မီးဖိုဆောင်


Credit: https://www.google.com/imgres?

ဟင်းချက်ခြင်း အရေးတော်ပုံ


သူများတွေအတွက် ဟင်းချက်တာက အရေးမကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် ကျွန်တော့်အတွက်ကတော် တော်တော်လေး ကသိကအောက်ဖြစ်ရတဲ့ကိစ္စပါ..


အမေနေမကောင်းလို့ အလုပ်ပိတ်ရက်ဆို ဟင်းချက်ရတာ ၂ပတ်ရှိနေပြီ ဟင်းချက်ရတယ်ဆိုပေမယ့် မမကစျေးကပြန်လာတာနဲ့ ၁ပတ်စာသား၊ငါးတွေကို ရေသေချာဆေးပြီး ဆား၊ဆနွင်းနယ်ပေးထားတာကို အဆင်သင့်နွာပေးထားတဲ့ ကြက်သွန်အဖြူ၊အနီနဲ့ အရံသင့်ချက်ပေးယုံပါပဲ..


အဲ့ဒါတောင်မှ ဟင်းချက်ရတာကို သဘောမကျတဲ့ ကျွန်တော့်အတွက် အရေးတော်ပုံကြီး တစ်ခုလိုပါပဲ..


ဟင်းစချက်ပြီဆိုတာနဲ့ ပန်းကန်စင်က ဆေးထားတဲ့ ဒန်အိုး၊ဒယ်အိုးတွေကို ရေဆေးပြီးတော့ မီးဖိုပေါ်အပူပေးပါတယ် အဲ့ဒီအချိန်မှာ နွာထားတဲ့ကြက်သွန်အဖြူ၊အနီထောင်းဖို့ ငရုပ်ဆုံကိုရေဆေးပြီး အရောင်တင်မှုန့်နဲ့ ရောထောင်းပါတယ်..


ဒန်အိုးထဲ ဆီလောင်းထည့် ဆီဆူတာနဲ့ဆနွင်းမှုန့်လေးထည့် ဆီသတ်ဖို့ငရုပ်၊ကြက်သွန်ထောင်းထားတာ ထည့်ပြီးတာနဲ့ ငရုပ်ဆုံကို ရေထည့်ထားပါတယ်..


ဆီသတ်နံလေးမွှေးလာပြီဆိုတာနဲ့ အသား၊ငါးထည့်ပြီး ဆီသတ်ထားတဲ့အနှစ်နဲ့ နည်းနည်းမွှေလိုက်ပါတယ် အနံလေးမွှေးလာပြီဆိုရင် ငရုပ်ဆုံကျင်းရေလေးလောင်းထည့် အဖုံးလေးအုပ်ပြီးတာနဲ့ ငရုပ်ဆုံကို သန့်အောင်ရေပြန်ဆေးထားတော့တာပဲ (နောက်ထပ်ဘာဟင်းချက်ချက်နော် ငရုပ်ဆုံပေနေတာကို သဘောမကျလို့ ရေဆေးထားတော့တာပဲ.. )


အသားဟင်း၊ငါးဟင်းက ဆီလေးပြန်လာပြီဆို ကြက်သားမှုန့်ထည့် ငံပြာရည်အချိုထည့်ပြီး ရေလေးနည်းနည်းထည့်ပြီး နောက်တခွက်အတွက် စပြင်တော့တာပဲ..


ဒီနေ့က မုန်လာဥချဉ်ဟင်းချက်တော့ မုန်လာဥအခွံသင်ပြီး စောင်းစောင်းဘေးတွေလှီး ပြီးရင်ရေဆေးပြီးစစ်ထားလိုက်တယ် မုန်လာရွက်ကို မထိသေးဘူးနော်..


အဲ့ဒီအချိန်မှာ မနက်ဖြန်အတွက်ဟင်းချက်ဖို့ ရေဆေးထားတဲ့ ငရုပ်ဆုံကို ဆီသတ်ဖို့အတွက် ငရုပ်၊ကြက်သွန်ပြန်ထောင်းပြီး ထောင်းပြီးသားကိုအရံသင့် ရေခဲသေတ္တာထဲသိမ်းထားလိုက်တယ် ငရုပ်ဆုံကိုရေကျင်းထားတယ်..


အသားဟင်းကျက်ပြီဆိုတာနဲ့ ထမင်းမစားသေးဘူးဆို အိုးလိုက်လေးထားတယ် ထမင်းစားမယ်ဆိုရင် အသားဟင်းကို ပန်းကန်ထဲလှည်ထည့်ပြီး အဲ့ဒီအိုးကိုဆပ်ပြာနဲ့သေချာဆေးထားတယ် (ညနေဟင်းပြန်နွေးရင် သန့်နေအောင်လို့ပါ..)


မုန်လာဥချဉ်ဟင်းချက်ဖို့ အိုးကိုဆေး ရေစစ်ထားတဲ့မုန်လာဥထည့် ဆနွင်းမှုန့်၊ကြက်သွန်နီတခြမ်းလှီးထည့်၊ကြက်သွန်ဖြူ၃မွှာဓားပြားရိုက်ထည့် ငါးပိ၊ဆား၊အချိုမှုန့်၊ပုဇွန်ခြောက်မှုန့်၊ဆီ၊ငရုပ်ဆုံကျင်းရေလေးထည့် အဖုံးအုပ်ပြီးတည်ထားလိုက်တယ်..


အဲ့ဒီအချိန်မှာ ငရုပ်ဆုံပြန်ဆေး မန်ကျည်းသီးမှည့်ကိုရေဆေးပြီး အရည်ဖျော်ထားလိုက်တယ် ပြီးမှမုန်လာဥအိုးထဲ ရေစပ်စပ်လေးထည့် ရေလေးပွက်လာတော့မှ မန်ကျည်းသီးအရည်လေးထည့် အဖုံးပြန်ပိတ်ပြီး အရွက်ဖက်လှည့်ရတယ်..


မုန်လာရွက်ကို သေးရင်တရွက်လုံးထည့် ကြီးရင်နှစ်ပိုင်းပိုင်းပြီး ရေနှစ်ခါဆေးပြီး ရေစိမ်ထားလိုက်တယ် အချဉ်ဟင်းအိုးလေး ဆူလာပြီဆိုမှ အပေါ့အငံမြီး အရွက်လေးခပ်ပြီး အဖုံးအုပ်ပြီး မီးပိတ်ထားလိုက်တယ်..


အဲ့ဒီဟင်း၂ခွက်ကျက်ပြီဆိုတာနဲ့ ၁နာရီခွဲဆိုတာ အသာလေးကုန်သွားတယ် ရေလဲကန်ထဲမှာ ၃ပုံ၁ပုံလောက်ကုန်သွားတယ် လက်လဲရေနှုးသလောက်ရှိသွားပြီ..


ဒီလောက် Skills တွေကြမ်းနေမှတော့ ဟင်းချက်တာကို သဘောမကျတာ ကျွန်တော်မလွန်ဘူး ထင်ပါတယ်ဗျာ..


No comments: