Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။


Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ထားသင့်တဲ့ဝါဒ

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
စာရေးသူ မိတ်ဆွေတစ်ယောက်က စကားဝိုင်းတစ်ခုမှာ နှစ် ၃၀ က ဖြစ်ရပ် လေးတွေ ပြောပြသွားတယ်။ အဲဒီအချိန် က သူဟာ မြစ်ကြီးနားနဲ့ တနိုင်း တပ်ရိက္ခာ စုပုံရေးယာဉ်တွေအတွက် အကြီးစား ပြုပြင်ရေးတာဝန်နဲ့ မြစ်ကြီးနားမှာ လေတပ်စခန်းအ၀င် နန့်ပေါင်မှာ နေခဲ့ ပါတယ်။
နယ်မြေခံတပ်မှာ လက်တစ်ဖက် တံတောင်ဆစ်ကပြတ်နေတဲ့ တပ်ကြပ် ကိုတွေ့လို့ အကျိုးအကြောင်း မေးကြည့် တော့ နန်းကွေ့ ချောင်းမှာ ငါးမိုင်းခွဲစဉ် က လက်ထဲမှာတင် မိုင်းဗုံးကကွဲပြီး လက် ပြတ်သွားတဲလေ။ 

ဒါနဲ့ပဲ မိတ်ဆွေက အဲဒီဆရာကို မိုင်းတစ်လုံးပြင်ထားပေးပါ။ ဒီတနင်္ဂနွေမှာ ငါးသွားရှာတာပေါ့ လို့ ပြောတော့ လက်တစ်ဖက်ပြတ် ဆရာက အပြုံးမပျက် ဟုတ်ကဲ့တဲ့လေ။
ဒါနဲ့ အဲဒီ နေ့မှာ နန်းကွေ့ချောင်းရဲ့ ချောင်းကွေ့ လေးမှာ မိုင်းခွဲတယ်။
မြစ်ကြီးနားရဲ့ ဒီဇင်ဘာ ဆောင်းကြောင့် နေ့ခင်း ၂ နာရီလောက်မှာ ခွဲလိုက်တာ။
ခွဲတဲ့သူက လက်တစ်ဖက် မိုင်းဆရာပဲတဲ့။

မိုင်းခွဲအပြီး မိုင်းဆရာက သူ့လက်တုကို ချွတ်၊ ဗုံးကွဲမှုကြောင့် ရေပေါ်ပေါ် လာတဲ့ ငါးတွေကို ဆင်းဖမ်းတော့တာ ပဲ။
ကျန်တဲ့ရဲဘော်တွေကတော့ ဆင်းဖမ်းသူ ဖမ်း၊ မိုင်းကွဲသံကြောင့် မူးပြီး မျောနေတဲ့ ငါးတွေကို လှေငယ်လေးတစ်စင်းပေါ်က နေ ဂေါ်နဲ့ဆယ်တင်သူကတင်နဲ့ ပျော် စရာကြီးပါ။
ရေက မေခ-မလိခရဲ့ ရေခဲရေတွေ ဆိုတော့ ခိုက်ခိုက်တုန်ချမ်းပေမယ့် လှေ ပေါ်တင်ထားတဲ့ ကချင်မီးတောက် အရက် တစ်ကြိုက်သောက်၊ ရေအောက် ကြမ်းပြင်မှာ မူးပြီး လဲနေတဲ့ ငါးကြီးတွေ ကို ဆင်းငုတ်ရှာကြပေါ့။

မူးနေတဲ့ငါး တွေက ပက်လက်ဖြစ်နေတော့ ဖြူဖြူ တွေ့ရင် ကောက်ကိုင်လိုက်၊ ငါးပဲ။ ရေက လည်း ကြည်လင်နေတာကိုး။
အဲ အမြည်းတော့ ပေါလောမျောရာက လှေပေါ်မှာ ဂေါ်နဲ့ခပ်တင် ဆယ်ထား တဲ့ ငါးငယ်တွေကို အရက်တစ်ကြိုက် ငါးငယ်တစ်ကိုက်နဲ့ အစိမ်းစားတာပေါ့။ 

ဒါပြီးတော့ ငါးချင်းတောင်းကိုသယ် ပြီး တပ်ကိုအပ်ြန် မော်ဖောင်းဆိုတဲ့ ကချင်ရွာကို ဖြတ်ဝင်တယ်။
ဒေသခံ ကချင်ရိုးရာအရက်ဆိုင်မှာ ခဏ၀င်ရင်း ရွာက ဒူးဝါး(ရွာလူကြီး)အိမ် ညွှန်ခိုင်း တယ်။ နေရာသိတော့ သွားပြီး ငါး ချင်းတောင်း ကိုချပြီး နှုတ်ဆက်စကား ပြောတယ်။
သူ့စကားက ဒူးဝါးကြီးရေ ရွာ အထွက်ဘက်က ချောင်းကွေ့မှာ ကျွန်တော်တို့ အပျော်သဘောနဲ့ မိုင်းခွဲ ဆယ်လာတဲ့ ငါးတွေပါ။ 
တကယ်တော့ ဒူးဝါးတို့ ငါးတွေပါ။
ကျွန်တော့တပ်စိတ် အတွက် ညနေစာ နည်းနည်းယူသွားပါ တယ်။
ကျန်တာ ဒူးဝါးတို့ရွာအတွက် ထားခဲ့တယ်။
မျှဝေပေးပါလို့ ပြောပြီး ငါးတွေ ထားခဲ့တယ်။ 

နောက်တစ်ပတ်မှာ ရွာအပြင်က ပတ်သွားရင်း ဆက်သားတစ်ယောက်နဲ့ မိုင်းခွဲတယ်ဆိုတာ ပြောခိုင်းလိုက်တယ်။
ရွာခံတွေရောက်လာတော့ မိုင်းခွဲတယ်။
ရေထဲက ပေါ်လာတဲ့ငါးတွေ ၀ိုင်းဆယ် ကြတာ ပျော်စရာပါပဲတဲ့။ 

ဒီတစ်ခါမှာ လည်း တစ်ညစာပဲ ယူပြီး ကျန်တာကို ရွာကလူတွေအတွက် ထားခဲ့တယ်။
နောက်တစ်ပတ်လည်း ဒီအတိုင်းပဲ။
ဒါပေမယ့် နောက်ထပ်တစ်ပတ်က ခရစ္စမတ်ဖြစ်တော့ နေ့လည်မဟုတ်ဘဲ မနက် ၉ နာရီ ချမ်းချမ်းစီးစီးမှာ သူတို့ကို အကြောင်း မကြားဘဲ မိုင်း နှစ်နေရာ ခွဲတယ်။
ရဲဘော်တွေအားနဲ့ပဲ ငါးဆယ် တယ်။
၁၁ နာရီလောက်မှာ ပြီးသွား တယ်။ 

နောက်တော့ ရွာထဲဖြတ်ဝင် အသင့်ယူလာတဲ့ငါးတွေကို ရမ်သုံးလုံးနဲ့ အတူ ဆလန်ဝါနဲ့ ဒူးဝါးတို့ကို ခရစ္စမတ် လက်ဆောင်ပါလို့ ပြောပြီး ပေးလိုက် တယ်။
အံ့ဩကြပြီး ပြုံးလို့၊ ကျေးကျူး ကမ္ဘာ (ကျေးဇူးတင်ပါတယ်)ချင်း ထပ်နေ ပါတယ်။
ခရစ်ယာန်ရွာကိုး။
ပြန်လှည့် ထွက်ဖို့လှည့်ရင်း နောက်ပြန်လှည့်ပြီး ဒီညမှာ ကျွန်တော်တို့လည်း လာမယ် နော်လို့ ပြောတော့ ဆလန်ဝါနဲ့ ဒူးဝါး တစ်သိုက် ဖျက်ခနဲ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒူးဝါးက စောစော တော့ လနော်တဲ့။ 

မိတ်ဆွေရဲ့တပ်စိတ် က ရိက္ခာစုံပုံရေးယာဉ်တွေကို အခြေချ တပ်က လာပြင်တာဆိုတော့ သက်ဆိုင် ရာ နယ်မြေလုံခြုံရေးတာဝန် ယူစရာ မလိုဘူး။
ညနေပိုင်းမှာ သူ့လူတွေနဲ့ တပ်ထဲမှာ ကြက်ကြော်တွေကြော်ပြီး ရွာကိုသွားကြတယ်။ ရဲဘော်တစ် ယောက်ကတော့ စစ်စောင်ကြားကြီးခြုံ ပြီး ပါလာတယ်။
ချမ်းနေတဲ့ကာလမှာ ကိုး။ 

ရွာရောက်တော့ ဒူးဝါးကြီး စီစဉ် ထားတဲ့နေရာမှာ ထိုင်ကြတယ်။
အဲဒီမှာ Army Rum သုံးလုံးကထောင်လျက်။
တစ်ယောက်က ရမ်ပုလင်းက ချိပ်တွေကို ထုခွာတယ်။
မိတ်ဆွေက ဘယ်သူ သောက်မှာလဲဆိုတော့ နင်တို့အတွက် တဲ့။ 

အဲဒီပြည်နယ်မှာ ဒူဝါးခေါ်ရင်ခေါ်၊ ဗိုလ်ကြီးခေါ် ရင်ခေါ်မယ်၊ ပြောရင်တော့ နင်နဲ့ငါ ပြောတာများတယ်။
အစတုန်းက တော့ တစ်မျိုးဖြစ်ပေမယ့် ဘာသာစကား ခြားနားမှုအရ လေသံမှာ ရိုင်းစိုင်းတဲ့ အသံ မဟုတ်တော့ နားယဉ်သွားတာပါ ပဲ။
အဲဒီမှာတင် အသင့်ဝယ်လာတဲ့ ကချင် မီးတောက်အရက်တွေထုတ်ပြီး ဒီအရက် ပဲ ကြိုက်တယ်။
ရမ်ကို ရွာကလူတွေပဲ သောက်ပါလို့ပြောလိုက်ပြီး အရက်ဝိုင်း လေး စဖြစ်တယ်ပေါ့။
ငါးကင်၊ ငါးမီးဖုတ်၊ ကြက်ကြော်တွေနဲ့ နည်းနည်းအရှိန်ရလာ တော့ ဆလန်ဝါ (ရွာလူကြီး)တစ်ယောက် က ရီဝေေ၀နဲ့ ပြောတယ်။ 

ဒူးဝါး မင်း ရောက်စ မိုင်းလာခွဲတုန်းက ပြောသွား တာ ငါတို့ ၀မ်းသာတယ်။ ငါတို့ ဒီနယ် က ငါးတွေ ငါတို့ပိုင်တယ်ဆိုတဲ့စကားကို ငါတို့ အရမ်းသဘောကျတယ်။ ခု ငါတို့ပွဲ ကို ကူညီပေးတာကိုလည်း ကျေးကျူး ကမ္ဘာဆိုင်လို့ ပြောပါတယ်တဲ့။

ဒီလိုနဲ့ပဲ ည ၈ နာရီလောက်ရောက်တော့ ရွာ လူကြီးကို လူတစ်ယောက်က တစ်ခုခု ကချင်လိုပြောလိုက်တယ်။
အဲဒီမှာ ရွာ လူကြီး အေးအေးပဲ။
ဒူးဝါး ဧည့်သည် အသစ်လာမယ်၊ လက်စသုတ်ရအောင် လို့ ပြောပါတယ်တဲ့။
မိတ်ဆွေက သူ့ရဲ့ စစ်စောင်ကြားခြုံ ထားတဲ့ ရဲဘော်ကို အမှတ်တမဲ့ လှမ်း ကြည့်တယ်။ သူ့မှာက ကျည်အပြည့်နဲ့ G-3 သေနတ် ပါတာကိုး။
လုံခြုံရေးအရ ယူလာခဲ့တာ။ 

နောက်တော့ မိတ်ဆွေက အရက်ပုလင်းယူပြီး အရက်ခွက်တွေထဲ တစ်ဝက်ကျော်လောက်စီ ထည့်လိုက်တယ်။
နောက်တော့ အရက်ခွက်မြှော က် ပြီး Merry Christmas ကန်ပိန့်ဆိုပြီး အရက်တွေကို တစ်ပြိုင်တည်း မော့ သောက်ပြီး ပြန်ဖို့ ထလိုက်တယ်။
ဆလန်ဝါတစ်ယောက်က အတူလိုက် လာတယ်။ 

အပြန်လမ်းမှာ သူက ဒူးဝါး ရယ် ငါတို့က မင်းတို့နှစ်ဖက်ကြားက မြေစာပင်ဖြစ်သလို မင်းတို့နှစ်ဘက်ရဲ့ မိသားစုတွေဟာလဲ မြေစာပင်တွေပါ။
အခု ဒူးဝါး ဒီမှာရှိနေစဉ်မှာ ဒူးဝါးရဲ့ မိသားစုလည်း စိတ်ပူနေကြမှာပါ။
မင်းတို့ စစ်ဗိုလ်ချုပ်တွေနဲ့ ငါတို့စစ်ဘုရင်တွေ ကြားမှာ မင်းတို့နှစ်ဖက်က အသက်တွေ ရင်းနေရတယ်။ ငါတို့နဲ့ မင်းတို့နှစ်ဖက် မိသားစုတွေအားလုံးဟာ မြေဇာပင်တွေ ချည်းပါလို့ ၀မ်းနည်းစွာပြောကာ ထည့် ထားတဲ့ ငှက်ပျောရွက် ထမင်းထုပ်တွေ ပေးပြီး တပ်ရောက်မှစားဖို့ပါ။

ငါတို့ ဧည့်သည်သစ်ကို ဧည့်ခံဖို့ပြန်ပါမယ်။ Happey Christmas ဆိုပြီး ကျောခိုင်း ပြီး ပြန်သွားပါတယ်တဲ့။
သူလိုက်ပို့တာက သူ့ရင်ထဲကစကား ကို ပြောချင်လို့ဖြစ်သလို လိုက်စောင့် ရှောက်တဲ့သဘောလည်း ပါပါတယ်။ 
နောက်တော့ အဲဒီအချိန်က ပူတာအို လွင်ပြင်ရဲ့ တစ်ခုတည်းသော ခြေလျင် တပ်ဖြစ်ခဲ့တဲ့ တပ်မှာသုံးတဲ့ စစ်ကားတွေ ပြင်ပေးဖို့ သွားခဲ့ရတယ်။ 

ဇန်န၀ါရီလ ၄ ရက်ရောက်တော့ တပ်မတော်ရဲ့ စစ်ရေး စစ်ရာမှာ ထူးထူးချွန်ချွန် ထမ်းဆောင်ခဲ့ သူတွေအတွက် ဘွဲ့ထူးဂုဏ်ထူးတွေ ကြေညာတဲ့အခါမှာ တပ်ရင်းမှူးရဲ့ ထောက်လှမ်းရးအရာရှိ (I.O) နဲ့ သူ့ တပ်စုဟာ သတင်းအရ လက်နက်ကိုင် အဖွဲ့တစ်ခု အခြေပြု တာကို ခရီးရှည် ထိုးဖောက်စစ်ဆင်ရေး (Long range penetration) စစ်ဗျူဟာနဲ့ တစ်ဖက် လက်နက်ကိုင်အဖွဲ့ကို လက်နက်ငယ် အားလုံးနဲ့ အသေရမိခဲ့လို့ တပ်မတော်ရဲ့ ထုံးတမ်းစဉ်လာအရ စစ်ရေးစွမ်းဆောင် မှုအတွက် ချီးမြှင့်တဲ့ သူရဘွဲ့တွေ တစ်သီ ကြီးရပြီး ပျော်ပွဲဆင်နေတာမြင်တော့ ရက်အနည်းငယ်အတွင်းက ခရစ္စမတ်ည မှာ မြစ်ကြီးနားက ကချင် မော်ဖောင်းရွာ လူကြီးပြောခဲတဲ့ ညကို အမှတ်ရလိုက်မိပါ တယ်တဲ့။ 

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ် အတွင်းက တစ်ကြော့ပြန် စစ်မီးတောက် ပြန်တော့ မြေဇာပင်ပေါင်းများစွာ အတိ ဒုက္ခရောက် နေကြရပြီး နှစ်ဖက် လက်နက်ကိုင်အဖွဲ့ရဲ့ အရာရှိငယ်တွေနဲ့ ရဲဘော်တွေထဲက ဒဏ်ရာရသူ၊ သေဆုံး သူတွေရဲ့ မိသားစုတွေလည်း မြေဇာပင် တွေ ဖြစ်ကြရပြန်တယ်။ 

နှစ်ဖက် တန်းတူရည်တူ ညှိနှိုင်းနိုင် ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ပါး သွားမှာ မှန်ပေမယ့် မြေဇာပင်တွေရဲ့ ဘ၀အသီးသီးမှာ အခြေအနေတွေ ပျက်ယွင်းခဲ့ရပြီပဲ။
စစ်သဘောကတော့ ဒီပြည်နယ်မျိုးမှာ ပြည်မတပ်က အနိုင် တိုက်နိုင်ရင်လည်း မပြီးပါဘူး။
မျိုးဆက် သစ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာ ဦးမှာပါပဲ။
တန်းတူရည်တူ သာတူညီမျှ ညှိနှိုင်းနိုင်ရင် အဆင်ပြေသွားမှာပါ။ 

ဆက်ပြီး အဆင်ပြေ ငြိမ်းချမ်းသာယာ ဖို့အတွက် ကျင့်သုံးရမယ့် လမ်းစဉ်က တော့ တန်းမတူ ရည်မတူ မူဝါဒပါပဲ။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေအရဆုံး သဘာဝဓာတ်ငွေ့ထွက်တဲ့ ရခိုင်ကမ်း မြောင်ဒေသနဲ့ တနင်္သာရီကမ်းမြောင် ဒေသ၊ ဒုတိယအရဆုံး ကျောက်စိမ်း ထွက်ရာဒေသ ကချင်ပြည်နယ်တွေဟာ ဖောင်စီးရင်း ရေငတ်နေသူတွေ ဘ၀မျိုး ပါ။ 

မိမိပြည်နယ်က ရှာဖွေပေးလိုက်တဲ့ တနင့်တပိုး ၀င်ငွေအတွက် တကယ် ဖြစ်သင့်တာက ဖွံ့ဖြိုးမှုတွေ တစ်ပြေးညီ အမှီ ဖြစ်လာရေးမှာ တန်းမတူ ရည်မတူ ၀ါဒထားကာ အဲဒီဒေသတွေကို အထူး ဦးစားပေးပြီး စနစ်ကျတဲ့ မြို့ပြမြေယာ တွေ ဖော်၊ တစ်နှစ်ခံမဟုတ်တဲ့ လမ်းတွေ တည်ဆောက်ပေးရပါမယ်။
ရုရှားပြည်ကြီး ပြုပြင်ပြောင်းလဲရေး လမ်းစဉ် လုပ်ဆောင်တဲ့ကာလမှာ အစိုးရ လုပ်ငန်းတွေနဲ့နွယ်ပြီး ငွေတွေ ဘီလျံနဲ့ ချီပြီး ချမ်းသာလာတဲ့သူဌေးတွေကို ဘန်းစကားနဲ့ ခေတ်ပျက်သူဌေးလို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ 

ယခင်အစိုးရ တုန်းက ကချင်ပြည်နယ်မှာ ကျောက်စိမ်း တူးဖော်ခွင့်နဲ့ ကျွန်းသစ်တွေ ခုတ်ထွင် ထုတ်ဖော်ခွင့်ရပြီး ကျိကျိတက် ချမ်းသာ လာတဲ့ မြန်မာပြည်ရဲ့ ခါတော်မှီသူဌေး ကြီးများဟာ ဒီဒေသဖွံ့ဖြိုးတိုးတက်ရေး မှာ တာဝန်ရှိပါတယ်။ 

သူ့ပြည်နယ်က သယံဇာတတွေထုတ်၊ ထုတ်ဖို့အတွက် သူ့လမ်းတွေကို ဖွတ်ဖွတ်ကြေအသုံးခံ လိုက်ရနဲ့ ကချင်ဒေသခံတွေဟာ မိအေး နှစ်ခါနာကိန်းမျိုး ဆိုက်ခဲ့ရပါတယ်။
မိမိတို့စီးပွားရေး ဖြစ်ထွန်းခဲ့ရတာတွေ အတွက် ပြန်လည်ပေးဆပ်ဖို့ သဘော ပြည့်ဝစွာနဲ့ အထက်တန်းအဆင့်သာသာ တက္ကသိုလ် တွေအစား အရည် အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေနဲ့ သင်ကြားနိုင်တဲ့တက္ကသိုလ်တွေ ဖြစ် အောင် လုပ်ပေးရပါမယ်။

ဒီပြည်နယ် တွေက ပညာရေး၊ ကျန်းမာရေးနဲ့ ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းတွေ အတွက် အထူးထောက်ပံ့ငွေ ပေးသင့်ပါ တယ်။
နယ်မြေမအေးချမ်းရခြင်း အကြောင်းတရားတွေမှာ အခြေခံ လိုအပ်မှုတွေ မပြည့်စုံလို့ဆိုတာလည်း ပါပါတယ်။ 

နိုင်ငံတော်အတွက် ငွေအမြောက် အမြား ရှာလို့ရတဲ့ အထက်ဖော်ပြပါ တိုင်းနဲ့ ပြည်နယ်တွေကို အထူးဦးစားပေး စဉ်းစားပေး သင့်ကြောင်းပါခင်ဗျာ။
စာရေးသူရဲ့မိတ်ဆွေ ကချင်ရွာက ရွာလူကြီးကို လွန်ခဲ့တဲ့ နှစ် ၃၀ က ပြောတဲ့စကားလေး အမှတ်ရလို့ ရေးမိတာပါ။

(ဒီဆောင်းပါးလေး ဖတ်ပြီးတော့ စိတ်ထဲမကောင်းဘူး မြစ်ကြီးနား၊နန့်ပေါင်ရွာနားက (၅၀၃)တပ်မှာ  နေခဲ့ဘူးတယ် အဲ့ဒီ့နားရွာတွေက တိုင်းရင်းသားတွေ တကယ်ကို ရိုးသားကြတယ် အခုပြည်တွင်းစစ်ဖြစ်နေတော့ အရမ်းဝမ်းနည်းမိတယ် ဘာအတွက့်ကြောင့် မအေးချမ်းတဲ့ ဒေသဖြစ်သွားရတာလဲဆိုတဲ့ အမေးက ခေါင်းထဲကို တရစပ်ဝင်လာတယ်။)

No comments: