ဒီနေ့ ၂၅ရက်ဖြစ်နေပြီ ဒီလအတွက်ထီသုံးစောင် မထိုးရသေးဘူး ထီဆုကြီးပေါက်ခဲ့ရင် သိန်း၁၀၀၀ လောက်ပေါက်ခဲ့ရင်တောင် အဲ့ဒီ့ပိုက်ဆံကို အဖေနဲ့မမကိုစီမံဖို့အကုန်ပေးခဲ့ပြီး နယ်ဘက်ကရိပ်သာတစ်ခုမှာသွားနေဖို့က ကျွန်တော့်စိတ်ကူးပါ..
ကျွန်တော့်စိတ်ကိုကျွန်တော် အစိုးမရသေးတဲ့အတွက် ရာသက်ပန်ဆိုတဲ့စကားကိုတော့ မသုံးထားပါဘူး ကျွန်တော်စိတ်ပျော်ငလောက်နေမိမှာပါ အခုလိုလူ့ဘဝကြီးမှာ တကယ်ကိုနေမပျော်တော့တာကိုတော့ ကျွန်တော်သာနားလည်တဲ့ခံစားချက်ပါ
ရိပ်သာသွားနေမယ်ဆိုလို့ ကျွန်တော့်ကိုကိလေသာကုန်ခမ်းသွားပြီလားမေးလာခဲ့ရင် သာမန်လူတစ်ယောက်မှာရှိတဲ့ ကိလေသာအတိုင်း နည်းနည်းမျှမလျော့ပဲ ကျွန်တော့်မှာကျန်ရှိနေပါတုန်းဆိုတာကို ကျွန်တော်ပြန်ဖြေပေးမှာပါ
လူတစ်ယောက်စီမှာရှိတဲ့အိမ်မက်တွေအများကြီး ကျွန်တော့်မှာရှိပါတယ် အဖေနဲ့အမေကို ရန်ကုန်အပြင်ဘက်ကလူခြေနည်းတဲ့နေရာမှာ ခြံနဲ့ဝင်းနဲ့တိုက်အိမ်တစ်လုံးဝယ်ပေးချင်တယ် သူတို့သွားလာဖို့ကားတစ်စီးဝယ်ပေးချင်တယ် အဘိုးအိုအဘွားအိုအရွယ်ရောက်နေပြီဖြစ်တဲ့ အဖေနဲ့အမေအတွက် လစဥ်ထုတ်သုံးနိုင်ဖို့ကိုဘဏ်ထဲမှာသိန်း၁၀၀၀ ထည့်ပေးထားချင်တယ်
ကျွန်တော့်အတွက် မြန်မာပြည်အနှံခရီးတွေသွားချင်တယ် ကားမောင်းသင်ချင်တယ် ရေကူးသင်ချင်တယ် လူနေနည်းတဲ့နယ်မြို့လေးတစ်မြို့မှာ အပင်တွေစိုက်ရင်းနဲ့ဘဝနေဝင်ချိန်ကိုငြိမ်းအေးစွာကုန်ဆုံးချင်တယ် ဒါပေမယ့်အခုအချိန်အထိ ဒီအသက်အရွယ်အထိ အဲ့ဒါတွေကိုမလုပ်နိုင်တော့တဲ့အတွက် အိမ်မက်တွေကိုလွှတ်ချထားလိုက်ပါတယ်
၉လပိုင်းကနေစပြီးတော့ ကျွန်တော်တစ်ယောက် ပေါ့ပေါ့ပါးပါးပဲနေခဲ့ပါတယ် တစ်ဖက်သားအမြင်မှာ ကျွန်တော့်ဘဝကြီးကအားကျစရာ သာယာစရာကောင်းသာယာနေမှာပါ တကယ်တော့လက်တွေ့မှာ တနေ့ထက်တနေ့ကျွန်တော့်ဘဝက ဆုတ်ယုတ်ပျက်စီးလာနေတာကို ကျွန်တော်တစ်ယောက်ထဲသိထားပါတယ်
မနက်ခင်း၄နာရီကျော် ဆွမ်းတန်းကြေးစည်သံကြားရတဲ့အချိန်မှ အိပ်ယာဝင်ခဲ့မိတဲ့ရက်ပေါင်းမနည်းပါဘူး တစ်ရက်တစ်ရက်ကျွန်တော် video ကြည်တဲ့ဖုန်းသုံးချိန်က ၆နာရီထက်မနည်းပါဘူး apps တွေကို timber ဘယ်လောက်ပဲပေးထားပါစေ video tools ကို နေ့တိုင်းအချိန်ထပ်တိုးပြီး ကျွန်တော်ကြည့်မိပါတယ်
ကျွန်တော့်အတွက် မနက်နေရောင်ခြည်ကိုမထိတွေ့ခဲ့ရတာ လချီနေပါပြီ အချိန်တန်စားအချိန်တန်အိပ်လို့ရတဲ့ဘဝဆိုပေမယ့် အဲ့ဒါဟာအခိုက်အတန့်ဆိုတာ ကျွန်တော်ပဲသိထားတာပါ အဲ့ဒီအခိုက်အတန့်အတွက် ကျွန်တော်ပြင်ဆင်ထားဖို့ကို ဘာတစ်ခုမျှမလုပ်ထားခဲ့ပါဘူး
ကျွန်တော်လူဖြစ်ရကျိုးနပ်လားဆိုရင် လူဖြစ်ရကျိုးနပ်ပါတယ် ဘဝမှာလုပ်ချင်တာအကုန်လုပ်ခွင့်ရခဲ့ပါတယ် ကျွန်တော့်မိဘတွေသာ မွေးရကျိုးမနပ်တာပါ သားသမီးကံမကောင်းတာပါ အဲ့ဒီအတွက်ကျွန်တော်တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် ကျွန်တော်လူအဖြစ်မွေးမလာသင့်ဘူးလို့လည်း မှတ်ယူထားပါတယ် အဲ့ဒါတွေထပ်မရေးတော့ပါဘူးဗျာ
လူမှာဟီရိသြတ္တပ္ပရှိရပါတယ် ကျွန်တော့်မှာအဲ့ဒီနှစ်မျိုးလုံးအခုအချိန်မှာမရှိတော့တာနေမှာပါ အရင်ကတော့အလုပ်ရှာမရလို့ ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကို ရင်ဆိုင်ရမှာကိုရှက်ခဲ့ပေမယ့် အကြောက်ကြီးကြောက်ခဲ့ပေမယ့် အခုတော့အလုပ်ရှာဖို့ကို ကြိုးစားပမ်းစားဘာမှမလုပ်ဖြစ်တော့ပါဘူး
အရင်က လက်ထဲမှာလုံလုံလောက်လောက် ပိုက်ဆံမရှိတော့လို့ နောက်ရက်တွေဘာဆက်လုပ်ရမလည်း အစိုးရိမ်ကြီးစိုးရိမ်ပြီးကြောက်ခဲ့မိပေမယ့် တကယ်ကိုကြောင့်ကျမိခဲ့ပေမယ့် အခုတော့ထီပေါက်တဲ့နေ့မှာ ရိပ်သာသွားဖို့အတွက် ဖယ်ထားတဲ့ပိုက်ဆံကလွဲရင် အကုန်လုံးကိုသုံးပြစ်ပါတယ် မနက်ဖြန်ဆိုတာကို နည်းနည်းမျှမတွေးထားမိပါဘူး တဖက်သားနားလည်အောင်ပြောရရင်တော့ လူ့ပေါက်ပန်းဖြစ်နေတာပေါ့ဗျာ စိတ်နဲ့ခန္ဓာမှာဗလာဖြစ်သွားတာပါ
ဘာလို့ဒါတွေရေးနေရလည်းဆိုရင် ကျွန်တော့်ဘဝကိုထပ်ပြီးတော့ လူတွေကိုမပြောပြချင်တော့လို့ပါ သူတို့လည်းသူတို့ဘဝအမောတွေနဲ့ရင်ဆိုင်ဖြတ်သန်းနေရတာပါ ဘယ်သူ့ဘယ်သူမျှကိုအပူအပင်တွေ ထပ်ပြီးတော့မပေးတော့ပါဘူးဗျာ
လူ့ဘဝအခိုက်အတန့်လေးမှာ အကုန်လုံးအေးချမ်းကြပါစေခင်ဗျာ။
No comments:
Post a Comment