Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ရေဘေးဒုက္ခသည်များအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက အကူအညီများပေးနေ

နန်းတင်ထွေး
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)
ရေကြီးရေလျှံမှုဖြစ်ပွားကာ အသက် အိုးအိမ်များ ဆုံးရှံးခဲ့ရသည့် ပခုက္ကူမြို့နှင့် အနီးရှိမြို့နယ်များရှိ ဒေသခံများအား ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အင်န်ဂျီအို)များက အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့ကြသည်။
မြန်မာအမျိုးသမီးလက်များအဖွဲ့ (Women Hands Myanmar Foundation) က စွမ်းရည်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ ရေဘေး ဒုက္ခသည်များအား အ၀တ်အစား၊ ဆန်၊ ရေသန့်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင် လှူဒါန်းနေသည်ဟု ဒါရိုက်တာဖြစ်သူ ဒေါ်မိုင်ဒေစီလျန်းက ပြောသည်။
လှူဒါန်းသည့်ပစ္စည်းများတွင် ဆန် အိတ် ၁၀၀၊ အ၀တ်အစား ၉၀၀ ခန့်အပြင် အိမ်ထောင်စု ၂,၀၀၀ ခန့်အတွက် မီးဖို ချောင်သုံး ပစ္စည်းများ ပါဝင်ကြောင်း ၎င်းက ပြောသည်။
"ကျွန်မတို့အနေနဲ့ မုဆိုးမ၊ ကိုယ်ဝန်သည်နဲ့ ထိခိုက်ဒဏ်ရာရပြီး ကျန်ခဲ့တဲ့သူတွေကို ဦးစားပေး ဖြန့်ဝေပေးသွားမှာပါ"ဟု ဒေါ်မိုင်ဒေစီလျန်းက ပြောသည်။
၎င်းပြင် ဗလာစာအုပ်များကိုလည်း ဖြန့်ဝေသွားရန် စီစဉ်ထားကာ ရေသန့် ဒါဇင် ၂၀၀ အားလည်း အောက်တိုဘာ ၂၁ ရက်နေ့ ကတည်းက စတင်ဖြန့်ဝေနေ ပြီး ဒေသခံလုပ်အားပေးလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း ၎င်းက ပြောသည်။
အရေးပေါ်ကာလအပြီးတွင်လည်း အိမ်များ ပြန်လည်တည်ဆောက်ခြင်း၊ လယ်ယာပျက်စီးမှုများနှင့်ရေတွင်းများ တူးဖော်ပေးခြင်း စသည့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောသည်။
ပခုက္ကူဒေသမှာ သဘာဝဘေး အန္တရာယ် ကြုံတွေ့ရလေ့ရှိသည့်နေရာ မဟုတ်သောကြောင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နိုင်ဖွယ်ရှိကာ ထိုအပိုင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါ်မိုင်ဒေစီလျန်းက ပြောသည်။
"ကျွန်မ ပခုက္ကူမှာ ၁၀ နှစ်လောက်နေခဲ့တာ။ အဲဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ပုံမှန် ဆိုရင်တောင် အဲဒီဒေသမှာက နှလုံး၊ သွေးတိုး ရောဂါတွေ အဖြစ်များတာ။ ဒီလို ပထမဆုံးအကြိမ် အကြီးအကျယ်ဖြစ်တာ သူတို့ အရမ်းကြောက်သွားနိုင်တယ်" ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံ ငွေအဖွဲ့ (UNICEF) ကလည်း အောက်တိုဘာလ ၂၄ ရက်နေ့မှာစတင်ခါ လိုအပ်ချက်များအား သိရှိနိုင်ရန် စစ်တမ်းကောက်ယူရေးအဖွဲ့ စေလွှတ်ထားကြောင်း ယူနီဆက်ဖ်၏ ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။
"အရေးတကြီး လိုအပ်ချက်အနေနဲ့ ရေသန့်ပဲ။ ဒါပေမယ့် ခုထိတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်တာတွေတော့ မတွေ့သေးဘူး"ဟု ၎င်းက အောက်တိုဘာလ ၂၆ ရက် နေ့က ပြောသည်။
အခြားလိုအပ်သော ကဏ္ဍများမှာ ကျန်းမာရေး၊ အမိုးအကာ၊ အစားအစာ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့်အတူ ရေ သန့်စင်ရေး ဆေးပြားများလည်း လိုအပ်နေကာ စစ်တမ်းကောက်ယူပြီး၍ပစ္စည်း များဖြန့်ဝေသည့်အပိုင်းကိုမူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရေဘေးကြောင့် စာသင်ကျောင်းများ ပျက်စီးသွားခြင်းနှင့်အတူ ကလေးသူငယ် ကာကွယ်ရေးကဏ္ဍကိုလည်း ယူနီဆက်ဖ်မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Community Development Association) ကလည်း ရေစစ်အိုးများလှူဒါန်းရန် စီစဉ်နေကြောင်း ပြောသည်။
အောက်တိုဘာလ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိပ်ဖြူ၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

No comments: