Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


 


ပွဲတော်များထဲက တစ်ပွဲ၊ စာမေးပွဲ

ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင် ကြသော မြန်မာနိုင်ငံတော်တွင် ၁၂ လ ရာသီပွဲတော်များရှိရာ နယုန်လ၏ပွဲတော်မှာ စာပြန်ပွဲ ဖြစ်ပါသည်။ ရှေး မြန်မာမင်းများလက်ထက်ကတည်းက ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ စာပြန်ပွဲ ကျင်းပသောလသည် နယုန်လ ဖြစ်ပါသည်။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များထံပါးတွင် ရဟန်းသံဃာတော်များက ပိဋကတ်ကျမ်းဂန်စာပေများကို နှုတ် ငုံဆောင်၍ ရွတ်ပြ ရသော စစ်ဆေးပွဲ ဖြစ်ပါသည်။
ရှေးမြန်မာမင်းများ လက်ထက်က အရေး၊ အဖတ်၊ အတွက် သင်ကြားပေးသော ဘုန်းတော်ကြီး ကျောင်းပညာရေးစနစ်၏ အကြီး မားဆုံး ဂုဏ်သိက္ခာအမြင့်မားဆုံး စာပြန်ပွဲကြီးပင် ဖြစ်ပါတော့သည်။
ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် ရှေးပဝေသဏီကတည်းက စာမေးပွဲစနစ် ရှိခဲ့ပါသည်။
'ပွဲ'ဟု အမည်နာမ သတ်မှတ်ခေါ်ဆို လိုက်ပြီဆိုကတည်းက စနစ်တကျ ကျင်းပရသည့် အများသူငါ အသိအမှတ်ပြု လေးစားရသော အခမ်းအနားတစ်ခု ဖြစ်သွားပါသည်။
ဤအများသူငါ လေးစားအားထားရသော စာမေးပွဲဟူ သည် မည်သို့သောကိစ္စကို ဆောင်ရွက် ပေးပါသနည်း။
လိုရင်းကိုဆိုရလျှင် စာ မေးပွဲဟူသည် သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းအား ၎င်းတို့စာသင်နှစ် တစ်နှစ်ပတ်လုံး သင်ယူခဲ့သော ဘာသာရပ်သင်ခန်း စာများကို မည်မျှနားလည်တတ်ကျွမ်းသည်ကို စစ်ဆေးတိုင်းတာခြင်းပင် ဖြစ် ပါသည်။
စစ်ဆေး (Test) ၊ တိုင်းတာခြင်း (Measurement)၊ Test and Measurement ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။
ယနေ့ခေတ်အခါတွင် စာမေးပွဲ စစ်ဆေးသည့် နည်းစနစ်ပုံစံအမျိုးမျိုး ကို ကမ္ဘာအနှံ့တွင် ကျင့်သုံးလျက်ရှိနေကြပါသည်။
အနှစ်ချုပ်အားဖြင့်တော့ ရေးဖြေ (Written Exam) ၊ နှုတ်ဖြေ (Viva) ၊ ရေးဖြေနှုတ်ဖြေ နှစ်ရပ်ပေါင်း စစ်ဆေးခြင်းတို့ ဖြစ်ပါသည်။
ရေးဖြေတွင် လည်း အာဂုံဆောင် အလွတ်ကျက်မှတ် စာစီရေးသားဖြေဆိုခြင်း၊ ဓမ္မဓိဋ္ဌာန် မေးခွန်းများကို ရေးသားဖြေဆိုခြင်း၊ အကိုးအကား အထောက်အထားများကို စာအုပ်ဖွင့်လှစ် ရှာဖွေပေး၍ ခိုင်ခိုင်လုံလုံ သက်သေအထောက်အထားပြ ဖြေဆိုစေခြင်း (Open Book Exam) စသည်အားဖြင့် ဖြေဆိုစေသည့် စာမေးပွဲ စနစ်များ ရှိပါသည်။
ဆိုလိုရင်းအနှစ်ချုပ် ကတော့ စာမေးပွဲဟူသည် ဤပွဲကို ကျော်လွှားအောင်မြင်သော ထိုကျောင်းသား၊ ကျောင်းသူသည် ဤအတန်းနှင့် ထိုက်တန်သော ပညာအရည်အချင်း အမှန်တကယ်ရှိသည်ဟုသာ အာမခံ ချက်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
ကျောင်းများ၊ တက္ကသိုလ်များကလည်း မိမိတို့၏အာမခံချက်ကို တန်ဖိုးထားရပါမည်။
Yale, Harvard, Oxford, Cambridge တက္ကသိုလ်များမှ ရရှိသော ဘွဲ့ကို တစ်ကမ္ဘာလုံးက ယုံကြည်စိတ်ချသကဲ့သို့ ဖြစ်ရ ပါမည်။
သို့မှသာ ထိုအောင် လက်မှတ်၊ ဘွဲ့လက်မှတ်ဖြင့် အလုပ် လာလျှောက်သူကို အစိုးရဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့မှ စိတ်ချလက်ချ အလုပ်ခန့်ထားဝံ့ကြပါသည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စု နှစ် နှစ်ခုနီးပါးခန့်မှ စတင်၍ နိုင်ငံရေး ကိစ္စများနှင့် ဆက်နွှယ်ကာ စာမေးပွဲ စနစ်၏အဆင့်ကို များစွာ လျှော့ချခဲ့ပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း မသမာမှု၊ ချုံ့ချဲ့ Micro Notes များသည် ဆယ်စုနှစ်တစ်ခုနီးပါးစာမေး ပွဲကို လွှမ်းမိုးခဲ့ပါသည်။
ယနေ့ မြန်မာ နိုင်ငံ၏ အခြေခံပညာရေးစနစ်တွင် ကျင့်သုံးနေသော အခန်းဆုံးစစ်ဆေးခြင်း၊ ကုစားသင်ကြားခြင်း၊ အတန်းကူး ပြောင်းခြင်းစနစ်များသည်လည်း ကမ္ဘာ့ နိုင်ငံအများအပြားတွင်လည်း ကျင့်သုံးနေသည့်စနစ်ပင်ဖြစ်သဖြင့် မူဝါဒအားဖြင့် မှန်ကန်နေ ပါသည်။
မြန်မာနိုင်ငံတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရာ၌မူ လွဲချော်နေပါသည်။
အခန်း(၁)ကို သင်ကြားပြီးဆုံးသဖြင့် အခန်းဆုံးစစ်ဆေးခြင်း ပြီးစီးသွားလျှင် အခန်း(၂)သို့ ကူးပြောင်းသွားပြီး အခန်း (၂)အတွက် အခန်းဆုံးစစ်ဆေးခြင်းကို ပြုလုပ်ပါသည်။
ဖြစ်ရမည်မှာ တစ်သက်လုံး ပါသွားရမည့်ကိစ္စများကို တစ်ကြိမ် သာမစစ်ဘဲ အကြိမ်ကြိမ် (Repitition) များစွာဖြင့် စစ်ဆေးပါမှ ကျောင်းသား၏ ခေါင်းထဲတွင် စွဲမြဲသွားပါမည်။
ကုစားသင်ကြားခြင်း (Remedial Teaching) မှာလည်း ကမ္ဘာပေါ်တွင် ကျင့်သုံးနေသော ကောင်းမွန်သည့်စနစ် ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ စံပြုအတန်းများတွင် တစ်တန်းလျှင် ကျောင်းသား ၃၀ ထက် ပိုမများပါ။
ကုစားသင်ကြားပေးရမည့် ကျောင်းသား ၁၀ ဦးခန့်ကို ဆရာမှ နိုင်နင်းစွာ သင်ကြားပြသနိုင်ပါသည်။
စံပြုကျောင်းတွင် အတန်းတစ်တန်း၌ အထောက်အကူပြုဆရာ (Facilitator) တစ်ဦးကလည်း ပံ့ပိုးကူညီနေပါသေးသည်။
မြန်မာနိုင်ငံရှိ ကျောင်းအများစုတွင် မူလတန်းတစ်တန်း၌ ကျောင်းသား ကျောင်းသူ ၇၀ မှ ၁၀၀ ကျော်အထိ ရှိတတ်ပါသည်။
အတန်းတိုင်းတွင် ပုံမှန်အားဖြင့် ၅၀ ၀န်းကျင်ရှိတတ်ကြရာ ကုစားသင်ကြားရာ၌ ဆရာမှ နိုင်နင်း နိုင်မှု မရှိပါ။
နောက်ဆုံး ကျူရှင်နှင့် ဒါမေး၊ ဒါဖြေများ ဖြစ်ကုန်ပါသည်။
ဒါမေး၊ ဒါဖြေဖြင့် ကျောင်းစစ်စာမေးပွဲများတွင် အတန်းကူးပြောင်းရန် သေချာသလောက် ရှိနေကြသဖြင့် ပညာ၏ တန်ဖိုးကိုသိရှိသော မိဘများ၏ သားသမီးများမှအပ ကျန်ကျောင်းသား အများစုမှာ စာကျက်အား လျော့နည်း လာကြပါသည်။
နိုဝင်ဘာ ၃ ရက်နေ့ထုတ် "7Day News" အတွဲ(၁၀) အမှတ်(၃၃)၏ စာမျက်နှာ(၂၅)ပါ 'ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း' ဆောင်းပါး၌ 'လက်ရှိပညာရေးစနစ်ကို မညှာမတာပြောရရင် အရေအတွက်ကိုပဲ ဦးစားပေးတဲ့စနစ် ဖြစ်နေတယ်' ဟု ဖော်ပြ ထားပါသည်။
တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ၁၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိတတ်ပါသည်။
မြန်မာ နိုင်ငံတွင် နှစ်စဉ် ၂၅ ရာခိုင်နှုန်းအထက်တွင် ရှိပါသည်။ အချို့နှစ်များတွင် ၃၀ ရာခိုင်နှုန်းပင် ကျော်ပါသည်။ 'က' အဆင့် နှင့် အောင်သည်။ 'ခ'အဆင့်နှင့် အောင်သည်ဟူ၍လည်း ခွဲခြားထားခြင်းမရှိပါ။
သို့ဖြစ်၍ မူလတန်းနှင့်အလယ်တန်းတို့ ၌ အခြေခံပညာအောက်သက်မကြေခဲ့သော စာဖြေသားကျောင်းသူ၊ ကျောင်းသား အများစု ပါဝင်သည့် ဤတက္ကသိုလ် ၀င်စာမေးပွဲ၏ အောင်ချက်နှင့် Moderation စနစ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်လျက်ရှိနေပြီဟု ယူဆရပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်မြင်မှုအရည်အသွေးများသည် တက္ကသိုလ်များ၏ ဘွဲ့ရအရည်အချင်းများကိုလည်း ရိုက်ခတ်လာ လျက်ရှိနေ ပါသည်။
စာပေးစာယူစနစ်ဖြင့် ဘွဲ့ပေးသည့်ကိစ္စအပါအ၀င် ဖြစ်ပါသည်။
စာမေးပွဲစနစ်သည် နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ် ပညာတတ်မြောက် မှုစံကိန်းကို ထိန်းကျောင်းပေးသည့်စနစ် ဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်အထိ မြန်မာ နိုင်ငံတွင် အစိုးရကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း၊ သာသနာပြုကျောင်း ဟူ၍ ကျောင်းများရှိခဲ့ပါသည်။
ထို ကျောင်းမျိုးစုံမှ ကလေးများ၏ စာတတ်မြောက်မှုကို အစိုးရစစ်စာမေးပွဲများဖြင့် စတုတ္ထတန်းတွင် တစ်ကြိမ်၊ သတ္တမတန်းတွင် တစ်ကြိမ်၊ န၀မတန်းတွင်တစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ကြိမ် စစ်ဆေးပေးခဲ့ရာ ပညာတတ်မြောက်မှု စံချိန်စံညွှန်းမှာ တစ်ပြေးညီဖြစ်ခဲ့ပါသည်။
