Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။


Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ရန်ကုန်တွင် မီးအားအပြည့်ရစေရန် လျှပ်စစ်မီးကြိုးများ ပြောင်းလဲတပ်ဆင်မည်

ကျော်ဆုမွန်
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)
ရန်ကုန်မြို့တွင် ယခုကာလအတွင်း လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ ဗို့အားများ ကျဆင်းနေခြင်းမရှိစေရန် ဓာတ်အားလိုင်းများကို ဗို့အားမြင့်လိုင်း ကြိုးများ ပြောင်းလဲတပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ယခုလ ၈ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာညိုညိုသင်း၊ တာမွေမဲဆန္ဒ နယ်အမှတ်(၂)မှ ဦးအေးသိန်း၊ ဒေါပုံမြို့ နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးသောင်း စိန်တို့၏ လျှပ်စစ်မီးနှင့်ပတ်သက်သော မေးခွန်းများနှင့်စပ်လျဉ်းပြီး ၎င်းက ဖြေကြားခြင်းဖြစ်သည်။
လက်ရှိ ရန်ကုန်တစ်မြို့လုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ တစ်နေ့ လျှင် မဂ္ဂါဝပ် ၇၀၀ ကျော် သုံးစွဲနေပြီး ထပ်တိုးသုံးစွဲလာ သည်နှင့်အမျှ ဗို့အား များကျဆင်းကာ လျှပ်စစ်မီးအပြည့်အ၀ မရရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ် အား ပေးစက်ရုံလေးရုံမှ ဓာတ်အားများ အပြင် ရန်ကုန်မှ မိုင် ၆၀၀ ကျော်ဝေးသော ရွှေလီဓာတ်အားပေးစက်ရုံမှ ကြိုးများဖြင့် ရယူနေရကြောင်း ၎င်းက ပြောသည်။
"အခုလက်ရှိမှာ ၂၃၀ ကေဗီအေ လျှပ်စစ်ကြိုးတွေနဲ့ သွယ်တန်း ယူဆောင် နေတာဖြစ်ပါတယ်။ ဒါကြောင့် ၅၀၀ ကေဗီအေ ကြိုးလိုင်းတွေနဲ့ ဆက်လက်သွယ်တန်းဖို့ ဆောင်ရွက်မှာဖြစ်ပြီး ငွေကြေးသုံးစွဲရမှု များပြားတာကြောင့် နိုင်ငံတော်အဆင့် စီမံကိန်းအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။
ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် လျှပ်စစ်မီး ပြည့်ဝစွာမရရှိဘဲ ဗို့အား ကျဆင်းနေရခြင်းတွင် ရွှေလီဓာတ်အား ပေးစက်ရုံမှ လာသည့် ၂၃၀ ကေဗီအေ ဓာတ်အားလိုင်းကြိုးကို ယခုလ ၄ ရက် နေ့က မသမာသူများ ဖျက်ဆီးခဲ့ခြင်းကြောင့် ရန်ကုန်သို့ လျှပ်စစ်အ၀င် နည်းပါးနေခြင်းဟု ၎င်းက ပြောသည်။
ထို့ပြင် လောပိတရေအားလျှပ်စစ် စက်ရုံတွင်လည်း လျှပ်စစ်ထုတ်လုပ်နေသည့် စက်နှစ်လုံးကို ပြုပြင်နေရခြင်း၊ အလုံလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံမှ စက်နှစ်လုံးကိုလည်း လက်ရှိတွင် ပြုပြင်ထိန်းသိမ်းနေရခြင်းတို့ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ အားနည်းခြင်းများ ဖြစ်ပေါ်နေ ရခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ပြန်လည်ရရှိမည့်အချိန်တွင် ဗို့အားကျဆင်းမှုများလည်း မဖြစ်ပေါ်စေရန်အတွက် လိုင်းကြိုး များ ပြောင်းလဲ တပ်ဆင်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ လျှပ်စစ်သုံးစွဲမှု ပမာဏသည်တစ်နိုင်ငံလုံး သုံးစွဲမှု၏ ထက်ဝက်ကျော်ခန့်ရှိနေသည်။

No comments: