"စစ်ကိုမုန်း၍ တိုက်ခဲ့သည်"




အဘိုးကလဲ စစ်သား
အဖေကလဲ စစ်သား
ကိုယ့်လက်ထပ်မှ စစ်သားမျိုးဆက်ပြတ်ရတော့မယ်..

ကိုယ်တွေအသက်ငယ်ငယ်တုန်းက ခေါ်ပါလား အမျိုးသမီးစစ်ဗိုလ်လောင်းဆိုတာ အသည်းနာလွန်းလို့ nursing class က လွဲရင် စစ်ထဲဝင်ဖို့ အခွင့်အရေးမရှိဘူး..

ကိုယ်ကလဲ လူတော်ဆိုတော့ ဆယ်တန်းစာမေးပွဲတောင် ဒီဇင်ဘာမှ စာစကျက်ခဲ့တဲ့အကောင် သူများတွေအောင်စာရင်းကြည့်ဖို့ ရင်ခုန်ပြီးတစ်ညလုံးမအိပ်နိုင်ဘူး ကိုယ်တွေများ မနက်၆နာရီထိုးတာတောင် အိပ်တာသိုးနေလို့ အိမ်ကနေမနဲ နှိုးယူပြီးအောင်စာရင်း သွားကြည့်ခဲ့ရတဲ့ဘဝ အဲ့လိုအကောင်မျိုး ဘယ်လိုလုပ်ပြီး nursing အမှတ်နားသီနိုင်မလဲဗျာ..

စစ်တပ်အကြောင်းပြောရင် မြစ်ကြီးနားက နန့်ပေါင်ရွာနားက ၅၀၃တပ်က ကျွန်တော့်ဘဝရဲ့အဓိကအစိတ်အပိုင်းပါ။

အဖေက စစ်သားဆိုပေမယ့် တပ်ကပေးတဲ့အိမ်ထောင်သည်လိုင်းခန်းမှာ မနေခဲ့ဘူး တပ်အပြင်မှာပဲနေခဲ့တာ မှတ်မှတ်ရရ ကျွန်တော်၇နှစ်၊ ၈နှစ် ၁၉၈၈ခုနှစ် အရေးအခင်းမဖြစ်ခင်အချိန် လောက်မှာ ရာထူးတိုးပါပြီး မြစ်ကြီးနားကို မိသားစုလိုက်ပြောင်းသွားပြီး စစ်တပ်ထဲ ပထမဆုံးနေဘူးခဲ့တာ..

ကျွန်တော့်ဘဝမှာ အပျော်ဆုံးအချိန်ပြောရရင် မြစ်ကြီးနားလေတပ် ၅၀၃ လိုင်းခန်းမှာ နေခဲ့ရတဲ့အချိန်ပါပဲ အစားအသောက်ရှားပါးတယ် ပညာရေးမဖွိ့ဖြိုးဘူး ကျန်းမာရေးအားနည်းတယ် ဒါပေမယ့် လူ့ဘဝအရသာကို အပြည့်အဝခံစားခဲ့ရတာ မနက်မိုးလင်းရင် စောင်ပုံထဲကနေထွက်လိုက်တာနဲ့ အေးစိမ့်စိမ့်မနက်ခင်းကကြိုနေတယ် မျက်နှာသစ်၊သွားတိုက်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အမေကြော်ထားတဲ့ ထမင်းကြော်နဲ့ကော်ဖီသောက်ပြီး ကျောင်းသွားဖို့ပြင်ရရော တပ်ထိပ်က အလကနန့်ပေါင်ကို တီအီး2000 ကားပေါ်မှာ သီချင်းတကြော်ကြော်ဆိုရင်း ကျောင်းတက်ရတဲ့ဘဝက ဘယ်လိုမှပြန်မရတော့ပါဘူး..

နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းအကျီလဲပြီးရင် မြစ်ဆိပ်ကိုရေချိုးဖို့ဆင်းပါလေရော မြစ်ဆိပ်မရောက်ခင် နှုံးမြေတွေပေါ်မှာ စိုက်ထားတဲ့ ပြောင်းဖူး၊ပန်းအာလူး၊မုန့်ညှင်း၊ခရမ်းချည်သီး၊ခရမ်းသီးတွေက ကိုယ်တွေရဲ့ကစားကွင်းကြီးပါပဲ အမေဘယ်လောက်ဆူထားဆူထား အဲ့အခင်းတွေထဲဝင်ဆော့သွားရမှ ကျွန်တော်ကကျေနပ်တာလေ..

မြစ်ဆိပ်ရောက်ပြီဆိုရင် ပုရစ်ဖမ်းရတာလဲ အရမ်းပျော်ဖို့ကောင်းတာအမေမသိအောင် ဖွက်ယူလာတဲ့ရေခရားနဲ့ သဲသောင်ပေါ်က ပုရစ်တွင်းတွေကို ရေလိုက်ဖြည့် ပုရစ်တွေရေမွန်းလို့တက်လာရင် လိုက်ဖမ်း တွင်းထဲကနေလွတ်သွားရင် သဲသောင်ပေါ်မှာ ပုရစ်တစ်ကောင်နဲ့ဒိုင်ဗင်ထိုးရပါလေရော ပုရစ်ဖမ်းလို့ဝရင် ရေထဲဆင်းပြီး ငါးဖမ်းပါလေရော ဝတ်ထားတဲ့စကပ်ကို လက်နှစ်ဖက်နဲ့ဖြန့်ကိုင်ပြီး ရေစပ်ကငါးတွေ အကုန်ဖမ်းတော့တာပဲ ငါးဆိုတဲ့အမျိုးက ရေသရဲဆိုတော့ ဘယ်လိုလုပ်မိမှာလဲဗျာ ငါးဖမ်းလို့မောသွားမှ ရေချိုးစချိုးတာ ရေချိုးရင်လဲ လူကြီးတွေလို ဝတ်ထားတဲ့စကပ်ကို ရင်ခေါင်းထိဆွဲတင်ပြီး လေပူပေါင်းစီးလိုက်သေးတာ..

၁၂နာရီကျော်က မြစ်ဆိပ်ဆင်းရေချိုးတာ လိုင်းခန်းပြန်ရောက်ရင် ၁နာရီကျော်နေပြီ တပ်ကပေးထားတဲ့ ရေပိုက်လိုင်းကနေရေသန့်ပြန်ချိုး သနပ်ခါးလိမ်းပြီးတာနဲ့ အူကလိမ်နေအောင်ဗိုက်ဆာပြီ ဈေးနေ့နီးရင်အသားနဲ့အသီးအရွက်စားရပြီး ဈေးနေ့ဝေးရင်ငါးနဲ့အသီးအရွက်စားရပေမယ့် အခုအချိန်မှာ မက်မက်မောမော တမ်းတနေမိပါတယ် တစ်ခါတလေ တပ်ပတ်လည်မှာထောင်ထားတဲ့ မိုင်းကွင်းထဲနွားဝင်ရင်လဲ အမဲသားစားရပါတယ်..

နေ့လည်နေ့ခင်း တရေးတမောအိပ်ပြီးတာနဲ့ အိပ်ယာနိုးတာနဲ့ လိုင်းခန်းနောက်မှာ စိုက်ထားတဲ့ ခရမ်းကဆော့ပင်၊ခရမ်းသီးပ၊ငရုပ်ပင် တွေပေါင်းသင်ရေလောင်း စိုက်ထားတာ၅မျိုးလောက်ရှိတယ် အဲ့၃ပင်ပဲမှတ်မိတော့တယ် လိုင်းခန်းအောက်မှာ မွေးထားတဲ့ကြက်တွေကိုအစာကျွေး ကြက်မကဥနေတာတောင် အစာအတင်းကျွေးလို့ ဥဥရင်းသူ့ခမျာထွက်ပြေးရတယ် တပ်ထဲမှာနေတော့ စိုက်ပျိုးမွေးမြူရေးအိမ်တိုင်းလုပ်ရတယ် (အဖေကဘေးအိမ်ကနေ ဝက်မွေးတော့ သူတို့ဝက်မကြီးကသားပေါက်တော့ ဝက်ပေါက်လေးဝယ်မွေးထားတာ ကျွန်တော်က ရေမိုးချိုးပြီးအိမ်မွေးတိရိစ္ဆာန်လို အိမ်ပေါ်ထားမွေးတော့ သေပါလေရော ကျွန်တော်မှာငိုလိုက်ရတာ နေမကောင်းဖြစ်ရော)..

ညနေ၃နာရီကျော် ၄နာရီဆို လိုင်းခန်းထဲကအစ်မတွေနဲ့ လေယာဉ်ကွင်းဘေးနားက တောစပ်ထဲမှာ ထင်းခြောက်လိုက်ကောက်ပြီ(မြစ်ကြီးနားမှာအရမ်းအေးတော့ ညဘက်တွေဆို မီးဖိုထားရတး လိုင်းခန်းတိုင်းမှာ အိမ်ထဲမှာ အပေါက်ဖောက်ထားတဲ့ မီးဖိုတွေရှိတယ်) အဖေကတော့မိုင်းကွင်းနဲ့နီးလို့ စိတ်ပူတယ် ထင်းခြောက်ကောက်တာကို မလိုက်ခိုင်းဘူး တပ်ထဲမှာရောင်းတဲ့ ထင်းစည်းတွေဝယ်ထားတယ် ကျွန်တော်ကတော့ သီချင်းတကြော်ကြော်နဲ့ ထင်းလိုက်ကောက်ရတာကို အရမ်းပျော်ပါတယ် ပေါင်မုန့်သီးတွေ ဘောက်ဘောက်သီးတွေ မက်မွန်သီးတွေ မာလကာသီးတွေ လိုင်ချီးသီးတွေ ခူးစားရတာ ကုလားကြက်ဟင်းခါးသီးတွေ အမေ့အတွက်ခူးလာပေးရတာ ဘုရားတင်ဖို့တောပန်းတွေခူးလာရတာ အခုထိမမေ့နိုင်ပါဘူး..

၎နာရီခွဲလောက်ဆိုရင် ထင်းခြောက်တွေပိုက်ပြီး အိမ်ပြန်ကျပြီ ညနေစောင်းပြီဆိုတာနဲ့ အအေးဓာတ်ကစိမ့်ဝင်လာပြီ ညနေ၆နာရီကျော် တပ်ကမီးပေးတာနဲ့ မိသားစုစုံစုံညီညီထမင်းစားပြီ မီးဖိုထားပြီးပြီ ပြီးတာနဲ့ လိုင်းခန်းရှေ့က ကွပ်ပြစ်ပေါ်ထိုင်ပြီး လူကြီးသူမတွေပြောပြတဲ့ ပုံပြင်တွေဇာတ်လမ်းတွေနားထောင်ရတာ တစ်ခါတလေ မုန့်ပြားသလက်၊ဘိန်းမုန့်လုပ်စားကျတာ လသာရက်တွေဆိုရင် စိန်ပြေးလိုက်တမ်း ထုပ်စီးတိုးတမ်း ခိုတွန်းတမ်းဆော့ရင်း ည၈နာရီ မီးပိတ်တဲ့အချိန်ထိ ဆော့စကားခဲ့ရတာ..

တခါတရံ ကချင်တွေလာပစ်လို့ တိုက်ပွဲဖြစ်ရင်လဲ အမေတွေကတော့ တပ်အတွက် ခင်ပွန်းသည်တွေအတွက် သောကတွေများနေပေမယ့် ကျွန်တော်တို့ကလေးတစ်သိုက်ကတော့ ဗုံးခိုကျင်းထဲမှာ ပျော်ပျော်ကြီးအိပ်ခဲ့ဘူးတယ်..

အဲ့လောက်သာယာတဲ့ ဘဝမှာနေထိုင်ရင်းနဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး မတိုးတက် မဖွိ့ဖြိုးတဲ့အကြောင်းတွေကြောင့် ကျွန်တော်ချစ်တဲ့ ကရိန်နော်ကို ၂နှစ်ဆိုတဲ့အချိန်အတောအတွင်းမှာ ခွဲခဲ့ရတာပါ..

အဖေသာ မြစ်ကြီးနားမှာ ဆက်နေခဲ့ရင် ကျွန်တော်လဲ တပ်ကလူတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျခဲ့ရင် ကလေးဘဝကလို ပျော်ရွှင်မှုကို အပြည့်အဝမရနိုင်ပေမယ့် ယခုလက်ရှိဘဝထက်တော့ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည်နေတုန်းပါပဲ။

#ကျေးဂျူးကမ္ဘာဆိုင်ရော်

No comments: