Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

 

၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာအတွက် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူပြီဟု ဦးဝဏ္ဏမောင်လွင် အတည်ပြုပြောကြား

ကျော်ဆုမွန် (ဘာလီမှ ရေးသားပေးပို့သည်)
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ဘာလီ အာဆီယံထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူရေးနှင့် ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ယခုလ ၁၅ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အတည်ပြု ပြောကြားသည်။
အဆိုပါအစည်းအဝေးပွဲအပြီးတွင် မြန်မာတိုင်း(မ်)၊ သည်ဗွိုက်စ် ဂျာနယ်များနှင့် တွေ့ဆုံစဉ် ၀န်ကြီးက ထိုသို့ အတည်ပြု ပြောကြား ခဲ့ခြင်းဖြစ်သည်။
"၀န်ကြီးများအဆင့် အစည်းအဝေးကနေပြီးတော့ မြန်မာက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ဖို့ကိစ္စကို ထောက်ခံပြီးတော့ ခေါင်းဆောင်များ အစည်းအဝေးကို တင်ပြဖို့ ဒီနေ့ ဆွေးနွေး ခဲ့ပါတယ်"ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။
အလှည့်ကျ ဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ တာဝန်ယူနိုင်မည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ အတွင်း၌လည်း တာဝန်ရှိသည့် အဖွဲ့အစည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာတွင်လည်း မြန်မာ နိုင်ငံသည် ယခုကဲ့သို့ နိုင်ငံ တကာအစည်းအဝေးပွဲကို တာဝန်ခံကျင်းပခြင်းကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် တာဝန်ကျေပွန်သည့်၊ တာဝန်ယူနိုင်သည့် နိုင်ငံအဖြစ် ရောက်ရှိလာမည် ဖြစ်ကြောင်း ပြောသည်။
"နိုင်ငံတကာ အသိုင်းအ၀ိုင်း ဆက်ဆံ ရေးများမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှေ့ကိုဆက်ပြီးတော့ တာဝန်ယူသွားနိုင်မည့် အခွင့် အလမ်းများ ရလာမည်ဖြစ်ကြောင်း" ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ယင်းကဲ့သို့ အာဆီယံ အလှည့်ကျ တာဝန် ယူရသောကြောင့် မည်သည့် ကတိက၀တ်ကိုမျှ မပေးခဲ့ရကြောင်းနှင့် ထိုသို့ တာဝန် ယူရခြင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ခန့်ထားရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ အဖြစ် ခန့်အပ်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက အဆင်သင့်ဖြစ်နေကြောင်းအဆိုကို အာဆီယံ သို့ ပြီးခဲ့သည့် မေလက အကြောင်းကြားထားရာ ယခုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါအတည်ပြုချက်ကို သက်ဆိုင်ရာ အာဆီယံခေါင်းဆောင်များသို့ ဆက်လက် အကြောင်းကြားမည်ဖြစ်ကာ ယင်းတို့၏ အတည်ပြု ချက်ရပြီဆိုပါက မြန်မာနိုင်ငံသည် တရားဝင်ဥက္ကဋ္ဌ ဖြစ်ခွင့်ရမည်ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံ ကျင်းပ နိုင်တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၆ ခုနှစ်မှ ရရှိမည်ဖြစ်သော်လည်း လာအိုနိုင်ငံက အလှည့်ကျော်ပေးခဲ့သည်။
ပြီးခဲ့ သည့်မေလက ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးများက မြန်မာ နိုင်ငံအရေးကို ထောက်ခံခဲ့ကြပြီး ခေါင်းဆောင်များက ကန့်ကွက်ရန်မရှိဟု ပြောဆိုခဲ့သည်။ လာမည့်နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက် တို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာ နိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်တွင် တာဝန်ပေးအပ်ရေးနှင့် ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နှင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း အာဆီယံအတွင်း ရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်ကလည်း နိုဝင်ဘာလ ၁၅ ရက်နေ့က ဘာလီမြို့တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပနေ သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ ထို အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ မိတ်ဖက် နိုင်ငံများ ဖြစ်သော ဥရောပသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ ဂျပန်တို့မှ ခေါင်းဆောင်များလည်း တက် ရောက်ကြမည် ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတ ဘာရက်အိုးဘားမားက တတိယအကြိမ်မြောက် အာဆီယံ-အမေရိကန်ဆွေးနွေးပွဲသို့ နိုဝင်ဘာ လ ၁၉ ရက်နေ့တွင် တက်ရောက်မည်ဖြစ်ကာ မူလက တက်ရောက်ရန် စီစဉ်ထားသည့် ရုရှား သမ္မတ မက်ဗီဒက်မှာ ပြည်တွင်းရွေးကောက်ပွဲကြောင့် တက်ရောက်နိုင်မည် မဟုတ်ချေ။ ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းလည်း အာဆီယံထိပ်သီး အစည်း အဝေးသို့ တက်ရောက်မည်ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံဒေသတွင်းဆိုင်ရာ ပြဿနာရပ် များကို စုပေါင်းဖြေရှင်းကြမည်ဖြစ်ရာ ယခုအကြိမ်တွင် မြန်မာနိုင်ငံကို ၂၀၁၄ တွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ်ပေးအပ်ရေးအတွက် တရားဝင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်ချက်ချရန်အတွက်လည်း ပြီးခဲ့သည့်လကုန်ပိုင်းက လက်ရှိ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီ ဂါဝါ မြန်မာ နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတကြီးအပြင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားလူမှုရေးအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ သဖြင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌဖြစ်ရေးမှာ အကောင်းဘက်အနေအထားသို့ ဦးတည် နေပြီဖြစ်ကြောင်း ၎င်း၏ အဆိုအရသိရသည်။
အာဆီယံဆန်းမစ် အစည်းအဝေးသို့တက် ရောက် သတင်းရယူနေသည့် ဘန်ကောက်ပို့စ်မှ အယ်ဒီတာ ပီချိုင်းချု ဆွတ်ခ်ဆာဝါဒီ ကလည်း "မြန်မာနိုင်ငံကို ဥက္ကဋ္ဌပေးရေးနဲ့ပတ်သက်ပြီး ဒီတစ်ခေါက်အစည်းအဝေးမှာ သံသယမရှိဘဲ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ချက် ချမှာသေချာတယ်။ ဒီလိုဆုံးဖြတ်ချက်ချတာ ဟာလည်း အမေရိကန်ရဲ့ သဘောထားအများ ကြီးပါတယ်"ဟု နိုဝင်ဘာ ၁၄ ရက်နေ့က ပြောသည်။
မြန်မာအစိုးရသည် လက်ရှိအချိန်တို ကာလ အတွင်း အပြောင်းအလဲများစွာကို လျင်မြန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို အပြောင်းအလဲ များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ များကို လွှတ်ပေးခြင်းတို့ ပါဝင်နေကြောင်းလည်း ၎င်းက ပြောသည်။
"ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဦးမယ်လို့လည်း မျှော်လင့်ပါတယ်။ ပိုပြီး အရေးကြီးတာက ဒီမိုကရေစီ နည်းလမ်း ကျကျ သွားနေတဲ့အချိန်မှာ အတိုက်အခံဘက်နဲ့ မတူညီ တဲ့အမြင်ရှိတဲ့သူတွေဘက်က ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနိုင်ဖို့ လိုပါတယ်"ဟု လည်း ပီချိုင်းက ဆက်လက်ပြောသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေးပွဲတွင် ဆွေးနွေးဖွယ်ရှိသည့်အကြောင်းအရာများတွင် မြန်မာနိုင်ငံအရေးအပြင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တွင် အငြင်းပွားမှု၊ အာဆီယံဒေသတွင်းနိုင်ငံ အချို့တွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများကိုပါ အဓိက ဆွေးနွေးသွားဖွယ် ရှိသည်။

No comments: