Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

 

 

စာမတတ်သူ ပပျောက်ရေးနှင့် ကလေးငယ်တိုင်း စာသင်ကြားခွင့် ရရေးတွင် အရေးပါသည့် ဘုန်းတော်ကြီးသင်ကျောင်းများ

 

ရဲလင်းထွဋ်
အတွဲ ၂၇ ၊ အမှတ် ၅၂၉ ( ၅ - ၁၁ ၊ ၈ ၊ ၂၀၁၁)

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေကြသောကလေးငယ်များ။
ဓာတ်ပုံ-ရဲလင်းထွဋ်
မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးနှင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရရှိရေးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေကြောင်း အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ကျောင်းနေအရွယ် ငါးနှစ်ပြည့်ပြီး ကျောင်းအပ်နှံသည့်ဦးရေ ၉၅ ရာခိုင်နှုန်း သို့ရောက်ရှိရန်မျှော်မှန်း ထားပြီး မူလတန်းပြီးဆုံးသည့် ကျောင်းသားဦးရေမှာ ၉၀ ရာခိုင်နှုန်း အထိ ရောက်ရှိရမည်ဟု မျှော်မှန်းချမှတ်ထားကြောင်း ပညာရေး တက္ကသိုလ် အငြိမ်းစား ဒုတိယပါမောက္ခ ချုပ် ဦးမျိုးတင့်က ပြောသည်။
"မြန်မာပြည် မှာ ကျေးလက်တောရွာ ပေါင်း ခြောက်သောင်းခွဲရှိတယ်။ ပျမ်းမျှ ရွာငါးရွာမှာ အစိုးရကျောင်းတစ် ကျောင်းနှုန်း ရှိတယ်။ ကျောင်းနေအရွယ် ကလေး ၁၆ ရာခိုင်နှုန်းက ဘုန်းတော်ကြီးသင် ကျောင်းတွေကို ရောက်တယ်။ အဲတော့ စာမတတ်သူ ပပျောက်ရေးကို ကာကွယ် နိုင်တဲ့ တစ်ခုသောနည်းလမ်းက ဘက (ဘုန်းတော်ကြီးသင်ကျောင်း) ကျောင်း တွေပဲဖြစ်တယ်"ဟု ၎င်းကပြောသည်။
"နိုင်ငံတစ်နိုင်ငံမှာ မူလတန်းပြီးဆုံး သည့်တိုင်အောင် ကျောင်းတက်နိုင်တဲ့ ကျောင်းသားဦးရေ ၈၀ ရာခိုင်နှုန်းကျော် ရင် ချမ်းသာတဲ့ တိုင်းပြည်ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ယူနီဆက်ဖ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၆-၀၇ လောက်အထိ မြန်မာနိုင်ငံမှာ မူလတန်း ကလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ စီးပွားရေးအခက်အခဲ ကြောင့် လေးတန်းမပြီးခင် ကျောင်းထွက် ရတယ်လို့ဆိုတယ်။ တစ်သန်းနဲ့ နှစ်သန်း ကြားက ကျောင်းမတက်နိုင်ဘူးလို့ သိရတယ်"ဟု ဦးမျိုးတင့်က ပြောသည်။
ယနေ့ မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂,၅၀၀ ကျော်ခန့် ရှိပြီး အဆိုပါကျောင်းများတွင် ကျောင်း သူကျောင်း သား နှစ်သိန်းကျော် ပညာ သင်ကြားနေကြောင်း၊ အဆိုပါကျောင်း များကို သင်ကြားရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုများပြုနေသော အစိုးရမဟုတ် သည့် လူမှုရေးအသင်းအဖွဲ့များမှ သိရသည်။
"ဒီအခြေအနေဟာ တိုးတက်လာတဲ့ အခြေအနေလို့ပြောလို့ရတယ်။ ၁၉၉၁ ခုနှစ်ကစပြီး တစ်နိုင်ငံလုံးမှာ ဘကကျောင်းတွေ မှတ်ပုံ တင်စရာ မလိုဘဲ စဖွင့်ခွင့်ပြန်ပေးခဲ့ပြီး ကျောင်း သားတစ်ယောက်ရှိရှိ နှစ်ယောက်ရှိရှိ သင်နိုင်တယ်ဆိုပြီး စခဲ့တယ်"ဟု မန္တလေးတိုင်း ဒေသကြီးရှိ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းမှ ကျောင်း အုပ်ဆရာတော်ကြီးက မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် ၁၀၄၄ ခုနှစ် ပုဂံခေတ်မှ စတင်ခဲ့သည်။ ခေတ်အဆက် ဆက် ဖွင့်လှစ်သင်ကြားခဲ့သည့် သင်ကြား ရေးစနစ်များအရ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေးဆိုင်ရာ၊ လောကဓာတ်ဆိုင် ရာနှင့် အဋ္ဌာရသ ၁၈ ရပ်တို့ကို သင်ကြား ပေးခဲ့ကြပြီး မင်းညီမင်းသား၊ ရှင်ဘုရင် လောင်းလျာနှင့် သာမန်လူတန်းစား အလွှာအသီးသီးတို့ တက်ရောက် ပညာ သင်ယူခဲ့ရာကျောင်းများ ဖြစ်ခဲ့သည်။
ဘုန်းတော်ကြီးသင်ကျောင်းများတွင် သင်ကြားသည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားမှုစနစ်များသည် ခေတ် အလိုက် ပြောင်း လဲရန် လိုအပ်ချက်များ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ၏ ပထမဆုံး မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာက ဘုန်းတော်ကြီး ကျောင်းများမှာ ပရိဝုဏ် သန့်ရှင်းခြင်း၊ နေရာကျယ်ပြန့်ခြင်း၊ အဆောက်အအုံ များပြားခြင်း၊ ပတ်ဝန်းကျင်၊ ကျောင်းရိပ် ကန်ရိပ် ဆိတ်ငြိမ်သာယာခြင်းနှင့် ပြည်စုံ၍ ဘုန်းတော်ကြီးများ၏ ဩဇာတိက္ကမ ကြီးမားခြင်းများကြောင့် ဘုန်းတော်ကြီး ပညာသင်ကြား ရေးတွင် ကလေးသူငယ် များ အရေး၊ အဖတ်အတွက် တတ် မြောက်ရုံမက ဘုန်းတော်ကြီးများ၏ ဆုံးမဩ၀ါဒများကြောင့် လိမ္မာ ယဉ်ကျေးခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း စသည်တို့ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ဘာသာပညာသင်ကြား ရေးအတွက် ဘုန်းတော်ကြီးကျောင်းများ အား လိုအပ်ရာ စာအုပ်များကို လှူဒါန်း၍ လောကီရေးရာအတွက်လည်း အသုံးဝင် မည့် သင်ခန်းစာများကိုပါ သင်ကြားပေးရန် လျှောက်ထားသင့်ကြောင်းဖြင့် ၁၈၆၃-၆၄ ခုနှစ်တွင် အိန္ဒိယပြည် ဘုရင်ခံချုပ်ထံသို့ တိုင်းရင်း သားဘာသာပြန့်ပွားရေး အစီအစဉ်တစ်ရပ်ကို တင်ပြခဲ့ဖူးကြောင်း ဦးသန်းထွတ် (ပါမောက္ခ၊ ငြိမ်း၊ ပညာရေးတက္ကသိုလ်)၏ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေး သမိုင်း စာအုပ်တွင် ဖော်ပြထားသည်။
ထို့အတူ ယနေ့အချိန်၌ JICA မှ Child Centred Approach(CCA) ကလေးဗဟိုပြုသင်ကြားမှုကို ၂၀၀၄ ခုနှစ်တွင် စတင် မိတ်ဆက် ခဲ့ရာ မြို့နယ် ပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ၆၇ မြို့နယ်၌ သင်ကြားမှုပုံစံအား သင်တန်း ပို့ချပြီးဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိအစိုးရ မူလတန်းကျောင်း ၉၀ ရာခိုင်နှုန်းတွင် ယင်းပုံစံဖြင့်သင်ကြားနိုင်မည်ဟု မျှော်မှန်းထားရာ ဘုန်းတော်ကြီး သင်ကျောင်းများတွင် လည်း အဆိုပါနည်းစနစ်ဖြင့် စတင် သင်ကြားနေကြပြီဖြစ်သည်။
သို့ရာတွင် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများမှာ ဆရာဆရာမအခက် အခဲနှင့် ဘဏ္ဍာငွေအခက်အခဲများရှိနေ ဆဲဖြစ်သည်ဟု သိရသည်။
ကျောင်းအများစုသည် ကျောင်းထိုင် ဆရာတော်များ၏ န၀ကမ္မ အလှူငွေ များဖြင့် ရပ်တည်ကြရသည့်အတွက်၊ ဆရာများ ကျောင်း လခ၊ ကျောင်းသုံးဖတ် စာအုပ်စသည့် သင်ထောက်ကူပစ္စည်း များ လုံလောက်မှုနည်းပါးကြသည်။
"ဒီမှာ အစိုးရခန့်တဲ့ ဆရာ၊ ဆရာမက မရှိသလောက် နည်းတယ်လို့ ပြောလို့ရတယ်။ နှစ်ယောက်၊ သုံးယောက်ပဲ ရှိမယ်။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေမှာ သူငယ်တန်းကနေ ရှစ် တန်းအထိ ထားခွင့်ရှိတယ်။ ကိုးတန်း ၁၀ တန်းအထိ ထားခွင့်ရှိတဲ့ကျောင်းက ငါးကျောင်းထက် မပိုဘူး။ အဲဒါကလည်း တရားဝင်ပေးထားတာမဟုတ်ဘူး။ နား လည်မှုနဲ့ပေးထားတာ" ဟု ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် သင်ကြားနေသော ပညာ့မျက်လုံး ဆရာများအဖွဲ့မှ ဆရာဦးဆန်းထူးက ပြောသည်။
"ကျွန်တော်တို့မှာ အင်န်ဂျီအိုတွေ၊ တခြားဘာအဖွဲ့အစည်းကမှ ပံ့ပိုးတဲ့ ဘာငွေကြေးမှမရှိသေးဘူး။ အဲတော့ ကျောင်းသား ၁,၅၀၀ လောက် ဖြစ်လာရင် သူတို့တွေကို နောက်မျိုးဆက်အတွက် ကျောင်းသားတစ်ယောက်ကို တစ်လ ကျပ် ၁,၀၀၀ လောက်ထည့်ဖို့ တိုက်တွန်း မယ်။ အဲဒီမှာ ကျောင်းသား ၁,၀၀၀ လောက်ကထည့်ရင် တစ်လကို ကျပ် ၁၀ သိန်းရရင် ၃၀ ရာခိုင်နှုန်းလောက်ကို ဘဏ္ဍာငွေအနေနဲ့သွားမယ်။ စာသင်ခွင့် ပြုထားတဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ၂၀ ရာခိုင်နှုန်းကို သုံးမယ်။ ကျန် တဲ့ ၅၀ ရာခိုင်နှုန်းကို ဆရာတွေနဲ့ သင်ကြားရေးထဲမှာ သုံးမယ်။ ကလေး တစ်ယောက်အတွက် စာသင်နှစ် တစ်နှစ် လုံးစာကို ကျပ် ၁၆,၂၀၀ လောက်ကျ တယ်" ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘကသင် ကျောင်း ပဓာနနာယက ဆရာတော်က "သင်ကြားရေးဆိုင်ရာ နည်းလမ်းတွေ၊ သင်ထောက်ကူ ပစ္စည်းတွေကို အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေကလာပြီး သင်တန်းပို့ချပေး၊ ထောက်ပံ့ပေးတာ တွေ ရှိတယ်"ဟု မိန့်ကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ ရွှေပြည်စိုး ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော်ဒေါက်တာ အရှင် ပညာနန္ဒ (မြင်းခြံ) ဓမ္မာ စရိယ-B.A, M.A, Ph-D (INDIA) က "ကျောင်းတိုက်တည်ထောင်တာ သုံးနှစ်ရှိပြီ။ ပညာဒါနပြုလိုတဲ့ ဆန္ဒပြု လိုသော ဆန္ဒရှိတဲ့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ ဦးပဉ္စင်းတို့မှာ ပြည့်စုံနေလို့ ပိုနေလို့ လုပ်တာမဟုတ်ပါဘူး။ ပုထုဇဉ်တို့သည် လောဘ လူသားဖြစ်တဲ့အတွက် ပြည့်စုံမှ လုပ်ရမယ်လို့ဆိုရင် ဘယ်သူမှ မပြည့်စုံပါဘူး။ "ဒါကြောင့် ဦးပဉ္စင်းတို့ကိုယ်တိုင် ပညာ သင်ကြားခဲ့ရတော့ အခက်အခဲတွေ တွေ့ခဲ့ရတာဖြစ်တဲ့အတွက် ဒီအခက်အခဲတွေကို ငါဘယ်လို၊ ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲလို့ စဉ်းစားပြီးတော့ နီးစပ်တဲ့ ဒကာဒကာမ တွေကတစ်ဆင့် ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အခက်အခဲတွေကြားက လုပ်တာဖြစ် ပါတယ်"ဟုမိန့်ကြားသည်။

No comments: