ချစ်သော



နှစ်ကုန်တဲ့အထိရက်စွဲတွေကို ဆယ်စုတစ်စုမှတ်ထားခဲ့ပါတယ် 10days 10days စသဖြင့်ပေါ့ တစ်ခါတလေအရမ်းသတိရမိရင် နောက်ထပ်ဘယ်နှစ်ရက်ပဲလိုပါတော့တယ်ဆိုပြီး ရအောင်အားတင်းခဲ့ပါတယ် အဲ့ဒါတောင်မှတချို့ရက်တွေမှာ အတော်လေးစိတ်ပင်ပန်းရပါတယ် အဲ့လိုရက်တွေမှာစာတပိုင်းတစလေးတွေရေးခဲ့မိတာပါ 



ခင်ဗျားပြန်လာဖို့ကိုလည်း ကျွန်တော်မမျှော်လင့်ထားသလို ကျွန်တော်လည်းခင်ဗျားစီ တကယ်ကိုပြန်မလာတော့ပါဘူး လူတစ်ယောက်ကို စောင့်မျှော်ရတဲ့ဒုက္ခကတကယ်ကိုခါးသီးလွန်းလှလို့ ဒီစကားကိုကျွန်တော်ထည့်ပြောရတာပါ


၁။

ဒီညဆောင်းကအေးစပြုလာတယ် အေးမြမြရာသီဥတုမှာ မိုးကစွတ်လာတော့ နေရတာချမ်းတစိမ့်စိမ့်နဲ့သတိရမိပြန်တယ် မိုးလုံလေလုံအရပ်မှာများရှိနေပါ့မလား 


အရင်ကစိတ်နဲ့ဆိုရင် ရာသီဥတုအေးတယ် နွေးနွေးထွေးထွေးနေနော် မိုးမိရင်ဆေးကြိုသောက်ထားဆိုတဲ့စာကိုပို့မိမှာပါ အခုတော့သတိရစိတ်ကိုတားမြစ်ထားလိုက်နိုင်ပါတယ် အစကနေပြန်မစချင်ပါနဲ့တော့ဗျာ


ဖြစ်ပြီးရင်ပျက်ကြရမှာဓမ္မတာပါပဲ အဲ့ဒီ့စိတ်ကလေးကိုနှလုံးသွင်းနိုင်ဖို့ပဲကြိုးစားပါတော့မယ်။



၂။

တနေ့လုံးမိုးကတဖြောက်ဖြောက်ရွာပြီး ရာသီဥတုကအတော့်ကိုအေးနေပြန်တယ် စောင်ခြုံထဲမှာနေရင်းနဲ့ ခင်ဗျားရှိတဲ့အရပ်မှာမိုးရွာနေမလား မိုးလုံလေလုံနေရာမှာရှိပါ့မလားစိတ်ပူမိပြန်တယ် မသက်ဆိုင်တော့တာမှန်ပေမယ့် နွေးနွေးထွေးထွေးရှိစေချင် ကျွန်တော့်စေတနာသက်သက်ပါ။



၃။

ရှေ့ဆက်ဖို့ဒီထက်ပိုပြီးမဖြစ်နိုင်တော့ဘူးဆိုတာ ကောင်းကောင်းကြီးလက်ခံထားပေမယ့် ခင်ဗျားရဲ့လက်ရှိပုံကိုကျွန်တော်မြင်တွေ့ချင်နေမိတယ်။



၄။

ရက်၂၀ပြည့်သွားပြန်ပြီ ဒီလိုနဲ့ပဲရက်၂၀၀ရောက်အောင် သွားရမှာပါပဲ တနေ့တော့အရာအားလုံးဟာ သူ့နေရာနဲ့သူနေသားကျသွားမှာပါဗျာ။



ဒီဇင်ဘာကုန်တဲ့အထိ 10days တွေအတိုင်း ဖြတ်ကျော်မယ်လို့ ရအောင်အားတင်းထားတာပါဗျာ မနက်က viber ကနေစာလာပို့တော့ ရတမှာရှိတဲ့လူတစ်ယောက်ကို စိတ်ဆိုးဖို့မသင့်လို့ စကားခဏ​ပြောဖြစ်တယ် အဲ့ဒါနဲ့ပဲ တနေ့လုံး viber ကို ခဏခဏဝင်ကြည့်မိပြန်ရော ကျွန်တော့်ဘာသာလည်းသိထားပါတယ် သူ့ဘက်ကနေ စာလေးတစ်လုံးပို့ရင်တောင် အရမ်းကိုအလေးထားမိတဲ့သူလေဗျာ



ညဘက်သန့်ရှင်းရေးလုပ်နေရင်းနဲ့ viber account က ဝင်လို့မရတော့ဘူး သူစာပို့လို့ viber ဖျက်လိုက်တယ်ထင်မှာစိုးရိမ်မိရော viber ပြန်ဝင်တာ ၁နာရီလောက်ဖြစ်သွားတော့ အမေကဆူပါလေရော မနက်ကိုဖုန်းဆိုင်မှာသွားပြင် လုပ်စရာရှိတာလုပ်ပြီးရင် ရေချိုးတော့​နောက်ကျနေပြီ



ရေချိုးခေါင်းလျှော်ပြီးတော့ ၂နာရီထိုးတော့မယ် viber ဝင်တာမရတော့ fb ဝင်ကြည့်မိရော viber ကိုဖျက်လိုက်လား အမေးတစ်ခွန်းကနေ ကျွန်တော်တစ်ယောက် ဒီသံသရာဝဲဂယက်ကြီးထဲကို ပျော်ပျော်ကြီးခုန်ဆင်းလာမိပြန်ပါတယ်



ချစ်တယ် စကားလာပြောပေးလို့လည်း ချစ်တယ် အကြာကြီးနေမှ သူ့ကိုမြင်ရလို့လည်း ချစ်တယ် ကျွန်တော့်ကို တွေ့ချင်တယ်ပြောလို့လည်း ချစ်တယ် သူရဲ့ ဟိုဟာလေးကိုလည်း ချစ်တယ်



ကျွန်တော့်မှာ နောက်ထပ်ချစ်ဖို့ ဘုရားကချစ်ခွင့်ပေးသနားရင်တောင် ခင်ဗျားကိုပဲချစ်မိမှာသေချာပါတယ် နာကျင်ရမှာကိုသိနေရက်နဲ့ ခင်ဗျားကိုဆက်ပြီးဖက်တွယ်မိပြန်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မသနားတော့ပါဘူးဗျာ။



ကိုကို ခင်ဗျားဟာကျွန်တော့်အတွက် အရာရာပါ။



Ko Ko, you are my everything!



12th November 2024.

No comments: