Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။


http://www.htweoomyanmar.com/dances/Program-Items-of-Htwe-Oo-Myanmar-Traditional-Puppet-Dance

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


ပြဇာတ်ကောင်းကောင်း

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
သေသေချာချာ ဇာတ်တိုက်ထားတဲ့ ပြဇာတ်ကောင်းကောင်းတွေ ငယ်ငယ်က ကြည့်ဖူးတယ်။
ဘယ်လောက် ကောင်းလဲဆိုရင် မင်းသားနှိပ်စက်ခံရရင် ယောက်ျားလေးတွေက တောသဘာဝ ပြောင်းဖူးရိုးနဲ့ စင်ပေါ် လှမ်း ပေါက်မိကြသလို ကောင်မလေးတွေက အောက်ကနေ တရှုပ်ရှုပ် ငိုကြတဲ့အထိပဲ။နောက်ပိုင်းဇာတ်တော်ကြီးတွေမှာ ပုဏ္ဏားလုပ်တဲ့ သူဆိုရင် ပြောင်းဖူးရိုးတို့ သားရေကွင်းတို့နဲ့ အပစ်ခံရဆုံးပေါ့။
ရုပ်ရှင်ကောင်းကောင်းသွားကြည့်ရင် ဇာတ်လမ်းနောက်ကိုမျောပြီး ယောက်ျား ရင့်မကြီးဖြစ်ပါလျက်ကယ်နဲ့ ဘေးလူ မသိအောင် တိတ်တိတ်မျက်ရည်သုတ် ရတဲ့ကားမျိုးတွေ အသက်အရွယ်ရလာတဲ့အချိန်အထိ ကြည့်ခဲ့ဖူးပါတယ်။
အဲဒီလိုဖြစ်ဖို့က ဇာတ်လမ်းရေးသူ၊ ဇာတ်ညွှန်းခွဲသူ၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ကောင်းကောင်းရှိဖို့ လိုပါသဗျ။
ဇာတ်တို့၊ အငြိမ့်တို့က ပြဇာတ်ကောင်းကောင်းများ ကြည့်လာရပြီဆိုရင် ကြည့် ခဲ့ရတဲ့သူက မကြည့်ရသေးတဲ့သူကို မနက်မိုးလင်း တာနဲ့ ရပ်ကွက်ထဲမှာ၊ ဈေးထဲမှာ၊ ကျောင်းမှာ၊ လက်ဖက်ရည် ဆိုင်မှာ စားမြုံ့ပြန်ပြတတ်ကြတယ်။
မကြည့်ရသေးတဲ့သူကတော့ ပါးစပ် အဟောင်းသားနဲ့ပေါ့။
သူငယ်ချင်း ကောင်မလေးတွေက ညတုန်းက ပြဇာတ်မင်းသားကို သနားလိုက်တာ၊ ဟိုလူကြမ်းကြီးက ထိုးလိုက် ရိုက်လိုက်တာများ သနားစရာဆိုရင် မာဂျေတို့က အဲဒီလူကြမ်းကြီးနဲ့ နင်တို့ သနားပါတယ်ဆိုတဲ့ ပြဇာတ်မင်းသားနဲ့က သားအဖတွေ၊ မယုံရင် ငါနဲ့ဇာတ်ရုံ နောက်ထဲ လိုက်ကြည့်ဆိုပြီး ခေါ်လည်း ပြဖူးပါရဲ့။
ဦးလေးတွေ၊ အဒေါ်တွေက ဇာတ်ကန်ထရိုက်တွေဆိုတော့ မာဂျေ တို့က ဇာတ်စင်ပေါ်က တက်ကြည့်ခွင့် ရှိသလို ရုံနောက်ထဲကို ၀င်ချင်သလိုဝင်ခွင့်က ရထားပေသကိုး။
ဒီတော့ သူများမမြင်ရတာတွေ မြင်ရတာပေါ့။
ဇာတ်ကနေတဲ့သူတွေဆိုတာကလည်း တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေတဲ့ အဖွဲ့သားတွေမဟုတ်ပေလားဗျာ။
သူတို့ရဲ့ တူညီတဲ့ရည်မှန်းချက်က သူတို့ကဇာတ်အဖွဲ့ကြီး အောင်မြင်ဖို့လေ။
ဒီတော့ ပရိသတ်ကြိုက်အောင် စိတ်ဝင်စားအောင် ကရ ခုန်ကြရတာပေါ့။
ဒါက မာဂျေငယ်ငယ်ကတည်းက သိခဲ့တဲ့ အသိလေးတစ်ခုပါ။
အဲဒီကနေ ခေတ်တွေပြောင်းလာတော့ ဂြိုဟ်တုစလောင်းတွေ ကျေးဇူးနဲ့ နိုင်ငံတကာ ရုပ်သံလိုင်းတွေ ကြည့်လာ နိုင်ခဲ့တယ်။
ကိုယ်ကလည်း သက်လတ်ပိုင်းဆိုတော့ ဘာတွေကြိုက်မိလဲဆိုရင် အမေရိကန်နပန်းပွဲတွေပေါ့။
နိုင်နေပါလျက်နဲ့ ဘေးက မတရားအလစ်ဝင်ထိုးလို့ ရှုံးသွားတာတွေ၊ တစ်ယောက်နဲ့ အများထိုးပြီး အနိုင်ယူတာတွေ ကြည့်ပြီး ဘာလို့ ဒီလောက်တရားလက်လွတ် လုပ်နေကြသလဲဆိုပြီး စိတ်ဆိုးမိတယ်။
ဒါပေမယ့် တဖြည်းဖြည်း သိလာရတာက ဒါတွေဟာ အသေအချာ ဇာတ်တိုက်ထားတဲ့ အင်တာတိန်းမင့်လို့ခေါ်တဲ့ ဖျော်ဖြေရေးတွေ သာဖြစ်တယ်။
တကယ် အရှုံးအနိုင်ပေါ်အောင် နင်လားငါလား ထိုးကြနှက်ကြတဲ့ အားကစားမဟုတ်ဘူး ဆိုတာပါပဲ။
ဒါပေမယ့် ဇာတ်ကောင်းကောင်း တိုက်ထားလေတော့ ကြည့်ရသူတွေကလည်း သဘောကျတာပဲ။
ပြီးရင် ကြိုတင် ညှိနှိုင်းထားတဲ့အဖြေတစ်ခု ထွက်မယ် ဆိုတာသိလျက်နဲ့ ပရိသတ်က အော်ကြ ဟစ်ကြ အားပေးကြတယ်။
ဘာလို့လဲဆိုရင် ကြည့်လို့က ကောင်းနေတာကိုး။
အခုတလော ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြား အပြန်အလှန် ပြောဆိုနေကြတာတွေ ဖတ်နေရတယ်။
အခုကာလ သတင်း ဂျာနယ်ထုတ်ခွင့်ရသူတွေအတွက်တော့ ရွှေခေတ်ပေါ့လေ။
အခုခေတ်စားနေတာက သ၀ဏ်လွှာတွေပို့တာကို ဂျာနယ်တွေထဲမှာ ဖော်ပြလာတာလို့ ထင်ပါတယ်။
အရင်ကတော့ သ၀ဏ်လွှာဆိုတာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အကြီးအကဲ အချင်းချင်းပေးပို့တာ၊ အခါကြီး ရက်ကြီးမှာ နိုင်ငံခေါင်းဆောင်တွေက လူထုလူတန်းစားတွေကို ပေးပို့တာလောက်ပဲ မြင်မိလေတော့ အခုမှလွှတ်တော် ဥက္ကဋ္ဌက နာယကဆီကို ပေးတာ၊ သမ္မတက လွှတ်တော်ဥက္ကဋ္ဌ ဆီပေးတာတွေ ဖတ်ရတော့.. အင်း..ဖတ်လို့ တော့ အတော်ကောင်းတာပဲဗျ။
မှတ်မိသလောက်ပြောရရင် သမ္မတက မြစ်ဆုံကိစ္စအတွက် လွှတ်တော်ကို သ၀ဏ်လွှာပို့တာ၊ ၀န်ထမ်းတွေလစာ တိုးဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌက သူတင်ပြပါလျက်နဲ့ အစိုးရ၀န်ကြီးတွေက လောလောဆယ်မဖြစ်နိုင်သေးပါဘူး ဆိုပြီးလုပ်မပေးတာ၊ အပြင်က မီဒီယာ တစ်ခုကို လွှတ်တော်ဥက္ကဋ္ဌက သ၀ဏ်လွှာ ပို့တာတွေ သတိပြုမိပါတယ်။
ဘာပဲပြောပြော အရင်က သမားရိုးကျ သတင်းတွေသာဖတ်နေရာကနေ အခုလို ဆန်းဆန်းပြားပြား သတင်းတွေ ဖတ်လာရတော့ အတော်တော့ အရသာ အရှိသားခင်ဗျ။
ပြည်သူတွေမလဲအခုဆိုရင် လက်ဖက်ရည်ဆိုင်မှာ လေကန်စရာ သတင်းတွေက တစ်နေ့တစ်မျိုး မရိုးရအောင်ဖြစ်နေပြီ။
လက်ဖက်ရည်ဆိုင်တွေလည်း ရောင်းကောင်း၊ သတင်းဂျာနယ်တွေလည်း ရောင်းကောင်း၊ ဘယ်နေရာကြည့်လိုက်ကြည့်လိုက်
win-win situation
တွေချည်းဖြစ်နေတယ်။
ငယ်ငယ်တုန်းက ပြဇာတ်ကောင်းကောင်း ကြည့်ပြီးပြန်လာတဲ့သူက မကြည့်ရသေးတဲ့သူကို အပို ဆာဒါးလေးတွေထည့်ပြီး စားမြုံ့ပြန်တာကို သွားသတိရမိလိုက်သေးတယ်။
ဇာတ် အဖွဲ့ကြီးကတော့ သူ့ပွဲခွင်အတိုင်း အနယ်နယ်အရပ်ရပ်ကိုလှည့်ပြီး ကပြ နေလေရဲ့။
ပြဇာတ်ဆိုတာ ဒါရိုက်တာ ကောင်းရင်၊ သရုပ်ဆောင်ကောင်းရင် ပရိသတ်က ခံစားတတ်ကြတာမဟုတ်လားဗျာ။

http://www.myanmar.mmtimes.com/2012/article/559/arti02.html 

No comments: