အမြဲမရှိ


 


Just 78 Days!



မနက်ကနေစပြီး တိုက်ပွဲဝင်ရတော့မှာပေါ့ဗျာ။


သေရင်မြေကြီးလို့ပဲ ဆုံးဖြတ်ထားပါတယ် အရှုံးကိုလက်ခံထားတာက ကျွန်တော်အတွက်ပိုပြီးတော့ အဆင်ပြေစေပါတယ်



ဘုရား၊တရားမလုပ်ဖြစ်တာ လတော်တော်ကြာပါပြီ ကျွန်တော့်ဇာတာက ဘုရားနဲ့ဝေးလေ ဒုက္ခများလေမှန်းသိရက်သားနဲ့ ဘုရားရိပ်တရားရိပ်ကို ဖယ်ခွာမိတာ ဒီညကစပြီးဘုရားနဲ့နီးနီးပဲ နေပါတော့မယ်



မနေ့ကတစ်ဖက်သားကို အပူပေးမိလိုက်တယ် ကျွန်တော့်အပေါ်သံသယဝင်ရင် သူစိမ်းဆိုရင် ဘာတစ်ခုမှမရှင်းပြပေမယ့် ခင်ဗျားကိုရှင်းပြချင်တာက ကျွန်တော်ဆန္ဒဖြစ်နေတာလေ အဲ့ဒီတော့အပူပေးမိသလိုဖြစ်သွားတာပေါ့ဗျာ အေးအတူ ပူအမျှဆိုပေမယ့် ကျွန်တော်ချစ်တဲ့လူကို ဘယ်သောအခါမျှ အပူမပေးရက်ပါဘူးဗျာ



လာမယ့်ဘေးပြေးတွေ့မယ်လို့ ကြွေးကြော်ထားပေမယ့် မနက်ဖြန်အတွက် စိတ်မောနေမိတာအမှန်ပါဗျာ ကျွန်တော်စိတ်ဓါတ်ကအားနည်းတာ ကျွန်တော်ပဲသိနိုင်တာဗျ



စိတ်တော့ပျက််မိတယ်ဗျ လွန်ခဲ့တဲ့(၅)နှစ်ကျော်က အချိန်တွေလို မပြတ်သားနိုင်တာ ဇရာလို့ပြောရမလား အလုပ်အပေါ်ကျေးဇူးကန်းတာ မဟုတ်ပါဘူးဗျာ ကျွန်တော့်ဘာသာ သောကတွေပွားမိနေလို့ပါ



ဖြစ်လာသမျှကိစ္စအဝဝကို အကောင်းမြင်စိတ်နဲ့ပဲ လက်ခံပါတော့မယ် ထပ်ပြီးတော့ဗျာပါဒတွေ မမွေးမြူတော့ပါဘူးဗျာ။


စွမ်းသလောက်




 

Feeling so high?


ဘဝဆိုတာ အနိမ့်အမြင့်အမြဲရှိပါတယ် တသက်မတ်ထဲ အဆင်ပြေနေတယ်လို့ ဘယ်ရှိမှာလဲဗျာ


အလုပ်ဆိုတာလည်း ဘဝရဲ့ အချိုးအကွေ့တစ်ခုပါပဲ



ကျွန်တော့်ဘဝမှာ မုန်တိုင်းမလာခင် လေပြေတိုက်တာဗျ လေပြေသွေးနေပြီဆိုတာနဲ့ မုန်တိုင်းအငွေ့အသက်ကို ကျွန်တော်ရလိုက်ပါပြီ


ဝက်ဖြစ်မှတော့ မစင်မကြောက်တော့ပါဘူးဗျာ အသုံးမဝင်တဲ့ လူတစ်ယောက်လို့အထင်ခံရတာထက် အသုံးကျတဲ့ လူတစ်ယောက်ဖြစ်ချင်ခဲ့တာ ကျွန်တော်မာနပါ


ကျွန်တော်အသုံးမဝင်တော့ဘူးလို့ ခံစားလာရရင် အဲ့ဒီနေရာကနေထွက်သွားတာ ကျွန်တော့်မာနပါ ဒီတစ်ကြိမ်တော့ မာနကိုခဏဖယ်ထားရပါတယ် သိက္ခာကပိုပြီးအရေးကြီးတယ်လေဗျာ


မင်းရဲ့မာနကသုံးစားလို့ရလား မမေးပါနဲ့ မာနဆိုတာကြီးက အသုံးမကျပေမယ့် လဲကျတိုင်းပြန်ထနိုင်ဖို့ ကျွန်တော့်ဘဝမှာဖက်တွယ်စရာက သူပဲရှိတာလေဗျာ


လာမယ့်ဘေးပြေးတွေ့တက်တဲ့ လူဆိုတော့ ဒီတစ်ခါလည်း ထပ်ပြီးပြေးတွေ့ပြန်ပြီပါ အစထဲက ကျွန်တော်မျှော်မှန်းပြီးသားပါ အချိန်အနည်းငယ် စောသွားယုံပါပဲ


တနင်္လာနေ့ကစပြီး နောက်ထပ်(၆)လတော့ ဒူပေတာပေခံပြီး စွမ်းနိုင်သမျှကြိုးစားကြည့်ပါမယ် အဆင်မပြေရင်တော့ Resignation ပေါ့ဗျာ အဲ့ဒီအချိန်ဆို

အကြွေးကင်းပြီဆိုတော့ ကျွန်တော်လဲကျသွားရင်တောင် မြေကြီးကနေပြန်စလို့ရပါပြီ


ဝန်ခံရရင်တော့ လဲကျချင်ပါတယ် ငါဘယ်ကနေစရမလဲဆိုပြီး အသက်ရှုမဝပါဘူး ဒါပေမယ့် သိက္ခာအကျမခံနိုင်ပါဘူး အဲ့ဒါကြောင့်ပြန်ထရပါမယ်


လဲကျတိုင်းပြန်မထဘဲ နေလို့မှမရတာဗျာ အဲ့ဒီတော့လည်း ဘဝဆိုတာတိုက်ပွဲလို့ မာန်တင်းပြီး လာမယ့်ဘေးပြေးတွေ့လိုက်ပါတယ်


ဝမ်းနည်းတက်လွန်းတဲ့ လူမို့လားမသိပါဘူးဗျာ ဒုက္ခဆိုတာကြီးက တစ်ယောက်ထဲမလာဘူးဗျ အဖော်အပေါင်းနဲ့တွဲလာတက်တာ မကြာခဏကြုံရပေမယ့် ပြင်ဆင်မထားခဲ့မိတာ ကျွန်တော့်အမှားပါ

အများကြီးမတွေးတော့ပါဘူးဗျာ စေတနာကောင်းရင် ကံကောင်းပါတယ် ကျွန်တော်အဆင်ပြေပါစေဗျာ။


" လွမ်းရေးရော ဝမ်းရေးကပါ ခက်ခဲလွန်းပါတယ်ဗျာ "


#25.03.2022



Done

 





သင့်ကိုသင်မှ စိတ်ချမ်းသာအောင်

မထားနိုင်သူက သူတစ်ပါးကိုလည်း
စိတ်ချမ်းသာအောင် မစွမ်းနိုင်ဘူး။




ကျွန်တော့်ကိုကျွန်တော် စိတ်ချမ်းသာအောင် ထားနိုင်တဲ့တနေ့​ရောက်လို့ ခင်ဗျားကိုကျွန်တော် တွယ်တာနေသေးတယ်ဆိုရင် ခင်ဗျားရှိရာအရပ်စီကျွန်တော် ပြန်လာမှာပါ။



ခင်ဗျားကိုမဆက်သွယ်တော့တာ (၄)ရက်မြောက်နေ့ အသားမကျသေးပေမယ့် အခုလိုနေနေတာ ကျွန်တော့်အတွက် ပိုသက်သာမယ်ထင်ပါတယ်


မနက်အိမ်ယာနိုးရင် အရင်လိုမနှုတ်ဆက်ဖြစ်ပေမယ့် Viber ကို ဝင်ကြည့်ဖြစ်ပါတယ် ကျွန်တော့်စီစာပို့ထားမလားဆိုတဲ့ မျှော်လင့်ချက်ကတော သေးသေးလေးတောင်မရှိပါဘူး နေ့တဒူဝကိစ္စလေးတစ်ခုလို ခဏလေးဝင်ကြည့်မိယုံလေးပါ


လုပ်ငန်းခွင်မှာအလုပ်သိပ်မများရင်တော့ ခင်ဗျား online ရှိ၊မရှိဝင်ကြည့်တက်ပေမယ့် ဒီနေ့လိုနေ့မျိုးဆိုရင်တော့ ဝင်မကြည့်နိုင်တာများပါတယ်


အိမ်ပြန်ရောက်ရင် ခင်ဗျားစိတ်ပူနေမလားဆိုတဲ့အသိနဲ့ အရင်ကစာပို့ခဲ့ဘူးပါတယ် အခုတော့မပို့ဖြစ်တော့ပါဘူး " ပိုနေမြဲ ကျားနေမြဲ " ဆိုတဲ့ စကားပုံက ကျွန်တော်အတွက် လိုက်နာကျင့်သုံးဖို့ တကယ်သင့်တော်ပါတယ်ဗျာ


အရာအားလုံးကို တဖြေးဖြေး လွှတ်ချလိုက်သင့်တာကို ကျွန်တော်အကျင့်အတိုင်း ဝုန်းကနဲလွှတ်ချလိုက်မိတယ် အနှေးနဲ့အမြန်ကြုံတွေ့လာမယ့်ကိစ္စကို ရပ်စောင့်မနေဘဲ ပြေးတိုက်လိုက်မိသလိုပါပဲ


အဲ့ဒီတော့နင့်ကနဲခံစားရတာပေါ့ ဘယ်တက်နိုင်မလဲဗျာ အပြစ်ရှိသူက ကျွန်တော်မျိုးကြီးဆိုတော့ သေသေသပ်သပ်လေး မဟုတ်ရင်တောင် လှလှပပလေးခံစားပေးရမှာပေါ့ဗျာ


ကျွန်တော်ဆိုတဲ့လူက သောကကိုတန်ဆာဆင်တက်တဲ့သူနေမှာပါ ဒုက္ခဆိုတဲ့အရာကို တယုတယတခန်းတနားကြီးကို မွေးမြူထားမိတာဗျ ထားပါတော့ဗျာ လှပတဲ့အတိတ်ပဲဖြစ်ဖြစ် အကျဉ်းတန်လှတဲ့အတိတ်ပဲဖြစ်ဖြစ် အတိတ်ကိုပစ္စုပန်ကို တကယ်ကိုမသယ်ဆောင်တော့ပါဘူးဗျာ


အရိယာသူတော်ကောင်းကြီး မဟုတ်နိုင်ခဲ့ပေမယ့် 

ကျန်ရှိတဲ့သက်တမ်းမှာ လူယုတ်မာမဖြစ်ဖို့အတွက် ကျွန်တော်ကြိုးစားနေထိုင်သွားမှာပါ


မနက်ဖြန်ဖြတ်ကနဲ သေသွားရင်တောင် ကျွန်တော်သယ်သွားနိုင်တာ သောကတွေပဲရှိနေသေးလို့ လူပီပီသသ လောဘ၊ဒေါသ၊မောဟနဲ့ အလောဘ၊အဒေါသ၊ အမောဟတွေသယ်သွားနိုင်ဖို့ ကျွန်တော်တစ်ယောက် ကြိုးစားရအုန်းမယ်ခင်ဗျာ။


 #10.3.2022



တကယ်ပင်ပန်းလာရင် အရာအားလုံးကို လွှတ်ချတက်မိတာ ကျွန်တော့်အကျင့်ပါ အခုလည်း ပီပီပြင်ပြင်လွှတ်ချလိုက်ပါပြီ မပိုင်ဆိုင်သင့်တဲ့ လူတစ်ယောက်ကို မျှော်လင့်နေရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ စာမဖွဲ့ပြတော့ပါဘူး


နံရံကိုခေါင်းနဲ့တိုက်ခဲ့တာလည်း မဟုတ်ပါဘူး မိုးပေါ်ကလကို မျှော်ကြည့်ခဲ့မိသူပါ ချစ်တက်လွန်းသူကျွန်တော်မျိုးကြီးက အချစ်ငတ်ခဲ့မိတာပါ အဲ့ဒီအချစ်ဆိုတာကိုလည်း ကျွန်တော်အရူးအမူးချစ်မိသူစီကပဲ လိုချင်ခဲ့တာပါဗျာ


ပြီးသွားပါပြီ ကျွန်တော့်ဇာတ်လမ်းကို ကျွန်တော်ပဲအဆုံးသတ်လိုက်ပါပြီ တစ်ဖက်သားအပေါ်မှာတော့ ရိုက်ခတ်မှုရှိခဲ့ရင်တောင် လှိုင်းကြပ်ခွပ်ထသလောက်ပဲ ရှိမှာပါ ကျွန်တော်ကတော့ ဝဲကတော့ကြီးအနည်ထိုင်ဖို့ အချိန်ယူရအုန်းမယ်ဗျာ။



ဒီအချိန်ကစပြီး လူတစ်ယောက်ကို အရူးအမူးမချစ်မိဖို့အတွက် ကျွန်တော်ကြိုးစားရပါတော့မယ်


#24.3.2022

ကျွန်တော်လွတ်မြောက်ပါစေ။



ကိုယ်မပိုင်ဆိုင်နိုင်တဲ့

အရာတစ်ခုကို

စွန့်လွှတ်ပေးလိုက်တာက

ကျွန်တော့်အတွက်ပိုကောင်းပါတယ်။



#22.03.2022

 


Allow yourself release the emotions.



မွေးနေ့မှာပျော်ရွှင်ပါစေဗျာ

 





💕 Happy Birthday, Bae! 💕


မွေးနေ့မှာ ပျော်ရွှင်ပါစေ.. 💋

    


မွေးနေ့ရက်မြတ်မှ စတင်ပြီး နှစ်၁၂၀တိုင်အောင်

 စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် 

ပြည့်စုံပါစေ။


ကြံစည်သမျှအရာရာတိုင်း 

ပြည့်ဝအောင်မြင်ပါစေ ခင်ဗျာ။


ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိသားစုကို ကာကွာ​စောင့်ရှောက်ပေးနိုင်သော


လက်အောက်ငယ်သားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော


မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော သူဖြစ်ပါစေခင်ဗျာ။


🙏🙏🙏🙏🙏



ဝန်ခံချက် ။   ။ တင်ထားတဲ့ပုံက ကျွန်တော့်အပိုင်မဟုတ်ပါဘူး သဘောကျလွန်းလို့ သူများတင်ထားတာကို ရှာကြံပြီးတော့ ခိုးလာတာပါဗျာ။


တနေ့




ခင်ဗျားကိုလွမ်းတယ်


အခုကစပြီးနောင်အထိ ကျွန်တော်ဖွင့်ဟပိုင်ခွင့် မရှိနိုင်တော့တဲ့ စကားစု။


၁၀၀% ရပ်တန့်လိုက်ပါပြီလို့ ဆိုခဲ့ပေမယ့် ဆိုခဲစေ မြဲစေဆိုတဲ့အတိုင်း ကျွန်တော်ရပ်ဖို့ ကြိုးစားနေသူပါ


လက်တွေ့မှာက ရပ်တန့်ဖို့ကို ကျွန်တော့်စိတ်ကို ချွန်းမျိုးစုံနဲ့ ထိန်းချုပ်နေရတာ



သူတော်ကောင်းကြီး မဟုတ်ခဲ့ပေမယ့် အမှားဆိုတာကို အတက်နိုင်ဆုံး နည်းစေချင်သူပါ


လဲကျလွန်းအားကြီးလို့ မြေကြီးနဲ့အသားကျသယောင်ဖြစ်နေရတာတောင် ခင်ဗျားကိုဖက်တွယ်ဖို့ထက် မြေကြီးပေါ်ပဲ တဖန်လဲကျလိုက်မှာ ( ကျွန်တော့်ကြောင့် တဖက်သားထိခိုက်မှာ မလိုလားခဲ့ပါဘူး မေတ္တာရေးနဲ့ ပတ်သတ်တဲ့ကံခေမှုတွေကို နောင်ဘဝဆိုတာအထိ ထပ်ပြီးမသယ်ဆောင်ချင်တော့ပါဘူးဗျာ )



ကျွန်တော့်ကိုကျွန်တော် စိတ်ချမ်းသာအောင် ထားနိုင်တဲ့တနေ့​ရောက်လို့ ခင်ဗျားကိုကျွန်တော် ငြိတွယ်နေအုန်းမယ်ဆိုရင် ခင်ဗျားရှိရာအရပ်စီ ကျွန်တော်ပြန်လာပြီး ခင်ဗျားကိုလွမ်းတယ်ဆိုတဲ့ စကားစုကို ဖွင့်ဟပြောနိုင်မှာပါ



တနေ့ပေါ့ဗျာ။






ပိုက်ဆံ

 




ပိုက်ဆံ ဒီကောင်ကြောင့်ကျွန်တော်ခေါင်းစားနေရတာ ၁၀ရက်ကျော်ပါပြီ အခုထိလည်း တနုံနုံနဲ့ ကိုယ့်ဘာသာ ဒေါသထွက်နေရတယ်



ကျွန်တော်ဆိုတဲ့လူကလည်း ဆန်မရှိစောက်စားကြီးဗျ စကားလုံးရိုင်းသွားရတာ ကန်တော့ပါရဲ့ဗျာ ကိုယ့်မှာပေးစရာတွေတပုံတပင်ကျန်သေးလို့ သုံးစရာမရှိတာတောင် သူတစ်ပါးအပူကို မျှယူပေးချင်သေးတာ



ဘယ်သူကမှ ငါ့ကူညီပေးပါတိုက်ရိုက်လာမပြောပေမယ့် သူအဆင်မပြေဘူးဆိုတာသိတာနဲ့တင် မျောက်မီးခဲထိုင်မိသလို နေမထိထိုင်မထိဖြစ်နေတက်တဲ့လူပါ မကူညီနိုင်တော့ အဲ့ဒီဒေါသကကိုယ့်ဘာသာ လောင်ကျွမ်းနေမိရော



အခုတလောတွေးမိပါတယ် ငါကမိန်းမဖြစ်လာရမှာမဟုတ်ဘူး ယောကျင်္ားဖြစ်လာရမှာလို့ ကိုယ့်မှာမရှိမှန်းသိနေရဲ့သားနဲ့ တစ်ဖက်သားကိုဖြည့်ဆည်းပေးချင်တဲ့ စိတ်ကြီးပဲရှိနေတာကိုဗျ ( အမှန်ကကျွန်တော်လည်းမိန်းမတစ်ယောက်ပါ အားကိုးချင်တာပေါ့ဗျာ အရင်လိုစိတ်မျိုးနဲ့ မဖြစ်နိုင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့သတ္တိလုံးဝ မရှိပါဘူးဗျာ )



အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာပါ လက်ထဲပိုက်ဆံလုံးလုံးမရှိတော့မှ ပိုက်ဆံရှိတာ ဘယ်လောက်စိတ်ချမ်းသာမှန်း နားလည်သွားရတာ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာ ပေးစရာရှိတာတွေ ကုန်သွားတဲ့နေ့ရောက်ရင် ပိုက်ဆံစုတော့မယ်ဗျ ( အိမ်ကပိုက်ဆံကတော့ကျန်သေးတာပေါ့ဗျာ ) ပိုက်ဆံကဒုတိယဘုရားသခင်ဆိုတာ 2022 မှ တကယ်ယုံသွားတာခင်ဗျ



ဒီလလစာထုတ်ပြီး ပေးစရာရှိတာတွေပေးလိုက်ပြီးတဲ့အချိန်မှာ လက်ထဲ၆သောင်းကျော်ကျန်တယ်  ဖုန်းမှန်ကွဲနေတာနဲ့ ပလာဇာလေးခဏသွားပြီး ပိစိကွစိလေးတွေဝယ်လိုက်တာ ၃သောင်းကုန်သွားရော အပိုဆိုလို့ ၆,၅၀၀/- တန် အကျီတစ်ထည်ဝယ်လိုက်မိပါတယ် အဲ့ဒါတောင် ဖိနပ်အဖြူလေးတစ်ရံဝယ်ချင်တာ ဝယ်ခါနီး break မြန်သွားလို့ နောက်ဆိုရင် ၆သောင်းလုံး တစ်ရက်ထဲနဲ့ပလုံပြီး Bus ကားခတောင် အိမ်ကနေပြန်တောင်းသုံးနေရမှာ



ဒီလမှာ မွေးနေ့ရှိတော့ Arrow Shirt တစ်ထည်ဝယ်ပေးမယ်စိတ်ကူးထားတာပါဗျာ အခုကျတော့ မျက်ရည်ဝိုင်းယုံမှအပ မဝယ်ပေးနိုင်တော့ပါဘူးဗျာ စိတ်မကောင်းပေမယ့် ကျွန်တော့်မှာရှိမှမရှိတာကို စိတ်ဆင်းရဲမခံတော့ပါဘူးဗျာ နောက်နှစ်ကျမှ စိတ်ချမ်းသာသာနဲ့ ပေးတော့မယ်ဗျာ



(25.2.2022) က စပြီး ကိုယ်ရှိတာပဲကိုယ်သုံးတော့မယ်ဗျ နောက်ဆိုရင်လကုန်တာနဲ့ ကျွန်တော်မျက်ဖြူစိုက်ပါလေရော ပိုက်ဆံမရှိတော့လူကစိတ်ဓါတ်တွေကျပြီး ရောဂါပါဖြစ်ရော အရင်လိုလောဘလည်း မရှိတော့ပါဘူးဗျာ လက်ထဲမှာ ပိုက်ဆံ၁၀သိန်းလောက်စုမိရင်ကို ကျေနပ်ပါပြီဗျာ။



အသက်ရယ်


 

ကျွန်တော်ဘက်မှာ လက်ဖမိုးကြီးပဲ မြင်နေလို့မှမရတာ တခြားတစ်ဘက်မှာ လက်ဖဝါးဆိုတာကိုလည်း သိထားရမှာလေဗျာ။



" အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့ အပြုအစု အယုအယဟာ မင်းဘဝအတွက်တော့ မဖူလုံနိုင်သေးတယ်



အရှုံးနဲ့နှုတ်ဆက်နေစဉ် ကိုယ့်အတွေးများက တဝဲဝဲလည် မင်းနဲ့အရင်လိုဘဝမျိုး ရောက်ချင်တယ်



အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို ပြန်နေချင်သေးတယ် အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ်



ငိုနေချင်ပေမယ့်လည်း ရှိုက်သံ ရင်မှာမျိုသိပ်ကာ

အစဉ်သာရင်မှာ အမြဲတမ်းတနေမယ်



ဘဝလမ်းကြမ်းတဲ့ ကိုယ်လိုလူရဲ့ အတွေ့အထိ အစောင့်ရှောက်ဟာ မင်း နှလုံးသားက မလိုချင်ပြီပေါ့လေ




အပြုံးနဲ့ခွင့်လွှတ်နေစဉ် ကိုယ့်အသည်းများလည်း ကျွမ်းခဲ့ပြီ မင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်တယ် "




ကျွန်တော့်အနားမှာ ဘယ်သူမှမရှိတဲ့အချိန်မှာ blog အနားပြန်ရောက်လာပြန်ပြီဗျာ အရင်ကရော ဘယ်သူရှိခဲ့လည်းဆိုတာ ခင်ဗျားမေးလာခဲ့ရင်လည်း ကျွန်တော့်မှာ အဖြေမရှိပါဘူး 



ရှိခြင်း၊မရှိခြင်းဆိုတာက ကျွန်တော့်အတွက်ခံစားချက်သပ်သပ်ပါ  လူတစ်ယောက်အဖြစ်အနေနဲ့  ကျွန်တော့်အနားမှာ တည်ရှိဖို့ဆိုတာ ဒီဘဝမှာ တကယ်ကို မဖြစ်နိုင်တော့ပါဘူးဗျာ



ထားပါတော့ဗျာ ဆရာဆွန်ကျဲအို သီချင်းကိုပဲ ခံစားပါတော့မယ်



20% သာ ရှိနိုင်တဲ့လူတစ်ယောက်ဟာ 100% ရှိနေတဲ့ လူတစ်ယောက်အတွက် ဘာလုပ်ပေးနိုင်မှာလဲဗျာ 



အစထဲက အဖြေသိပြီးသား မေးခွန်းတစ်ခုကို ထပ်တလဲလဲမေးခဲ့တာ ယဉ်ယဉ်လေး ရူးနေခဲ့တာပါ



စိတ်ကူးဆိုတာ လက်တွေ့မဖြစ်လာနိုင်မှန်းသိပါတယ် ဒါကြောင့်မို့ တနေ့တော့ဆိုတာကိုလည်း လွှတ်ချထားလိုက်ပါတယ် 




အဲ့ဒီလိုမှ မလွှတ်ချခဲ့ရင် တမြေ့မြေ့လောင်ကျွမ်းသွားမှာပါ။



" အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ် "