Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


 

အရှေ့တောင်အာရှဒေသတွင် ဘိန်းစိုက်ပျိုးမှု တိုးတက်လာဟု ကုလအစီရင်ခံစာကဆို

(အေအက်ဖ်ပီ)
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)
အရှေ့တောင်အာရှဒေသတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် နှစ်ဆတိုးလာနေပြီး အထူးသဖြင့် မြန်မာနှင့် လာအို နိုင်ငံတို့တွင် သိသိသာသာ တိုးတက်လာနေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်ကထက် ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမြေဧက ၁၆ ရာခိုင်နှုန်းတိုး တက်လာခြင်းမှာ လုံခြုံရေးအခြေအနေ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားနည်းမှု ကြောင့်ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

"ကံမကောင်းစွာနဲ့ပဲ ဒေသတွင်း အခြေအနေက အနုတ်သဘော ဆောင်နေပါတယ်" ဟု ကုလမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံးမှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ယူရီဖိဒိုတော့်က အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် စိတ်ကြွမူးယစ်ဆေးဝါးများ ပြဿနာ အရှေ့တောင်အာရှ ဒေသတွင်း တိုးပွားလာခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။

"အခြေအနေကို ပြောင်းလဲစေနိုင်ဖို့ အတွက် နယ်မြေဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတွေနဲ့ မူးယစ်ဆေးဝါးကို ထိန်းချုပ်ထားမှုတွေကို နိုင်ငံတကာအနေနဲ့ ပိုမို နားလည်ကြဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။ 

ဒေသတွင်း ဘိန်းအများဆုံးစိုက်ပျိုး သည့်နိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့တွင် ထုတ်လုပ်သည့် ဘိန်းများ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၃၁၉ သန်းဖိုးရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၄၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ 

ဘိန်းဖြူဈေးများ တက်လာခြင်းကလည်း ဘိန်းစိုက်ပျိုးသူ တောင်သူများကို ဆွဲဆောင်နေသည်ဟု ဖိဒိုတော့်က ပြောသည်။

ဘိန်းသည် ဒေသတွင်း ဆေးဝါးအတွက်နှင့် ၀င်ငွေရရှိနိုင်သော သီးနှံတစ်ခုအဖြစ် လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကတည်းကပင် စိုက်ပျိုးလာကြပြီး ကျေးရွာအခြေပြု အောက်ခြေစီးပွားရေး တစ်ခုအဖြစ် ရှိနေဆဲပင်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် အဆိုပါ ဘိန်းစိုက်ပျိုးရာဒေသ များတွင် စားနပ်ရိက္ခာမဖူလုံမှုများလည်း ဖြစ်ပေါ်နေသည့်အတွက် ဘိန်းစိုက် တောင်သူများ အတွက် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံပေးကြရန်လည်း တိုက်တွန်း ပြောကြားထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို ၂၀၁၄ ခုနှစ်တွင် အမြစ် ပြတ်ချေမှုန်းနိုင်ရန်လည်း ကတိပြုထားကြောင်း သိရသည်။

 

No comments: