မနက်ဖြန် ညနေ၅နာရီဆိုရင် အိမ်ကဆရာမပြန်လာရပြီဆိုပြီး စိတ်ဒုံးဒုံးချထားခဲ့ပေမယ့်လည်း ဒီနေ့တစ်နေ့လုံး သူ့ မြန်မာ agent က မဆက်သွယ်လာတော့ ကျွန်တော်စိတ်ပူလာရပါပြီ ဒါတောင် ဒူဘိုင်းကောင်စစ်ဝန်ရုံးကနေ နေ့တိုင်းအဆက်အသွယ်မပြတ်ဘဲ အကူအညီပေးနေလို့သာ ကျွန်တော်အသက်ဝဝရှုနေရတာပါ..
မိသားစုတစ်စုမှာအခက်အခဲဖြစ်လာရတိုင်း မဖြစ်မနေသန်မာနေရတာကြီးကို ကျွန်တော်ငြီးငွေ့နေပြီဗျာ ခင်ဗျားတို့ဘယ်တော့မျှ စက်တင်ဘာလ ၈ရက်နေ့မှာမွေးတဲ့ အင်္ဂါသမီးမဖြစ်စေနဲ့ဗျ လောကဓံမှာအဆိုးနဲ့အကောင်းဒွန်တွဲထားပေမယ့် ဘုရားက ကျွန်တော့်ကို Avenger ထင်နေသလားမသိပါဘူးဗျာ ဗေထိဆိုရင်ကျွန်တော်ကြီးရင်ဆိုင်နေရတာကြီးက တကယ်ကိုစိတ်မောလူမောဖြစ်ရပါတယ်ဗျာ
၂၀၂၄ခုနှစ် ၁၂လရှိတဲ့အထဲမှာ လအတော်တော်များများက ကျွန်တော့်ကိုမြေကြီးပေါ်ကနေ ကုန်းမထနိုင်အောင်ကို အတော့်ကိုနှိပ်စက်ခဲ့တာပါ အချိန်မတန်သေးလို့ သေမယ့်လမ်းကိုအတွေးနဲ့တင်ရပ်တန့်နိုင်ခဲ့လို့ အခုအချိန်အထိအသက်နဲ့ခန္ဓာမြဲမြံနေရသေးတာပါဗျာ
မိဘတွေကိုဖွင့်မပြောပေမယ့် ဒီရက်တွေမှာအတော်လေးကိုစိတ်ပင်ပန်းဖြစ်ရပါတယ် သိန်းရာကျော်ဆိုတဲ့ပိုက်ဆံကို သူတစ်ပါးစီကနေအကူအညီရဖို့အတွက် ဘဝမှာဒီလောက်အထိမနှိမ့်ချခဲ့ဘူးပါဘူး မိသားစုအတွက်လိုအပ်လာတော့လည်း ကျွန်တော်လုပ်ခဲ့ရတာပါ သူတစ်ပါးအကြွေးမြီရယူထားတော့ သတ်မှတ်အချိန်အတွင်း ကတိအတိုင်းပြန်ပေးနိုင်ဖို့အတွက်က ကျွန်တော်ရဲ့တာဝန်ကြီးဖြစ်လာပြန်ရော
ဘဝမှာပိုက်ဆံနဲ့ပတ်သက်လို့ နာမည်သေမှာကို ကျွန်တော်ကအကြောက်ကြီးတော့ အဲ့ဒီ့ပိုက်ဆံပြန်ပေးနိုင်ဖို့ကလည်း စိတ်ဖီစီးမှုကြီးတစ်ခုဖြစ်လာရတာပါ ၆ရက်နေ့ ပိုက်ဆံရလာတည်းက လကုန်ကျရင် ၆သိန်းပေးရမယ် ရက်နောက်ကျရင်မျက်နှာပျက်ရမယ်ဆိုတဲ့အသိက alert ဖြစ်နေရတာပါ
၉ရက်နေ့ပိုက်ဆံလွှဲရမယ့်အချိန်ကျတော့ ဆရာမက ကျွန်တော်တို့လက်ထဲမှာ ယူထားတဲ့ပမာဏထက်လိုအပ်တယ်ဆိုတော့ လူကရူးတောင်ရူးသွားချင်ပါတယ် ဒီပိုက်ဆံရဖို့ကို သားအမိနှစ်ယောာက်သား လူဆယ်ယောက်ထက်မနည်းအကူအညီတောင်းထားရပြီး အခုအစ်မမိသားစုကသာ အကူအညီပေးကြတာပါ တချို့မိသားစုကြတော့လည်းအကူအညီပေးနိုင်တဲ့စိတ်သာရှိပြီး ငွေကြေးမကူညီနိုင်တာ တချို့မိသားစုကြတော့လည်း ငွေကြေးတက်နိုင်ပေမယ့် အကူအညီပေးနိုင်တဲ့စိတ်နှလုံးမရှိတာ အများကြီးပါ နောက်ထပ်ပိုက်ဆံရဖို့ဆိုတာဘယ်လိုမှ မလွယ်ကူနိုင်တော့ပါဘူး
ငွေကြေးလိုအပ်နေတုန်းက အကူအညီတောင်းဘူးတဲ့ ကိုဖြိုးဝေအကူအညီနဲ့ပဲ ဒူဘိုင်းကောင်စစ်ဝန်ကိုအကူအညီတောင်းမိပါတယ် သူ့ contact ဘယ်ကရလဲသာမေးပြီး မဆိုင်းမတွ whatsapp မှာ ဆက်သွယ်ပေးဖို့ပြောပြီး ယနေ့အထိတိုင်အကူအညီပေးနေဆဲဖြစ်လို့ တကယ်ကို တကယ်ကို အများကြီးကျေးဇူးတင်ရပါတယ်ဗျာ
ကျွန်တော့်အားနဲ့သာ ဆရာမကိစ္စကိုလုပ်ပေးနေရင် သိန်း၁၀၀နဲ့ လေယာဥ်လက်မှတ်ဖိုးလွှဲထားပြီးတာတောင် သူပြန်လာနိုင်ဖို့မလွယ်ကူပါပြီး မြန်မာနိုင်ငံကနေနောက်ထပ်လူတစ်ယောက်ရောက်တဲ့အချိန်မှ ကံကောင်းထောက်မရင်သာ ပြန်လာရနိုင်မှာပါ အခုက ကောင်စစ်ဝန်ရဲ့အားကြောင့်သာ မနက်ဖြန်ဆိုတဲ့ရောင်နီလေး ပျို့လာရတာပါ
လူတစ်ယောက်က ကိုယ့်ကိုအကူအညီပေးနေရင် အဆင်ပြေအောင်နေရမှာလေ ဆရာမက ၅လကျော်စိတ်ဖိစီးနေရရှာတာဆိုတော့ သူ့ခေါင်းထဲမှာအိမ်ပြန်ဖို့အတွေးကလွဲရင် ဘာမှမရှိတော့ တချက်တချက်သူ့ပြဿနာရှာလိုက်ရင် ကျွန်တော့်ခမျာလမ်းကြောင်းမသွေဖယ်သွားဖို့ကို အတော်ကိုတည့်ယူရပါတယ် အိမ်မှာဒေါသတကြီးအော်ဟစ်နေပေမယ့် သူ့ကိုတော့အများကြီးလျော့ပြောပေးရတာပါပဲ
အသက်၇၀ အသက်၈၀အရွယ် အမေနဲ့အဖေကလည်း သူတို့သမီးအတွက်စိတ်ပဲရှိရှာပြီး လူကမလုပ်ပေးနိုင်တော့ ကလေးရောကိုယ်ခွေးရောကိုယ်ဖြစ်နေရတဲ့အချိန်ပါ တနေ့ကအရင်ကအလုပ်အတူတူလုပ်ခဲ့ဘူးတဲ့ ညီမလေးမွေးနေ့ဖိတ်တော့ အိမ်ကကိစ္စကြောင့်မလာနိုင်လို့ လက်ဆောက်လာပေးပါရစေ request လုပ်တော့ သမီးမွေးနေ့ကိုဒီနေ့မှကပ်ပြီးမလာကြတော့ဘူး အစ်မခဏပဲလိုက်ခဲ့ပေးပါဆိုပြီး အိမ်အထိကိုလာကြိုပေးတော့ တစ်နှစ်ပတ်လုံးအကြောင်းကြောင်းကြောင့် သူခေါ်သမျှမလိုက်ဖြစ်တာနဲ့လိုက်သွားမိပါတယ်
လူတွေအမြင်ကတော့ ဟယ် သူကသာယာနေတယ်ဆိုပြီး ကဲ့ယဲ့နေကြတာကိုသိမြင်ကြားပေမယ့် သူတို့လည်းသူတို့အတွေးနဲ့သူတို့ဆိုပြီး နားလည်ပေးလိုက်ပါတယ် အဲ့ကလေးလာခေါ်ခါနီး ညနေ၄နာရီအချိန်ကနေ ည၆နာရီအထိ ဆရာမက CID လာစစ်ပါတယ်ဆိုပြီး ပြဿနာတက်နေတော့ holiday မှန်းသိပေမယ့် ကောင်စစ်ဝန်စီ ကျွန်တော်ဆက်သွယ်ရပါတယ် တကယ်လည်းကျေးဇူးတင်ရပါတယ် သူ့လမ်းညွှန်မှုနဲ့ ဆရာမကိုစိတ်အေးအောင်ပြောပြပြီး ည၈နာရီအချိန်ကိုပြန်စောင့်ရပါတယ် ည၈နာရီအထိဆရာမထပ်ပြီးမဆက်သွယ်မှ သူအေးဆေးဖြစ်သွားပြီဆိုပြီး စိတ်နည်းနည်းအေးရပါတယ်
သူများမွေးနေ့ပွဲသွားပြီး ဖုန်းတစ်လုံးနဲ့ဘန်းခံနေရတာ ဘယ်သူမှမသိပါဘူး ကျွန်တော်ပဲသိတာပါဗျာ ၉ရက်နေ့ညကစပြီး ဒီနေ့ညအထိ internet ကို ၂၄နာရီဖွင့်ထားရပြီး ခေါင်းပြားပြီးမအိပ်နိုင်သေးပါဘူး လူလည်းပေါင်၁၀၀ အောက်ရောက်နေပါပြီ ဆရာမနဲ့အဆက်အသွယ်မရရင်လည်း စိတ်ပူပြီး အမေ့စီကအဘန်းခံရ ဆရာမနဲ့အဆက်အသွယ်ရရင်လည်း သူ့ အိုမန် agent ရုံးကနေ သူ့ကြပ်သမျှကိုနားမလည်ပဲ ကျွန်တော့်ကိုလာဘန်းသမျှကို သည်းခံနေရ ကြာလာတော့လူလည်းအငွေ့ပျံချင်နေပါပြီ
အိမ်ကိုတော့ပြောထားပါတယ် ဆရာမပြန်ရောက်လို့ အဆင်ပြေသွားရင်တော့ ကျွန်တော်ရိပ်သာမှာခဏသွားနေမယ်ဆိုတာကိုပါ ၂၀၂၄ခုနှစ်မှာ ကျွန်တော့်ကိုလောင်နေသမျှ လောဘ ဒေါသ မောဟ မီးတွေ ကိလေသာ တဏှာ သောက မီးတွေ ခဏလေးဖြစ်ဖြစ် ချုပ်ငြိမ်းသွားအောင်ပါဗျာ
အဲ့ဒီ့တော့ အခုကျွန်တော်အရိယာကြီးဖြစ်နေပြီလားလို့ ရွဲပြီးမမေးပါနဲ့ဗျာ ဒီလောက်စိတ်ပင်ပန်းနေရတာတောင် ကျွန်တော့်ကို မေတ္တာ စေတနာမရှိဘူးလို့ ပြောခဲ့မိတဲ့ အစ်ကိုကြီးကို ဒီနေ့အထိဖက်တွယ်နေဆဲပါ
ကျွန်တော်ဆိုတဲ့လူက လူအပီသလွန်နေတာကိုဗျာ။
No comments:
Post a Comment