၁၉၆၄ ခုနှစ်မတိုင်မီက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် သာသနာပြုကျောင်းများတွင် ကျောင်းအပ်နှံခွင့် အသက်မှာ လေးနှစ်ဖြစ်ပြီး သူငယ်တန်းလေး၊ သူငယ်တန်းလတ်၊ သူငယ်တန်းကြီး သုံးနှစ်တက်ပြီးမှ ပထမတန်းသို့ ရောက်ရှိပါသည်။
ဆိုလိုသည်မှာ ထိုကျောင်းများမှ ကလေးများသည် ၁၃ နှစ်တာကာလ စာသင်ကြားပြီးပါမှ တက္ကသိုလ်သို့ ရောက်ရှိကြပါသည်။
ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်သည် လေးနှစ်တာ သင်ကြားပို့ချပြီးပါမှ ဘွဲ့တစ်ခု အပ်နှင်း ပေးသည်ဖြစ်ရာ ဘွဲ့ရရှိသောလူငယ် တစ်ဦး၏ ပညာဆည်းပူးခဲ့သော အချိန် ကာလသည် ၁၇ နှစ် ရှိခဲ့ပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဤစနစ် အတိုင်းပင် ယနေ့ကျင့်သုံးနေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ယနေ့အခါ စာသင်နှစ် ၁၄ နှစ်ဖြင့် ဘွဲ့တစ်ခု ဆွတ်ခူး နိုင်ခဲ့ရာ လုပ်ငန်းခွင်ဝင်ချိန်၌ OJT ခေါ် (On the Job Training) များ အချိန်ယူ၍ ပေးနေရသည်ကို အစိုးရဌာနရော၊ ပုဂ္ဂလိကကုမ္ပဏီများကပါ လက်တွေ့ ကြုံဆုံသိရှိနေကြသော ကိစ္စတစ်ခု ဖြစ်ပါသည်။
ပစ္စုပ္ပန်အနေအထားမှာပင် ကောက်ယူရရှိသော စာရင်းဇယားအချက် အလက်များအရ မြန်မာနိုင်ငံရှိ အခြေခံ ကျောင်းများသည် အာဆီယံနိုင်ငံများတွင်သာမက အာရှတိုက်တွင်း၌ပါ စာသင်နှစ်တစ်နှစ်၌ တရားဝင်စာသင်ရက်နှင့် တရားဝင် စာသင်ချိန် အနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းပေါက်လျက်ရှိနေပါသည်။
သို့ဖြစ်၍ မြန်မာ နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူကလေး များအနေဖြင့် သက်သာနေကြပါသလား ဟု မေးခွန်းထုတ်နိုင်ဖွယ်ရာ ရှိပါသည်။
ဖြေပါမည်၊ န၀မတန်း၊ ဒသမတန်း ကလေးများမှာ သက်သာဖို့နေနေသာသာ ကျောင်းနှင့်ကျူရှင်၊ အိပ်ချိန် စားချိန်ပင် မရှိကြပါ။ တစ်ဖက်တွင်လည်း မူလတန်းနှင့် အလယ်တန်းမှ ကလေးများ အတွက်မူ ကိုယ်ပိုင်ချိန်များ များစွာ ပိုလျှံလျက်ရှိနေကြပါသည်။
ဤသို့ အထက်လေး အောက်ပေါ့ဖြစ်နေသော ကိစ္စအား မည်သို့ကုစားနိုင်သည်ကို အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် The Voice
သတင်းဂျာနယ်၊ အတွဲ(၇) အမှတ်(၄၄) စာမျက်နှာ (၃၉)ပါ 'ပညာရေးဝန်ထမ်း တစ်ဦး' ရေးသားသည့် အယ်ဒီတာထံ ပေးစာတွင် ပါရှိသော ဖော်ပြချက်များမှာ အလေးထား ဖတ်ရှုသင့်သည့် အကြံပြု ချက်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ အပ်နှင်းပေးနေသော အခြေခံဘွဲ့များ၊ မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ၏ အရည်အသွေး၊ အရည်အချင်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်ရေးတွက်ကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့ထုတ် The Voice
သတင်းဂျာနယ် အတွဲ(၇)၊ အမှတ်(၄၆) စာမျက် နှာ (၈)ပါ 'မြန်မာကျောင်းသားတစ်ဦး' မှ ရေးသားထားသည့် အယ်ဒီတာထံ ပေးစာ မှာလည်း အဆင့်မြင့်ပညာအတွက် သတိချပ်ဖွယ်ကိစ္စများ ပါရှိသည့် အမှန်တရားများ ပါဝင်နေပါသည်။

အဆင့်မြင့်ပညာ၏ ကွပ်ကဲမှုအောက်တွင်ရှိနေသော ပညာရေးတက္ကသိုလ်များတွင် 'ပညာရေးတိုင်းတာစစ်ဆေးခြင်းဌာန' (Education Test and Measurement Department) များ ရှိကြပါသည်။
စာမေးပွဲစနစ်မှန်သမျှကို သုတေသနပြုလုပ် လေ့လာကာ သင်ခန်း စာ ဖော်ထုတ်နေကြသောဌာနများ ဖြစ်ကြပါသည်။
ထိုဌာနများသည် အခြေခံပညာ၊ အဆင့်မြင့်ပညာတို့မှ စာမေးပွဲများအားလုံးကို သုံးသပ်ရပါသည်။
မေးခွန်းထုတ်ပုံစနစ်၊ အမှတ်ပေးပုံ စနစ်များ ဖြစ်ပါသည်။
သို့သော် ထိုဌာန များအနေဖြင့် အရေးလည်းမပါ၊ အရာလည်းမရောက်သည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိနေပြီဖြစ်ပါသည်။
ထို 'ပညာ ရေး တိုင်းတာစစ်ဆေးခြင်းဌာန' များကို ပြန်လည်အသက်သွင်းနိုင်လျှင် မြန်မာနိုင်ငံ ပညာရေးစနစ်အတွက် အကျိုးများစွာ ရှိမည်မှာ မုချမလွဲ ဧကန် ဖြစ်ပါသည်။
ဆောင်းပါးရှင်အနေဖြင့် နောက်ဆုံး တင်ပြလိုသည်မှာ လက်ရှိ ပညာရေး စနစ်၏ အားနည်းချက်များကို ယခင်ကတည်းက မသိခဲ့ကြ ဘူးလားဟု မေးခွန်းထုတ်လိုသူများ ရှိပါသည်။
ဖြေပါမည်။
အားနည်းချက်များကို သိရှိသူ ပညာရေးဝန်ထမ်းများ ရှိကြပါသည်။
ပြင်ဆင်ရန် ကြိုးစားခဲ့သူ တစ်ဦးစ၊ နှစ်ဦးစလည်း ရှိခဲ့ပါသည်။
ထိုကြိုးစား ခဲ့သူများမှာလည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ရရှိထားသည့် ရာထူးရာခံ ရရှိထားသူများ မဟုတ်ခဲ့ကြသဖြင့် ခါချဉ်ကောင် မာန်ကြီး၊ တောင်ကြီးဖြို မယ်ကြံ၊ ခါးက မသန်သာ ဖြစ်ခဲ့ကြရပါသည်။
ယနေ့ အစိုးရလက်ထက်တွင် စတုတ္ထမဏ္ဍိုင်၏ လွတ်လပ်ခွင့်ကိုပေးပါသဖြင့် ယခုကဲ့သို့ ပညာရေးနှင့်ပတ်သက်ပြီး အကြုံပြုလာနိုင်ကြ ခြင်းဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ပြောလိုသည်မှာ ဆင်းရဲမှုလျော့နည်းပပျောက်ရေး ဆောင်ရွက်နေသည့် ယနေ့အချိန်အခါ သမယ၌ အမှန်တကယ် ပညာတတ် မြောက်သည့်လူငယ်များ နေရာတိုင်းတွင် လိုအပ်နေပြီဖြစ်သည်။

 

No comments: