြပါစေ...

🙏🙏🙏


လက်ပိစိလေးတစ်စုံ




သင်္ကြန်ပြီးထဲက အိပ်ရေးပျက်တာနဲ့ အဲ့ဒါရဲ့နောက်ဆက်တွဲ လူကနေမကောင်းဖြစ်တာနဲ့ လေလွင့်နေတာ တော်တော်ကြာနေပြီ..


ဒီအတိုင်းဆက်နေရင် လူပါထိတော့မှာဆိုတော့ အိပ်ယာနဲ့ကျောကပ်နေတဲ့လူကို မနက်ကနေစပြီးတော့ ဆွဲထုတ်ပါတော့မယ်


Weekend တွေမှာ ဘုရားသွားမယ် shopping ထွက်မယ် သူငယ်ချင်းနဲ့ Date မယ် ( ရည်းစားထပ်ရရင်တော့ ကိုကြီးနဲ့ပေါ့ဗျာ )


ခရီးသွားမယ် စာတွေရေးမယ် စာရေးနိုင်ဖို့ စာအုပ်တွေဝယ်ဖတ်မယ်


အသက်၄၂နှစ်မှ ရည်းစားနဲ့လမ်းခွဲလို့ လေလွင့်နေတဲ့ နွားမကြီးဖြစ်နေရတာလည်း လူကြားမကောင်းပါဘူးဗျာ တကယ့်နွားမဆိုရင်တောင် နွားနို့ရောင်းစားလို့ရသေးခင်ဗျ


စာပျိုးတာ နည်းနည်းများသွားပြီ 2021 ခုနှစ်ထဲက ခင်ဗျားအကြောင်း ရေးခဲ့တဲ့ post တွေ ပြန်ဖတ်ရင်းနဲ့ အရင်ကရေးခဲ့တဲ့ ကလေးအကြောင်း post ကို ပြန်ဖတ်မိပြီးတော့ ကလေးလိုချင်မိပါရော 



ဒီတစ်ခါရည်းစားရရင်တော့ ကျွန်တော်ကလေးယူလို့ရမလား အရင်မေးရမှာပဲ ကလေးမယူပါနဲ့ဆိုရင်တော့ just friend ပေါ့ ကျွန်တော်ကိုယ်တိုင်ကလည်း ရှုပ်တာကိုမကြိုက်တော့ ယောင်္ကျားတစ်ယောက်ကို တကယ်မချစ်နိုင်ဘဲ သွားမရှုပ်တာက ကျွန်တော့်စေတနာပါ..



2018 က post ကို 2023 feeling နဲ့ ပြန်ရေးတာပါ။



ကလေးတစ်ယောက်မွေးရင် ဗိုက်ကြီးတဲ့အချိန်ကစပြီးတော့ ၃နှစ်သားလောက်အထိ ဒုက္ခသုက္ခ

ကောင်းကောင်းကြီး ခံရမှာသိပေမယ့်လည်း ကလေးလိုချင်တုန်းပါပဲ



ပထမဆုံး ကလေးမွေးဖို့ Plan ချကြည့်တယ် အခုလစာမှာ အိမ်ကိုပေးတာဖယ်ပြီး အကြွေးဆပ်တာပါဖယ်လိုက်ပြီး ကျွန်တော်တစ်လစာအသုံးစရိတ်ကို အတက်နိုင်ဆုံး ချွေချွေတာတာသုံးမယ်ဆိုရင်တော့ ၂သိန်းကျော် ၃သိန်းလောက်ကျန်မယ်



အကြွေးမကျေခင်စပ်ကြား ၂သိန်းပဲအရင်စုထား အကြွေးကျေရင် ၃သိန်းကျော်လောက်စုနိုင်ရင်တော့ အသက်၄၃နှစ်ဆိုရင် ကလေးမွေးဖို့ ဆေးရုံစရိတ်ရပြီဗျာ



ကလေးမွေးမယ်ဆိုပေမယ့် သူများတွေလို ကိုယ်ကချမ်းသာတာမဟုတ်ဘူး စုထားဆောင်းထားတာလဲမရှိတော့ ကလေး (၃)လလောက်ဆိုရင် အလုပ်ကမဖြစ်မနေကို ပြန်လုပ်ရမှာလေ အဲ့ဒီတော့ ကလေးထိန်းလိုပြီ သူ့အတွက်လုပ်အားခထပ်ဖယ်ရတော့မယ် ( ကလေးမွေးမယ် စိတ်ကူးထားလို့ လကုန်ကစပြီး မဖြစ်မနေ ကလေးစရိတ်စုရပါတော့မယ် )



အခုခေတ်မှာ ကလေးထိန်းတစ်ယောက် နေ့ချင်းပြန်ငှားရင် တနေ့ တစ်သောင်းကျော်လောက်ပေးမှ ထိန်းပေးချင်ကျတာ အလုပ်ပိတ်ရက်မပါဘူးထား တစ်လ ၂၂ရက် ဆိုရင်တောင် ၂သိန်းခွဲနဲ့ ၃သိန်းကြား ဘုရားဘုရား ရှာပေအုန်းတော့



ကလေးနို့မှုန့်ဘိုး (အိမ်မှာရှိတဲ့အချိန်တော့ အမေနို့ပဲတိုက်မှာပါ အလုပ်သွားရင်တော့ နို့ဘူးတိုက်ရမှာပေါ့ဗျာ ) ကလေးဘာရီရစရိတ်ကတင် ၂သိန်းကျော် ကလေးနဲ့ကလေးထိန်းတင် ၅သိန်းဖြစ်နေပြီ သွေးတောင်တက်ချင်လာပြီ 



အဲ့ဒါတောင် ဖွဖွကလေးနေမကောင်းဖြစ်လို့ ဆေးခန်းပြရမယ့် ကုန်ကျစရိတ်မပါသေးဘူးခင်ဗျ အဲ့ဒါအတွက် လက်ထဲမှာ ခြေစောင့်လက်စောင့် ၅သိန်းလောက်ထားထားမှ



ကလေးကလဲလိုချင်လိုက်တာ တပိုင်းသေနေရော ကလေးကဘယ်စီနေမှန်းမသိဘူး ကုန်ကျစရိတ်ခန့်မှန်းတွက်ကြည့်တာနဲ့တင် စိတ်မောလူမောရပါပြီ



ကလေးတစ်ယောက်မွေးရတာ တကယ်ကို မလွယ်မှန်းသိပါတယ် အဲ့ဒီကလေး လူဖြစ်ဖို့က ပိုပြီးခက်ခဲပါတယ် ကျွန်တော့်လိုလူမျိုးအတွက် ကလေးတစ်ယောက်မွေးဖို့ကိစ္စက သူတစ်ပါးထက်ပိုပြီးမလွယ်ကူတဲ့ကိစ္စပါ



ဒါပေမယ့် ကလေးတစ်ယောက်လိုချင်ပါတယ် အားငယ်နေတဲ့အချိန် ကူရာကယ်ရာမဲ့နေတဲ့အချိန်မှာ မေမေမငိုနဲ့ တိတ်တိတ်ဆိုတဲ့ အသံချိုချိုလေးတွေနဲ့ ကျွန်တော်ကိုထူမပေးနိုင်တဲ့ လက်ပိစိလေးတစ်စုံကိုတော့ ဒီဘဝမှာ ကျွန်တော်ပိုင်ဆိုင်ချင်ပါသေးတယ်ဗျာ။