ဆောင်း



 
ရန်ကုန်ဆောင်းကတော့ မနက်မလင်းတလင်းအချိန်ကနေစပြီး နေလုံးမပြည့်တပြည့်
အချိန်အထိတော့ ခပ်မြမြအအေးဓါတ်ပေးစွမ်းပေးပါတယ် ခင်ဗျားရှိတဲ့ တောင်တွေဝန်းရံထားတဲ့
အရပ်စီမှာတော့ အရိုးစိမ့်အောင်အေးနေမလားဆိုပြီး တွေးပူမိပြန်တယ်..



ကျန်းမာရေးဂရုစိုက်ပါဆိုတဲ့စကားထက် အအေးမမိစေဖို့အတွက် ဘာမှမတက်စွမ်းနိုင်တော့
စိတ်မကောင်းရပြန်ရော ကျွန်တော်ခမျာစိတ်လွတ်ကိုယ်လွတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရချိန်မှာ
ခင်ဗျားကအလုပ်တာဝန်တွေ ထမ်းပိုးနေရတာကို သိနေရတော့လည်း ခင်ဗျားအပေါ် ကျွန်တော်က
မတရားသလိုခံစားရတယ်



မြန်မာပြည်ကြီးအေးချမ်းစေချင်ပါပြီ (၇)ရက်သားသမီး အကုန်လုံးအတွက်ရော အထူးသဖြင့်
ခင်ဗျားနဲ့ (၂၄)နာရီတာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေအတွက် တကယ်ကို 
အေးချမ်းစေချင်ပါပြီ နှစ်ကုန်မှာ မြန်မာပြည်တဝမ်းလုံး ငြိမ်းချမ်းသွားရင် တကယ်ကောင်းမှာပါ



အရင်လို ပိုနေမြဲ ကျားနေမြဲ အချိန်ကာလကို ပြန်ရောက်ချင်ပါပြီ တကယ်တာဝန်ထမ်းဆောင်
နေရတဲ့သူတော့မသိဘူးဗျာ သတင်းတွေသွားဖတ်မိလို့ ထိတွေ့မှုဖြစ်တာသိရင် တကယ်ကို 
စိတ်မောလူမောရပါတယ် သူ့ဘက်ကိုယ့်ဘက် သတင်းအမှန်မတင်တာသိပေမယ့် ကိုယ့်လူတွေကိုအနာအဆာလေးတောင် မရှိစေချင်တာအမှန်ပါဗျာ ကျွန်တော်ကအတ္တကြီးတယ်လေဗျာ



မနက်ခင်းမှာ ကိုယ်နွေးဓါတ်အပြည့်နဲ့စောင်ခြုံထဲကနေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ယာကနေနိုးလာတိုင်း အေးစက်စက်ဆောင်းမနက်ခင်းမှာ ကော်ဖီတစ်ခွက်တောင် အချိန်ပေးမသောက်နိုင်ဘဲ တာဝန်ထမ်းဆောင်နေရတဲ့သူတွေကို ကိုယ်ချင်းစာမိပါတယ် 



သူတို့ကာကွယ်ပေးနေလို့ မြန်မာပြည်ဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ တည်ရှိနေသေးတယ်ဆိုတာ စာမဖတ်တော့တဲ့ လူငယ်တွေသိဖို့ဆိုတာ ကျောင်းစာသင်ခန်းတွေက အများကြီးမူတည်သွား အတန်းစာတောင် သေချာမဖတ်ဘဲ အတန်းတက်လာတဲ့လူငယ်တွေက သမိုင်းဆိုတာသိဖို့ တပ်မတော်ဆိုတာကိုသိဖို့ မြန်မာပြည်ဆိုတာဘယ်လိုကာကွယ်ခဲ့ရတာသိဖို့ ဆယ်စုနှစ်တစ်ခုနီးပါး အဆက်ပြတ်သွားရတာပါ



ကိုယ့်တူကိုယ့်သားကိုယ့်ခင်ပွန်းတွေကို စစ်မှုထမ်းခိုင်းမှ တပ်မတော်သားတစ်ယောက်ရဲ့ 
ထမ်းဆောင်ရတဲ့တာဝန်နဲ့ဝတ္တရား စိတ်ထားတွေကို သိရှိကြမှာပါ
" လက်သည်းဆိတ် လက်ထိပ်နာ " ကိုယ့်ဆွေမျိုးသားချင်း တပ်မတော်သားဖြစ်မှ သူတို့တွေလည်း 
ရာသီမရွေး တာဝန်ထမ်းဆောင်နေရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတက်ကြမှာပါ



ဆောင်းဝင်ပြီဆိုတော့ အအေးမိဖို့ကပိုများတယ် ရေချိုးဆင်ခြင် ချောင်းရေမြစ်ရေဆိုကျိုပြီးမှသောက် 
ငှက်ဖျားမိနိုင်တော့ ငှက်ဖျားဆေးလည်းဆောင်ထား လိုအပ်ရင်အရက်ကို ဆေးဝါးသဘောမျိုးသောက်
ဆရာလုပ်နေတာမဟုတ်ဘူး နေထိုင်မကောင်းဖြစ်မှာစိုးလို့ မှာနေမိတာ ထမင်းကိုလည်း အချိန်ရတာနဲ့ အားဖြစ်အောင်စား ကိုယ်ခံအားကောင်းမှ စိတ်ရောကိုယ်ရောကျန်းမာမှာ




ဆောင်းကသူ့သဘာဝအတိုင်း တဖြေးဖြေးအအေးပိုလာမှာပါ တက်နိုင်သမျှ နွေးနွေးထွေးထွေးနေပါ 
အအေးမမိပါစေနဲ့ ရေချိုးဆင်ခြင်ပါ ညဘက်တွေကို အစာမကြေဖြစ်နိုင်တာတွေမစားပါနဲ့ 
ကျန်းမာရေးဂရုစိုက်ပါ အစစအရာရာဂရုစိုက်ပါ ခင်ဗျားကိုယ်ကို ဂရုစိုက်ပေးတာက ကျွန်တော့်ကို
ဂရုစိုက်ပေးသလိုပါပဲဗျာ။




ပိုးဖလံ




 

သောက်လေသောက်လေငတ်မပြေတဲ့ မသောက်ရလည်း အဲ့ဒီအရသာကို ကျွန်တော့်အသွေးအသား

ထဲကနေကို မက်မောနေမိတာ ဘာတက်နိုင်မှာလည်းဗျာ..



ပိုးဖလံဆိုတာ မီးကိုသဘောကျတယ်တဲ့ ကျွန်တော်လည်းပူလောင်ရနေမှန်းသိရက်နဲ့ ခင်ဗျားကို

ဖက်တွယ်နေမိတာကြီးကို တားဆီးလို့လည်းမရတော့တာ..



မကောင်းမှုဆိုတာလည်း သိထားပါတယ် နောက်ဆုတ်ဖို့လည်း ကြိုးစားအားထုတ်နေပါတယ် 

ဒါပေမယ့်လည်း နွံထဲကျသွားတဲ့လူလို့ ရုန်းထွက်ဖို့ကြိုးစားလေ ပိုပြီးနစ်မြုပ်လေပါပဲဗျာ

အဲ့ဒီတော့ ပိုပြီးပဲအနစ်ခံလိုက်ပါတော့တယ် ခင်ဗျားမရှိတဲ့အရပ်မှာ ကြိုးစားပြီးနေထိုင်လို့

ရပေမယ့်လည်း ခင်ဗျားမရှိတဲ့ဘဝမှာ ကျွန်တော်မှမနေနိုင်တော့တာ



မမြင်ဘူးမူးမြစ်ထင်တဲ့ မူးပဲမြင်ဘူးလို့ တပ်မက်တွယ်တာနေတာ မဟုတ်ပါဘူး အဲ့ဒီလူက

ခင်ဗျားဖြစ်နေလို့ကို တမေ့တမောကိုဖက်တွယ်နေမိတာပါ ခင်ဗျားဖြစ်နေတာက ကျွန်တော်အတွက်

အဓိကပါခင်ဗျာ



လူတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှမြင်ရယုံနဲ့ အချိန်အကြာကြီးစောင့်စားနိုင်မယ်လို့ ရေးရေးလေးမျှကို

ကျွန်တော်မတွေးခဲ့မိပါဘူးဗျာ ဒါပေမယ့်လည်း ကျွန်တော်စောင့်စားခဲ့ပါတယ် စောင့်စားနေတုံးပါပဲ

နောက်တစ်ကြိမ်ပြန်တွေ့မတွေ့ဆိုတာ မသေချာပေမယ့် ကျွန်တော်ခင်ဗျားကို စောင့်နေမှာပါ




အမှောင်တကာအမှောင်ဆုံးထဲကို တိုးဝင်နေမှန်းသိပေမယ့်လည်း ကျွန်တော်နောက်ပြန်လှည့်ဖို့အတွက်

အချိန်လွန်သွားပါပြီ 




ကာမတဏှာနဲ့ပတ်သက်ပြီး ဘုရားလည်းဟောခဲ့ပါတယ် ဆရာတော်ဘုရားတွေလည်း သွန်သင်

ဆုံးမနေတာကို သိသိရက်နဲ့ ကျွန်တော်မိုက်တွင်းနက်နေမိတာပါ။



26th November 2023

Yangon

10:00pm




ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုတယ်ဆိုတာ ဒီ ကာမရာဂ ကိစ္စအတွက်ဘဲဆိုတာ 

ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရတာ ဒီကာမရာဂ ကိစ္စ တစ်ခုထဲအတွက်

မဟုတ်ဘူး၊ ကံအင်မတန်ကြီးကောင်းလို့ ရလာတဲ့ လူ့ဘ၀ လေးကို အခွင့်ကောင်းယူပြီး သံသရာ

ဝဋ်ဆင်းရဲတွေက လွတ်အောင် ဒါနကုသိုလ်တွေ သီလကုသိုလ်တွေ ဘာဝနာကုသိုလ်တွေလုပ်ဖို့ 

လူတိုင်းမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ အဲဒီတော့ ဒီကာမရာဂ ကိစ္စတစ်ခုထဲနဲ့ 

အချိန်မကုန်စေချင်ဘူး၊ ဒီကာမရာဂကိစ္စဟာ အရသာတော့ အတော်ထူးတယ်၊ အဲဒီလို 

အရသာထူးသလောက် သတ္တဝါတွေကို နိဗ္ဗာန်မရောက်နိုင်အောင် နိဗ္ဗာန်နဲ့ဝေးသထက် 

ဝေးအောင် လုပ်တဲ့နေရာမှာလဲ အင်မတန်ကြီး သတ္တိထူးပါတယ်၊ ဒါကို လူတိုင်း စဉ်းစားဖို့ပါဘဲ။

ကာမတဏှာ (ဦးနု)









ဒီအချိန်မှာ အကုန်လုံးကိုထားခဲ့ပြီးတော့ တစ်ယောက်ထဲ စိတ်အေးလက်အေးဘဝနဲ့ 
လောကကြီးမှာ ဒီနေ့တစ်ရက်အတွက်ပဲ ရှင်သန်နေရတဲ့ 
လူတစ်ယောက်လိုပဲ နေချင်မိပါတယ်


တကယ်ကို အေးချမ်းတယ်ဗျာ






တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေထဲမှာ ပေါလောမျောပြီး နေရတဲ့ဘဝလောက်များ 
ဘယ်ဟာကပိုပြီးကောင်းနိုင်မှာလည်းဗျာ
လောကနိဗ္ဗာန်ဆိုတာ အပူအပင်ကင်းရတဲ့ဘဝဆိုတာ 
ကျွန်တော်မသိခဲ့လိုက်မိတာပါ



ကျွန်တော်သိမ်းထားမိတဲ့သောကတွေ လွှတ်ချလိုက်ပါပြီ








ရောင်နီလာချိန်လား အိပ်တန်းတက်ချိန်လား ကျွန်တော်မသိပေမယ့်
အဲ့ဒီ့စပါးခင်းကြီးကို ငေးကြည့်ရတာ ဟိုးအဝေးစီက ထန်းတောကြီးကို
မျှော်ကြည့်ရတာက တကယ်ကိုအေးချမ်းရပါတယ်


တောသူတောင်သားဖြစ်ခွင့်ရတာ
ဘုရားကသက်ညှာပေးခဲ့လိုပါပဲ


ကြမ်းရှရှစပါးပင်တွေကြား တိုးဝှေ့အိပ်ချင်မိတာ






အဲ့ဒီတောင်တန်းကြီးတွေကို ငေးကြည့်ရတဲ့အရသာကို နော်ဘူတောမှာတစ်ခါပဲရခဲ့ဘူးပါတယ်
စိမ်းစိုစိုတောင်တန်းကြီးတွေကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်ရတာက ကျေနပ်ဖို့ကောင်းပါတယ် 
စပါးခင်းတွေထက် လူသူကင်းဝေးတဲ့တောင်တန်းကြီးတွေကို ကျွန်တော်ပိုပြီးနှစ်သက်ပါတယ်



နေစထွက်တဲ့အချိန်ကစပြီး ဝါးနံတသင်းသင်းနဲ့ရေနွေးပူခွက်ဘေးချရင်း
ညိမ်ညိမ်လေးထိုင်ကြည့်နေရတာက လောကနိဗ္ဗာန်ပါပဲဗျာ





 
သူတို့လိုပဲ ကျွန်တော်လည်း ညိမ်ညိမ်လေးထိုင်ကြည့်ချင်တယ် 
မနက်ဖြန်ဆိုတာမရှိတောတဲ့ ဒီနေ့တနေ့အတွက်။



8th September 1981 -
23rd November 2023



All photo source; Google

 



18.09.2022

လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်မိတာ ဘာနဲ့တူလည်းဆိုရင် 

အမြင့်ကို မတားအား ကြောက်တဲ့သူတစ်ယောက် ရိုလာကိုစတာအပေါ်

တက်မိလိုက်သလိုပါပဲ 



အမြင့်ရောက်ခါနီးလေ တထိတ်ထိတ်နဲ့ စိုးရိမ်နေရသလို အမြင့်ကနေ 

ဆင်းလာပြန်တော့လည်း အသည်းသည်းတအေးအေးနဲ့ အသက်ရှု

ရပ်သွားမတက်ပါပဲ



ဒါပေမယ့် အဲ့ဒီခံစားချက်က ရိုလာကိုစတာစီးမိတဲ့အချိန်မှ ဖြစ်နိုင်ပေမယ့် 

ခင်ဗျားကို စွဲလန်းမိနေတာက အချိန်အများကြီး တထိတ်ထိတ်နဲ့ အသက်ရှု

မရပ်သွားအောင် ကြိုးစားနေရတာပါ


မသိတော့ဘူးဗျာ ခင်ဗျားအနားမှာ အချိန်အကြာကြီးနေချင်တယ် 

ဒါပါပဲဗျာ..

7:11 pm



မနေ့ညက နေကောင်းပြီလား သတိတရမေးရှာတော့ ကျွန်တော့်ခမျာ 

သဘောကျမိတာ ဝမ်းသာပီတိ ဂွမ်းဆီထိသလိုအတိုင်းပါပဲ အလုပ်များလို့ 

ပင်ပန်းနေတာကိုသိလိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ် 

စိတ်ရောကိုယ်ရောသက်သာအောင် ဘာတစ်ခုမျှမလုပ်ပေးနိုင်တဲ့သူလေ



ဒီနေ့လည်း မနက်အစောပိုင်းကနေ နေ့တစ်ပိုင်းကျော်အထိ 

online မဖြစ်နေတော့ အလုပ်များနေတာလား နေမကောင်းဖြစ်နေတာလား

သူအဆင်ရောပြေရဲ့လား စိုးရိမ်မိပြန်ရော ခင်ဗျားက အဲ့လိုစိုးရိမ်ကြီးတာကို

နည်းနည်းလေးမှ မကြိုက်တဲ့သူလေဗျာ



ညနေအထိ online ဖြစ်ရင်တော့ phone message ပို့မယ်လို့ 

ရည်ရွယ်ထားလိုက်တယ် တော်သေးတယ် နေ့လည်ဘက် online ဖြစ်လာမှပဲ

စိတ်အေးသွားရတော့တယ်



ခင်ဗျားက အကုန်လုံးအတွက် အေးဆေးပဲ ပြောပေမယ့် ကျွန်တော့် sense က 

ခင်ဗျား အလုပ်နဲ့ပတ်သက်ပြီး စိတ်တိုင်းမကျဘူး အဆင်မပြေဘူးလို့ ခံစားနေရတယ် 

ဒါပေမယ့်လည်း ကျွန်တော်မမေးရဲဘူး ခင်ဗျားမကြိုက်ဘူးဆိုတာကို 

ကျွန်တော်သိထားလို့ပါ




ခင်ဗျားကိုချစ်ရတာလေ အရင်နှစ်က ခံစားခဲ့ရတဲ့ ရိုလာကိုစတာစီးရတဲ့ feeling လို 

အခုအထိ ခံစားချက် tempo က နည်းနည်းလေးမျ မလျော့သွားသေးဘူးဗျာ 



အဆက်အသွယ်မလုပ်ရင်လည်း ငါ့များထားခဲ့ပြီလား 

စိတ်သောကဖြစ်ရပြန်ရော



စကားပြောမှားခဲ့ရင်လည်း ဒေါသထွက်သွားပြီလားဆိုပြီး

စိတ်မကောင်းဖြစ်ရပြန်ရော



အလုပ်များနေရင်လည်း ငါဘာမှမကူပေးနိုင်ဆိုပြီး ဝမ်းနည်းရပြန်ရော 



ခင်ဗျားအဆင်ပြေတဲ့အကြောင်း သိရရင်လည်း ကျွန်တော်တစ်ယောက်

ပျော်ရမိပြန်ရော



လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ရတာ အဲ့လောက်အများကြီး 

ခံစားရမှန်း ဒီအသက်အရွယ်ရောက်မှ သိရတာ ဒီအသက်အရွယ်နဲ့

ခံစားနေမိတာ လုရယ်စရာကြီးတော့ ဖြစ်တာပေါ့ဗျာ



ဒါပေမယ့် ကျွန်တော်ကမှ ခင်ဗျားအပေါ် မချစ်ဘဲမနေနိုင်တော့တာ

ခင်ဗျား နင့်ကိုငါ ထားခဲ့ပြီလို့ မပြောသေးတဲ့အချိန်အထိ အဆုံးတိုင်

ကျွန်တော်ဖက်တွယ်နေအုန်းမှာပါခင်ဗျာ။



စကားပြောချင်ပေမယ့် အလုပ်များနေတာသိလို့ 

အိပ်နှင့်ပြီဗျာ

အစစအရာရာဂရုစိုက်ပါနော် 😘

21st November 2023

9:08pm

ကိုကို


 


ကျန်းမာရေးတော့ ဂရုစိုက်ပါ



လကုန်အထိ ခင်ဗျားဘက်ကနေ မဆက်သွယ်လာဘူးဆိုရင် ကျွန်တော့်ကိုထားခဲ့ပြီလို 

တကယ်ထင်ခဲ့မိတာပါ...

2nd November 2023



ခင်ဗျားကို မုန်းဖို့လည်း နည်းနည်းလေးမျှ 

မကြိုးစားခဲ့သလို 

မေ့ဖို့ကိုလည်း တကူးတကကြီး 

အားမထုတ်တော့ပါဘူး 

အချိန်တစ်ခုရောက်ရင်တော့ အရာအားလုံး နေသားတကျ ဖြစ်သွားမယ်လို့ပဲ 

ကျွန်တော် မျှော်လင့်ထားလိုက်ပါတယ်



တချို့လူတွေအတွက် နားလည်မှုဆိုတာ အောက်စီဂျင်လိုများ လေထဲကနေ အလကားရနေတယ်လို့ ထင်မှတ်ထားကြတာနေမှာပါ 



အဲ့ဒီအောက်စီဂျင်ရဖို့အတွက် တောတောင်ရေမြေတွေရှိဖို့ လိုအပ်တယ်ဆိုတာ သူတို့များ သတိမေ့သွားကြတာနေမှာပါ 



တောတောင်ရေမြေတွေက သဘာဝတရားက ဖန်တီးထားခဲ့သလို တကူးတက လူတွေဖန်တီးပေးရတာ

လည်းရှိပါတယ် အဲ့ဒါတွေက ကျွန်တော်တို့တခုတ်တရ ကျေးဇူးတင်ပေးရမယ့် သက်ရှိသက်မဲ့တွေပေါ့ဗျာ



အဲ့ဒီလိုပါပဲ လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ် နားလည်မှု ပေးထားတယ်ဆိုတာလည်း တကူးတက ဖန်တီးပေးထားတာပါ 



အဲ့ဒီလူက စိတ်ရင်းကောင်းလို့ လူတိုင်းအပေါ် နားလည်ပေးတက်တာမဟုတ်ပါဘူး 

သူ့အတွက် တကယ်ကို အလေးထားရတဲ့သူဖြစ်လို့ နားလည်ပေးထားတာပါ သူ့နကိုဗီဇအတိုင်း

ဖြစ်တည်နေတာမဟုတ်ပါဘူးဗျာ



ဒါပေမယ့် ခင်ဗျားကတော့ ကျွန်တော်နားလည်မှု ပေးခဲ့တာတွေကို လူတိုင်းအပေါ် နားလည်ပေးထားသလို 

သူ့ဗီဇအတိုင်း ဖြစ်တည်နေတာလို့ ထင်ခဲ့သူပါ



ကျွန်တော့်ပင်ကိုယ်က ကျွန်တော်အတွက် Safe ဖြစ်မယ့် ကျွန်တော့်အတွက် နာကျင်မှုနည်းပါးတဲ့ ပုံစံခွက်ထဲမှာပဲ နေတက်သူပါ ကျွန်တော်နာကျင်ရတာကို နည်းနည်းလေးမျှ သည်းမခံနိုင်သူပါ 



ပြီးတော့ ကျွန်တော်အားနည်းချက်က တစ်ဖက်လူတွေအပေါ် ပေါ့ပေါ့ပါးပါးဆက်ဆံပေးဖို့ ခက်ခဲတဲ့သူပါ စိတ်အရင်းတိုင်း ဆက်ဆံပေးတက်တဲ့သူဖြစ်တော့ မရင်းနှီးတဲ့လူတွေက ကိုယ့်ကိုနာကျင်အောင် ပြုမူမှာစိုးရိမ်တဲ့အတွက် လူတွေကို ခပ်စိမ်းစိမ်းပဲနေတက်သူပါ



ခင်ဗျားကြောင့် ကျွန်တော့်ပုံစံခွက်ထဲကနေထွက်ပြီး ခင်ဗျားနှစ်သက်မယ်လို့ ကျွန်တော်ထင်ခဲ့မိတဲ့

ပုံစံအတိုင်း နေခဲ့ပေးခဲ့တာပါ ခင်ဗျားအတွက်ဆို ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဒုတိယဖြစ်သွားရတဲ့ 

အချိန်တွေတောင် ရှိခဲ့ဘူးပါတယ်



ဒါပေမယ့် ကျွန်တော့်စေတနာ၊မေတ္တာတွေ အကုန်လုံးက အလကားဖြစ်ခဲ့ရပါတယ် ခင်ဗျားအတွက် 

ကျွန်တော်က နင်ဆိုတဲ့နာမ်စားကလွဲရင် ဖြစ်တည်မှုမရှိခဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာ

နေမှာပါ



ဒါမှမဟုတ် ကျွန်တော့်စေတနာ၊မေတ္တာတွေက မဖြူစင်ခဲ့၊မသန့်စင်ခဲ့တာလည်း နေမှာပါ

အဲ့သလိုပါပဲ ခင်ဗျားဆိုတဲ့လူအတွက် မိန်းမ မမည်တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာလည်း 

နေမှာပါဗျာ။



ဒီအချိန်မှာ ခင်ဗျားတစ်ယောက် အလုပ်များနေတယ်ဆိုတာကိုလည်း 

ကျွန်တော်နားလည်ပါတယ်

ကျွန်တော်ကို မဆက်သွယ်ချင်တော့လို့ မဆက်သွယ်တော့တာကိုလည်း 

သိထားပါတယ်

ခင်ဗျားသဘောကျတဲ့ တခြားအမျိုးသမီးတစ်ယောက်ရှိတာကိုလည်း ကျွန်တော့်ဘာသာ 

သိထားပါတယ်

( ကျွန်တော့်ရဲ့ sense ပေါ့ဗျာ )



ဒါပေမယ့် ကျွန်တော်အကုန်လုံးကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံထားလိုက်ပါပြီ 

ဘာဖြစ်လို့လည်းလို့ မေးလာခဲ့ရင် ကျွန်တော်ဖြေမိမှာပါ 



ခံစားချက်မရှိတဲ့ လူတစ်ယောက်လို နာကျင်နေရသမျှအားလုံးကို သည်းခံပြီး

နေပေးနေရတဲ့ဘဝကို တကယ်ကို မလိုချင်တော့ပါဘူး

ကျွန်တော်ပင်ပန်းနေပါပြီ



ကျွန်တော့်ဘက်ကနေ တဖတ်သက်ဆွဲမိနေတဲ့ကြိုးဖြစ်နေလို့ အချိန်အကြာကြီး မရှိသေးတဲ့အချိန်မှာ ​

ပြေလျော့သွားတဲ့အတွက် စိတ်မကောင်းပါဘူး တကယ်ကိုဝမ်းနည်းရပါတယ်

ဒါပေမယ့်လည်း ကျွန်တော် လက်ခံပေးလိုက်ပါပြီ



ကျွန်တော်က လူတစ်ယောက်ဖက်တွယ်မိရင် အဆုံးအချိန်အထိ မျှော်လင့်ခဲ့မိတာကိုဗျာ

အဲ့ဒါက ဘယ်တော့မှပြင်လို့မရတော့တဲ့ အားနည်းချက်အကြီးကြီးပါ



ဒါပေမယ့်လည်း ကံဆိုတာကြီးကို ကျွန်တော်လွန်ဆန်လို့မှ မရတာဗျာ ကျွန်တော်မလိုချင်တဲ့ 

အဆုံးသတ်ကို လက်ခံပေးလိုက်ပါပြီ



တနေ့နေ့ တချိန်ချိန်ရောက်လို့ ကံမကုန်သေးလို့ ပြန်ဆုံခဲ့ကြရမယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက် 

ခင်ဗျားကို အရိုးသားဆုံးအပြုံးနဲ့ နှုတ်ဆက်ပါမယ် ခင်ဗျားကို စသိတဲ့အချိန်ကနေစပြီး 

နောက်ဆုံးအချိန်အထိ ခင်ဗျားအပေါ်မကွယ်မဝှက်ဘဲ ကျွန်တော်ရိုးသားခဲ့တာဖြစ်လို့ 

လိပ်ပြာလုံပါတယ်ဗျာ။

18th November 2023

Yangon



ကျွန်တော့်ကို မဆက်သွယ်တော့ဘူးထင်လို့ 

နေ့တိုင်း Note မှာ ရေးထားမိတာပါ တစ်လပြည့်တဲ 

2nd December ကျမှ post တင်မယ်လို့ပဲ 

ရည်ရွယ်ထားခဲ့တာပါ



ကျွန်တော့်ကိုပြန်ဆက်သွယ်ပေးလို့ ကျေးဇူးပါ 

နာကျင်နေတဲ့အချိန်တိုင်း ငါရပ်သင့်ပြီလို့ သတိပေးနေမိလည်း 

ခင်ဗျားစီက ဂရုစိုက်ပါ စကားတစ်ခွန်းကြားရယုံနဲ့တင် ကျွန်တော့်အတွက် 

အကုန်လုံးပြည့်စုံသွားရသလို ခံစားမိတာပါ



ခင်ဗျားပဲဆုတောင်းကောင်းခဲ့တာလား ကျွန်တော်ကပဲ အရင်ဘဝက 

ခင်ဗျားအပေါ်ကျူးလွန်တာများရှိခဲ့တာလား ခင်ဗျားစကားတစ်ခွန်းနဲ့တင် 

ကျွန်တော့်ခမျာ ခံစားရသမျှ အကုန်လုံးဖြေသိမ့်ပြစ်လိုက်မိတာပါ 

အကြိမ်တိုင်းပါပဲဗျာ




နောက်ဆုံးကျတော့လည်း ခင်ဗျားကို 

အရင်ထက်တိုးပြီး ကျွန်တော် ဖက်တွယ်မိရတာပါပဲဗျာ 

ကျွန်တော်က ခင်ဗျားကို တဖက်သက် ချစ်ရတဲ့သူလေဗျာ။

19th  November 2023

Yangon





 

မနက်ထဲက လူကနေမကောင်းတော့

အလုပ်မသွားချင်ဘူး မသွားရင်လည်းမရတော့

သွားလိုက်ပေမယ့် စိတ်နဲ့လူကမကပ်ဘူး



နေမကောင်းဖြစ်ရင် တစ်ယောက်ယောက်ကို 

ပိုပြီး သတိရပေမယ့် မဖြစ်နိုင်တာကြီးကို 

မတွေးပါနဲ့ဆိုပြီး တားမြစ်ထားလိုက်ပါတယ်



နကိုထဲက အလွမ်းဓါတ်ခံရှိလွန်းအားကြီးတဲ့

ကောင်ဆိုတော့ နေမကောင်းတာအပြင် 

လွမ်းတဲ့စိတ်ကလူကိုပိုပြီး ပင်ပန်းစေရော 

ညကျမှ ဘယ်သူကိုမှ မရည်ရွယ်ပဲ စိတ်ဖြေသာအောင် 

လူတစ်ယောက်ကို လွမ်းရတာကို စာတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးထားတာပဲဗျာ



အလုပ်လုပ်နေရင်းနဲ့ ဖုန်းက viber error တက်သွားရော restart ချလိုက်လည်း viber က ဖွင့်မရတော့ လူ့ကိုပြာသွားရော phone viber လစ်တာနဲ့ laptop ပါသွားပြီလေ



အလုပ်ကိစ္စကို ခေါင်းထဲရောက်နေတော့ 674 viber 

ကို သတိမရဘူး restart ထပ်ချလိုက်တဲ့အချိန်မှ သတိရပြီး ချက်ချင်းဝင်ကြည့်တော့ မရတော့ဘူး



သတိမရတော့ပါဘူး မဆက်သွယ်တော့ပါဘူးဆိုပေမယ့်

 viber ပျက်သွားပြီဆိုတဲ့ အသိနဲ့ ရင်ဘက်ထဲဆူးကနဲ နာကျင်သွားတယ် ငါ့အတွက် အမှတ်ရစရာတစ်ခုမှ မရှိတော့ပါလား



viber မှာ ချစ်ကြောင်းကြိုက်ကြောင်းတွေ ကျွန်တော်နဲ့ခင်ဗျားရဲ့ နေတဒူဝကိစ္စတွေကို တခုတ်တရပြောခဲ့ဘူးတာ မရှိပေမယ့် ကျွန်တော်သတိရမိတဲ့အချိန်တွေတိုင်း အဲ့ဒီစာတွေကို ပြန်ဖတ်မိပါတယ်



တခြားလူတစ်ယောက်အတွက် ဖိုမကိစ္စတွေဆိုတာ မှန်ပေမယ့် ကျွန်တော့်အတွက်တော့ အဲ့ဒီ viber က

အသက်ရှိတဲ့လူသားတစ်ယောက်ပါပဲ။



phone တစ်လုံးရဲ့သင်တမ်းက ဘယ်လောက်ရှိနိုင်မှာ

လည်းဗျာ ၅နှစ်နီးပါးသက်တမ်းရှိတဲ့ ဒီကောင်လည်း 

မကြာခင်သက်တမ်းကုန်တော့မှာပါ အဲ့ဒီအချိန်ရောက်ရင် ကျွန်တော်လူတစ်ယောက်လို သတ်မှတ်ထားတဲ့ viber လည်း ကျွန်တော့်ကို ထားခဲ့မှာပါပဲဗျာ



အဲ့ဒီအချိန်ရောက်ရင် ကျွန်တော်ပြိုလဲမသွားဖို့ကိုပဲ

ဆုတောင်းမိပါတယ်။





အန္တရာယ်ကင်း ကပ်ကျော် အဌာနမေတံဂါထာတော်( ဗန်းမော်ဆရာတော်ဘုရားကြီး)

မြန်မာနိုင်ငံမှာရှိကြသော
(၇)ရက်သားသမီးများအားလုံး
ဘေးအန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးနိုင်ကြပါစေခင်ဗျာ။

🙏🙏🙏





 

အကုန်လုံးကို တားဆီးလို့ရပေမယ့်

စိုးရိမ်စိတ်ကိုတော့ မတားဆီးနိုင်ပါသေးဘူးဗျာ


နိုင်ငံရေးက တိမ်တောင်လိုခန့်မှန်းလို့မရလို့

အစစအရာရာ ဂရုစိုက်ပေးပါခင်ဗျာ


ကျွန်တော်မဟုတ်တဲ့ တခြားလူတွေအတွက်

ခင်ဗျားက သစ်တစ်ပင်ကောင်းဖြစ်နေလို့ပါ။


🙏🙏🙏


 အရာအားလုံးကို

ကျွန်တော်နိုင်ချင်ခဲ့သူပါ။


#11.11.2023

Saturday


 


စာရေးတာ ခဏနားအုန်းမယ်ဗျာ။


Attract


 


မွေးထဲကနေ အခုအချိန်အထိ ယောင်္ကျားတစ်ယောက်ကို မြှုဆွယ်နိုင်ဖို့မပြောပါနဲ့ ယောင်္ကျားတစ်ယောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် စွဲဆောင်နိုင်ဖို့အတွက် အရည်အချင်း နည်းနည်းလေးတောင်မရှိခဲ့တာ ကျွန်တော့်အားနည်းချက်ပါ..



အဲ့ဒါကြောင့်ပဲ သူထိခိုက်နိုင်မလားဆိုပြီး ပြုမိခဲ့တဲ့ကိစ္စအားလုံးက ကျွန်တော့်အတွက်ထိခိုက်စရာကြီးပဲ ဖြစ်ခဲ့ရတာပါ



ကျွန်တော့်ခံစားချက်ကို မထိန်းချုပ်နိုင်လို့ မှားနေတဲ့ကိစ္စကို မရပ်တန့်နိုင်ပေမယ့် ကျွန်တော့်ကြောင့် တခြားအကြောင်းအရာတစ်ခု ဖြစ်လာမှာကို အမြဲတမ်းစိုးရိမ်နေရသူပါ



ဒါပေမယ့်လည်း စေတနာတွေက ဝေဒနာတွေပဲဖြစ်လာရတာပါ မိန်းမကျမ်းကြေနေတဲ့လူတစ်ယောက်ကို ရည်းစားတစ်ယောက်တောင် မထိန်းသိမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်က ဘယ်လိုများ စိတ်ပူပေးတာ စိုးရိမ်ပေးတာ လုပ်ပေးနိုင်မှာလည်း



ထားပါတော့ဗျာ



လိင်ဆက်ဆံဖို့တစ်ခုသာ အသုံးဝင်တဲ့ မိန်းမတစ်ယောက်အဖြစ်နဲ့ပဲ အဆုံးသတ်က ပြီးဆုံးသွားမှာပါ



ဘုရားကို အပြစ်တင်ပါရစေ ယောင်္ကျားတစ်ယောက်ကို မစွဲဆောင်နိုင်ပဲ မိန်းမဘဝကို ဘယ်လိုအကြင်နာတရားနဲ့ ပေးလိုက်တာလည်းဗျာ



ကျွန်တော်တကယ်ကို  ဝမ်းနည်းရပါတယ်။