" မကောင်းတဲ့ကိစ္စတွေဆက်တိုက်ဖြစ်လာရင်
မကြာခင်ကောင်းတဲ့ကိစ္စရောက်လာမယ်လို့
ကျွန်တော်ယုံကြည်နေပါတယ်။ "
ဒီနေ့ သာမန်လူဆိုတဲ့စကားကို လေးလေးနက်နက်ကြားလိုက်မိပါတယ် ဘဝကထပ်တလဲလဲအဆိုးတွေကြီးပဲပေးလာရင် သာမန်လူဖြစ်လို့လက်ခံလိုက်ပါတယ်..
ကျွန်တော့်နေရာမှာ တခြားလူတစ်ယောက်ဖြစ်ခဲ့ရင် အဲ့ဒီစကားကိုဘယ်လိုအနက်ကောက်ယူမယ်လို့ မသိနိုင်ပေမယ့် ကျွန်တော်ကတော့ ငါကသာမန်လူဖြစ်နေတာလို့ ဒီလိုကိစ္စရပ်တွေတွေ့ကြုံနေရတာပါကို အလေးအနက်သဘောထားခဲ့မိတာပါ
အဲ့ဒီ့ကလေးမပြောခဲ့သလိုပါပဲ မှောက်ယက်သားလဲကျခဲ့ရင် နှာခေါင်းကျိုးပြီး သွေးလျှံမှာဖြစ်ပါတယ် နောက်ပြန်လဲကျခဲ့ရင် ခေါင်းပေါက်မှာဖြစ်ပါတယ် နှာခေါင်းပဲသွေးလျှံခဲ့ပါစေ နောက်စေ့ကွဲလို့ခေါင်းပေါက်ခဲ့ပါစေ ပြန်ထပြီးဆက်သွားရမှာက ကျွန်တော့်တာဝန်ပါပဲ
ကျွန်တော်ရထားတာက သာမန်လူ့ဘဝကိုဗျ
၂၃ရက် နိုဝင်ဘာလ ၂၀၂၄ခုနှစ်ကစပြီးတော့ တကယ်ကို့ တကယ့်ကို အများကြီးပင်ပန်းခဲ့ရတာပါ ဘယ်လောက်တောင်ပင်ပန်းနေရလည်းဆိုရင် နောက်ပိုင်းမှာ ရင်ဖွင့်စရာတစ်ခုတည်းသော့ blog မှာတောင် စာတွေလည်းမရေးနိုင်တော့ပါဘူး whatapps မှာ စာဝင်တာနဲ့ချက်ချင်းသိနိုင်ဖို့ တစ်လနီးပါးနေ့တဒူဝ ၂၄နာရီ online ဖြစ်နေခဲ့ရလို့ ဖုန်း screen ကိုလည်း မကြည့်ချင်လောက်အောင်ကို မုန်းတီးခဲ့ရတာပါ
သူငယ်ချင်းတွေ အသိမိတ်ဆွေတွေမပြောပါနဲ့ မိဘကိုတောင်သမီးအရမ်းကို စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပါတယ်လို့လည်း မဖွင့်ပြောခဲ့နိုင်ပါဘူး သူတို့လည်းကျွန်တော့်လောက်မဟုတ်တောင် ကျွန်တော့်နီးပါးလောက်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတာပါ မိဘဆိုတဲ့စိတ်ကလေးတစ်ခုနဲ့သာ အားတင်းနေခဲ့ကြတာနေမှာပါဗျာ
လူတစ်ယောက်ရဲ့ခံနိုင်ရည်ဆိုတာ သိပ်ကိုထူးဆန်းပါတယ် ငါထီဆုကြီးပေါက်ရင် အဖေနဲ့မမကိုအကုန်အပ်ပြီး တစ်ယောက်တည်းအေးချမ်းစွာတရားအားထုတ်မယ်ဆိုတဲ့စိတ်က အဲ့ဒီအချိန်ကစပြီးသန္ဓေတည်သွားရတာပါ တကယ့်တကယ်ကိုလူရောစိတ်ရောပင်ပန်းလာရတော့ ကျွန်တော့်ကိုစိတ်ဆင်းရဲစေတဲ့ ဘယ်ကိစ္စမဆိုကိုရှောင်ပြေးဖို့လမ်းကိုပဲ ကျွန်တော်ရွေးချယ်မိပါတော့တယ်..
4th Jan 2025.
တနေ့ကစာရေးချင်စိတ်ပေါ်လာတာနဲ့ ဟုတ်တိပတ်တိစာချရေးနေမိတာ တစ်ပုဒ်လုံးရေးမယ်လို့တွေးထားပေမယ့် ဆက်မရေးနိုင်တော့လို့တစ်ပိုင်းတစနဲ့တင်ရပ်လိုက်ရပါတယ် အခုရက်ပိုင်းလည်း ၁၈၊၂၁ရက်တွေလိုပဲ ရိုလာကိုစတာစီးနေရသလိုပါပဲ အသည်းတလှပ်လှပ်နဲ့အမြင့်ပေါ်ကနေဝေါကနဲဆင်းလာလို့ ဒီတစ်ခါတော့ရိုလာကိုစတာကြီးရပ်လောက်ပါပြီ တွေးထားမိလည်း ဒင်းကမရပ်နိုင်သေးပဲ နောက်တကျော့ထပ်မောင်းနေတော့ အသည်းတအေးအေးနဲ့အမြင့်ကိုထပ်ပြီးရင်ဆိုင်ရတာပဲဗျာ
သတ္တိရှိလို့အမြင့်ပေါ်ကနေဝေါကနဲ့ဆင်းချလာတာကို လိုက်စီးနေတာမဟုတ်ပါဘူး ခုန်ဆင်းလို့မရလို့မျက်စိစုံမှိတ်ပြီးစီးနေရသူပါ
စိတ်ပင်ပန်းတာတွေကို မလိုချင်တော့ပါဘူးဗျာ ဒါပေမယ့်လည်းမမအိမ်ကိုပြန်မရောက်မချင်း ဒီကိစ္စကိုကျွန်တော်ပဲလုပ်ပေးရမှာပဲ အဖေတို့အမေတို့ကအဘိုးအိုအဘွားအိုအရွယ်ဖြစ်နေပြီဆိုတော့ ရုံးပြင်ကနားသွားဖို့ဆိုတာအရင်င်လိုမလွယ်ကူတော့ဘူးပေါ့ဗျာ
မြန်မာအေးဂျင့် ကချင်အစ်ကိုကြီးကလည်း အကူအညီပေးနေတာမှန်ပေမယ့် တိတိပပရေရေရာရာမရှိတော့ စောင့်နေရသူအတွက်ပိုပြီးတော့ရင်မောရပါတယ် ဒူဘိုင်းကောင်စစ်ဝန်ဘက်ကလည်း မြန်မာသံရုံးမရှိတဲ့အိုမန်နိုင်ငံဖြစ်နေတော့ သံရေးတမန်ရေးမထိခိုက်အောင်လို့ သတ်မှတ်ထားတဲ့ဘောင်ထဲကနေအကူအညီပေးနေရတယ်ဆိုတာကိုလည်း နားလည်ထားပေမယ့် ဝန်ခံရရင်တော့ရက်တွေကြာလာတော့ ကျွန်တော်စိတ်ပင်ပန်းနေရပါတယ်
10th Jan 2025.
ဒီညကောင်စစ်ဝန်စီကနေ သတင်းကောင်းကြားရတယ် မမကိစ္စအတွက်လူကြီးတစ်ယောက်အနေနဲ့ အခုအချိန်အထိအကူအညီပေးနေတာဖြစ်လို့ တကယ်ကိုအားနာမိပါတယ် ကျွန်တော်ကစိုးရိမ်ကြီးတက်တဲ့သူဆိုတော့ စိတ်လောပြီးစကားအမှားလည်းဆိုခဲ့မိတာတွေရှိခဲ့မှာပါ
မမကိစ္စရပ်အားလုံးအတွက် တကယ့်ကို တကယ့်ကို ကောင်စစ်ဝန်ကိုကျေးဇူးတင်ရပါတယ် ကျွန်တော်နိမ့်ပါးနေချိန်ဖြစ်လို့ အဆင်ပြေတဲ့တနေ့ကျရင် ပြန်လည်ကျေးဇူးပြုရမယ့်လူစာရင်းမှာ ကောင်စစ်ဝန်လည်းပါပါတယ်
ဘာပဲဖြစ်ဖြစ် တစ်ဖက်သားရဲ့ကျေးဇူးတရားကို သိနားလည်ရမှာဖြစ်လို့ ကချင်အစ်ကိုကြီးကိုလည်း ကျေးဇူးမမေ့ပါဘူး အိမ်ရောင်းပြီးရင်သူပြန်လျှော်ပေးရတဲ့လေယာဥ်လက်မှတ် ကုန်ကျစရိတ်ကိုလည်း ပြန်လွှဲပေးဖို့အတွက်စီစဥ်ထားပါတယ်
ဒီနေ့ကြားရတဲ့သတင်းကောင်းကြောင့် မကြာမီ ကောင်းတာတွေကြီးပဲ ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။
12th Jan 2025.
No comments:
Post a Comment