နယူးဗားရှင်း ကျွန်တော်


 

https://excellencereporter.com/wp-content/




၂၀၂၄ခုနှစ်မှာ လူ့သက်တမ်းသိပ်မကျန်တော့လို့ ဘဝအတွက်စပြီး ကြိုးစားပါတော့မယ်ဆိုမှ အကုန်လုံး ကန်တော့ပါရဲ့ သောက်တလွဲတွေဖြစ်ကုန်တာ..



ဇန်နဝါရီ ၃၀ရက်နေ့မှာ ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ထွက်စာတင်လိုက်တယ် ဖေဖေါ်ဝါရီလကုန် Handover လုပ်ပြီးတော့ လက်ထဲမှာကျန်တာ ပိုက်ဆံ၃သိန်းနဲ့ အကြွေးသိန်းဆယ်ဂဏန်းကျော် ကျန်တဲ့ပိုက်ဆံတွေကို တစ်လ(၃)ကျပ်တိုးနဲ့ လတိုင်းအတိုးမှတ်ထားပေးပါ အလုပ်ရတာနဲ့ အတိုးတွေကိုအရင်ဆပ်ပြီး အရင်းကိုမြန်မြန်ပြန်ဆပ်ပါမယ်ပြောထားတာကိုလက်ခံပေးတော့ ကြွေးပူမဟုတ်လို့အသက်ရှုချောင်သွားတယ်



လက်ထဲကျန်တဲ့(၃)သိန်းက မတ်လကုန်တော့ ၁သိန်းပဲကျန်တော့တယ် လစာက ၂၅ရက်နဲ့ဖြတ်တော့ ဖေဖေါ်ဝါရီလအတွက်ကျန်တဲ့လစာ (၁)သိန်းရယ် ဆွဲကြိုးရောင်းတဲ့အထဲကနေ အဖေ့စီကယူထားတဲ့ (၁)သိန်းရယ်ဆိုတော့ ငါ့မှာ (၃)သိန်းရှိပါသေးတယ်ဆိုပြီး အေးဆေးနေသေးတယ်



သင်္ကြန်လည်းပြီးရော လက်ထဲမှာ (၁)သိန်းပဲကျန်တော့တယ် ဘယ်တက်နိုင်မလည်း တနေ့၂၀၀၀နှုန်းနဲ့ ကုန်တဲ့အထိသုံးရမှာပေါ့ ကုန်သွားတော့လည်း နည်းနည်းပါးပါးထပ်ယူရမှာပေါ့ ပိုက်ဆံနည်းတဲ့အချိန်မှာ ချောကလက် မာလာရှမ်းကော ဒူးရင်းသီး စားချင်တဲ့စိတ်က အတော်လေးကသိကအောက်နိုင်ပါတယ် ၄၊၅သောင်းမကကုန်မှာဖြစ်လို့ စားချင်တဲ့စိတ်ကိုမြိုသိပ်ထားရတာလည်း အဆင်မပြေပါဘူးဗျာ



ခရီးသွားချင်တယ် ဘယ်နေရာဖြစ်ဖြစ်ပေါ့ဗျာ ချွေတာသွားရင်တောင် ၃၊၄သိန်းကုန်မှာဆိုတော့ မသွားနိုင်ဘူးပေါ့ဗျာ တချို့တွေပိုက်ဆံကို ဘယ်ကနေရလည်းမသိပါဘူးဗျာ သိန်းဆယ်ချီဆိုတာအသာလေး အားကျမိယုံပါပဲဗျာ မနာလိုတာဝန်တိုတာတော့ မရှိတော့ပါဘူး အရင်ဘဝက သီလရောဒါနရောနည်းခဲ့လို့ မကျန်းမာတာရော ပိုက်ဆံမရှိတာရောကြုံရတာပါ



မတ်လမှာ အလုပ်တွေရှာတာလည်း တစ်ခုမှမရသေးဘူး သင်္ကြန်မတိုင်ခင်အထိတော့ အဆင်ပြေပါသေးတယ် သင်္ကြန်ပြီးတော့ စိတ်ဓါတ်ကျလာရော သင်္ကြန်အပြီးနေမကောင်းတော့ဆေးခန်းပြတယ် ရင်သားအကြိတ်ပြန်ဖြစ်နေရော မသက်သာလို့ပါရဂူပြဖို့လည်း ဆေးဖိုးကသိန်းဆယ်ချီနေတော့ ပြဖို့ကလည်းအဆင်မပြေတော့ fb မှာတွေ့ပြီး ရန်ကုန်ဆေးရုံကြီးပဲ booking တင်ထားလိုက်တယ်



နေမကောင်းတဲ့ကြားက ဧပြီလကုန်မှာအလုပ်ရမယ်လို့ ထင်ထားတဲ့ အလုပ်လျှောက်ထားတာက အသက်ကြီးလို့မရတော့ဘူးပြောတော့ စိတ်ထဲမကောင်းဖြစ်သွားတယ် အသက်ကြီးတာကအရည်အချင်းနဲ့ဆိုင်လား အပြစ်ကြီးတစ်ခုလားဗျာ တချိန်ချိန်ရောက်လို့ ကျွန်တော်လုပ်ငန်းရှင်ဖြစ်လာရင် ကျွန်တော့်လိုမျိုးအသက်ကြီးတဲ့လူတွေပဲ ဦးစားပေးခန့်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ် 



 resume တွေတောင်းပြီး ဘာမှမဖြစ်လာတော့လည်း နောက်ကို resume လာတောင်းရင်တောင် မပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါပြီ ကူညီပေးတာတော့ ကျေးဇူးတင်ပါတယ် မဖြစ်နိုင်တဲ့လမ်းကြောင်းတွေကို ချပြနေတာကြီးကတော့ မဟုတ်ဘူးလေဗျာ ရင့်ကျက်လာလို့မဟုတ်ပါဘူး ငါဒုက္ခရောက်နေတာ ဘယ်သူ့ဘယ်သူမှတာဝန်မရှိဘူးလို့ပဲ ပေါ့ပေါ့ပါးပါးတွေးထားလိုက်ပါတယ် ကျွန်တော်အတွက့် အရာအားလုံးက စိတ်ဖိစီးစရာတွေကြီးပဲလေ



ကောင်းတဲ့ဘက်ကနေလည်း တွေးမိလိုက်ပါတယ် အလုပ်မရသေးတော့ ဆေးရုံပြပြီး result မကောင်းခဲ့ရင် အလုပ်မရသေးတော့ ရောဂါကို အေးအေးဆေးဆေးသက်သက်သာသာ ကုလို့ရတယ် မလုပ်ကိုအနှောက်အယှက် မဖြစ်တော့ဘူးပေါ့ဗျာ



ပိုက်ဆံမရှိတဲ့အချိန်မှာ အလုပ်ရချင်တယ် ပိုက်ဆံလိုချင်တယ် အကူအညီတောင်းဖို့ကျတော့ မဖြစ်နိုင်ဘူးလေ လူတွေနဲ့ရင်းနှီးဖို့တောင့် မကြိုးစားရဲသူက အကူအညီတောင်းဖို့ကြီးက ကျွန်တော့်အတွက်ဝန်ထုပ်ဝန်ပိုးကြီးလိုဖြစ်နေရတာပါ



အဖေ့ဘက်ကနေ အမွေသိန်း၃၀၀ လောက်ရဖို့ရှိတယ်

( အဘွားဆုံးတဲ့အချိန်က တိုက်ခန်းက သိန်း၆၀၀ဆိုတော့ ၄ပုံပုံပြီး အတူနေတဲ့ဦးလေးအလတ်ကို ၂ပုံပေးပြီး ကျန်တဲ့၂ယောက်က ၁ပုံစီခွဲထားတာပါ အခုက သိန်း၁၀၀၀ ကျော်သွားတော့ ရမယ့်ပမာဏကတိုးသွားတော့ မရဖို့အခြေအနေက ပိုများသွားပြီပေါ့ဗျာ ) အဘွားဆုံးသွားတာ ၈နှစ်ကျော်ပြီ အဖေကညီအစ်ကိုတွေ စိတ်ဝမ်းကွဲမှာစိုးရိမ်လို့ သူတို့မှာပေးဖို့အတွက် ရှိမှန်းသိတဲ့အချိန်ကတောင် မတောင်းခဲ့ပါဘူး အရင်နှစ်ကမှ အမေနဲ့ကျွန်တော်တို့ညီမက အဖေလည်းအသက်ရလာတော့ ဆေးဖိုးအတွက် စိတ်ပူပန်မှုမရှိအောင် အမွေတောင်းဖို့ အတင်းလောဆော်ကာမှတောင်းတာပါ 



ကျွန်တော်အဆင်ပြေရင် အစ်ကိုကို့ပေးပါမယ်ဆိုပြီး စကားမလာတော့ဘူး အဖေကလည်း သူ့ကိုတောင်းဖို့ဖိအားပေးလို့ တောင်းတာဖြစ်လို့ ဟိုကပေးမယ်ပြောထားတာပဲဆိုပြီး ထပ်ပြီးတော့လည်း မတောင်းတော့ဘူး အဲ့ဒီကိစ္စက ဒီအတိုင်းမပြီးသွားပဲ လွန်ခဲ့တဲ့လပိုင်းးကမှ အခြေအနေအမှန်ကိုသိလိုက်ရတော့ ဒေါသူပုန်ထရမိရော



အဲ့ဒီကိစ္စရဲ့ရင်းမြစ်က သိပ်မကြာသေးဘူး သိလိုက်ရတာ သိတဲ့အချိန်မှာ ဒေါသတွေထွက်ပြီး လူကြီးတွေကိုငါနဲ့ကိုင်တုပ်ပြီးပြဿနာရှာဖို့ပါပဲ အဲ့ဒီပိုက်ဆံရလို့ နင်တစ်သက်လုံးသုံးလို့မကုန်တော့ဘူးလားဆိုတဲ့အသိကြောင့် စိတ်လျော့လိုက်တာပါ 



အဘွားဆုံးပြီး နောက်တစ်နှစ်မှာ ဦးလေးအလတ်ကဦးလေးအငယ်ကို သိန်း၆၀၀ နဲ့တွက်ပြီး သိန်း၁၀၀ အရင်ပေးထားတယ် နှစ်ယောက်အတွက် သိန်း၃၀၀ ခွဲပေးရမှာကို သိန်း၁၀၀နဲ့ နှုတ်ပိတ်ထားတာပေါ့ ကျွန်တော်ဘာကို ဒေါသထွက်တာလည်းသိလား



အဖေတို့ညီအစ်ကိုသုံးယောက်မှာ ဦးလေးအငယ်မိသားစုက အချမ်းသာဆုံး ၂၀၁၇ခုနှစ်က ပိုင်ဆိုင်မှုက သားသမီးတွေပိုင်ဆိုင်မှုမပါရင်တောင် သိန်း၃၀၀၀ လောက်ချမ်းသာတယ် အဲ့ဒါကို တစ်ယောက်သိန်း၅၀ ခွဲပေးခဲ့ရင်တောင် ဦးလေးတွေကို ကျေးဇူးတင်မိမှာကို ဦးလေးအငယ်တစ်ယောက်ထဲကိုလက်ကျိတ်ထိုးပေးထားတာသိရတော့ အံသြမိပါတယ် 



ခင်ဗျားတို့လူကြီးသူမတွေရောဟုတ်ရဲ့လား ကိုယ်ချင်းစာတရားမရှိကြတော့ဘူးလား မေးချင်ပေမယ့် ထားလိုက်ပါပြီဗျာ သူဌေးကြေးပါလုပ်ရက်လိုက်ကြတာဗျာ အဲ့လိုလူတွေမှာ မေတ္တာတရားဆိုတာ အတော်လေးနည်းပါးလောက်မှာပါ



တနေ့ကနေမကောင်းလို့ စိတ်အဆင်မပြေကလည်းဖြစ် ဒေါသလည်းကြီးမိတော့ အဲ့ဒီအကြောင်းအဖေ့ကို ပြောပြလိုက်မိတယ် အဖေအတော်လေး စိတ်မကောင်းဖြစ်သွားတယ် အဖေ့ညီတွေကိုငါသိတယ်ဟလို့ အဖေပြောလိုက်လို့လည်းကျွန်တော်ပြောမိခဲ့ပါတယ် ပြန်တွေးကြည့်တော့သူတို့မပေးချင်လို့ကို အဲ့လိုကိစ္စမျိုးတွေဖြစ်လာတာလေ သူတို့စိတ်ရင်းစေတနာကိုသိလိုက်ရတာက အမြတ်ပေါ့ဗျာ အဲ့ဒီလိုပဲ စိတ်ဖြေလိုက်ပါတယ် အဖေ့ကိုလည်း ထပ်မပြောတော့ပါဘူး သူစိတ်မကောင်းဖြစ်သွားရတာပဲ အဖတ်တင်သွားရတာလေ



မှန်တာပြောရင် ဒီအချိန်မှာ သိန်း၃၀၀မပြောနဲ့ သိန်း၃၀ဆိုရင်တောင် ကျွန်တော်လိုချင်ပါတယ် ဒါပေမယ့်လည်း အပူဆာတွေကိုမယူတော့ပါဘူးဗျာ



တနင်္လာနေ့ ဆေးရုံကြီးသွားရမယ် ခွဲစိတ်ဆောင်(၁)ကိုမသိတာနဲ့ တနေ့ကကင်ဆာဌာနကအစ်ကိုကို နေရာလှမ်းမေးလိုက်တယ် အရင်က ၇၃နံပါတ်ပဲကိုင်ခဲ့တော့ အဆက်အသွယ်မလုပ်ဖြစ်တာလည်းနှစ်ချီနေပြီ လေးငါးခွန်းပြောမှအသံမှတ်မိပြီး ဘာလုပ်ဖို့လည်းမေးရင်း booking တန်းတင်လို့ဆူပါလေရော ငါ့စီအရင်ဆက်သွယ်ပြီးမှငါလုပ်ပေးမှာပေါ့ဆူပြီး တနင်္လာနေ့သူလာပေးမယ်ပြောတယ် သောကြာနေ့သူစီထပ်ဆက်ပြောတယ် တကယ်ကိုဝမ်းသာသွားတယ် ကျွန်တော့်ကိုဂရုစိုက်မယ့်သူ ရှိသေးလို့ပါ



အစ်ကိုဆိုပေမယ့်အမျိုးမတော်ဘူး အဖေ့သူငယ်ချင်းသား ကျွန်တော်ကိုအတော်လေးဂရုစိုက်ပါတယ် မိတ္ထီလာကနေ ဓါတ်မှန်ဌာနအတွက်အလုပ်ခေါ်တော့ သားအဖနှစ်ယောက်လုံးဝင်ခွင့်စာမေးပွဲအတွက် အိမ်မှာခဏလာနေဖြစ်တယ် အဲ့ဒီအချိန်မှစတွေ့ဘူးတာ ကန်တော့ပါရဲ့ဘုရားစူး တောသားရဲဆွဲထုတ် ကိုယ်တိုင်ကလည်းအရည်အချင်းရှိတယ် အစ်ကိုဝမ်းကွဲကလည်း အဘရွှေသားမက်ဆိုတော့ အလုပ်ရသွားပြီးတဲ့အချိန်မှာ တကယ်ကိုလျှမ်းလျှမ်းတောက်




ဘာလို့ တောသားရဲဆွဲထုတ် ပြောရတာလည်းဆိုရင် အကုန်လုံးသူသိသူတက် သူ့အဖေကလေတပ်ကဆိုတော့ မိတ္ထီလာတပ်မှာပဲကြီးပျင်းလာတာတောင် စစ်တပ်ဆိုရင်နည်းနည်းလေးမျှ အကောင်းမမြင်ဘူး အဲ့မှာကျွန်တော်နဲ့အစေးမကပ်တော့တာ ကျွန်တော်လည်းမလေးရှားကို အလုပ်လုပ်ဖို့သွားလိုက်တော့ အနေဝေးသွားရော နောက်ပိုင်း internet တွေစသုံးလာတော့ online မှာပြန်တွေ့ပြီး မလေးမှာနေခဲ့စဥ်မှာ ကျွန်တော့်ကိုအတော်လည်း ဂရုစိုက်ခဲ့သူပါ စစ်တပ်နဲ့ဘုန်းကြီးတွေကို မဝေဖန်ဘူးဆိုရင် ကျွန်တော်နဲ့ တကယ်ကို closed ဖြစ်ခဲ့မှာပါ




အခုအချိန်မှာ အကုန်လုံးကပူပင်စရာတွေကြီးဖြစ်နေတော့ အကုန်လုံးလွှတ်ချထားလိုက်တယ်  ကျွန်တော်မသေသေးရင်တော့ ပိုက်ဆံရဖို့အလုပ်လုပ်မယ် မိဘကိုထောက်ပံ့မယ် ကျွန်တော်ကြိုက်တဲ့အစားအစာတွေ အများကြီးဝယ်စားမယ် သွားချင်တဲ့ခရီးတွေသွားမယ် ဒီလောက်ပါပဲဗျာ။




Ps: အမွေကိစ္စထည့်ရေးမိလို့ ကျွန်တော်နောင်တမရပါဘူး အစထဲက ကျွန်တော်ကအတ္တကြီးတဲ့လူတစ်ယောက်ပါ ဒါပေမယ့်အဲ့ဒီအတ္တတွေက ကျွန်တော့်ကိုယ်တိုင်ပဲလောင်ကျွမ်းသွားရတာပါ။ မမကနားညီးလို့တဲ့ စနေနေ့ကအိမ်မှာ မာလာရှမ်းကောချက်ကြွေးလို့ စားလိုက်ရလို့ ကျေနပ်သွားပါပြီ။


No comments: