ရာသီပြောင်းချိန် - စိုင်းထီးဆိုင် Myanmar Music HD

မသောက်ဘဲနဲ့ သူ့ဘာသာသတိရနေမိလို့ သတိရတာများပြေသွားမလားဆိုပြီး တင်ဖြစ်သွားတာပါ 


ရာသီပြောင်းချိန်နားထောင်လိုက်တော့ ပိုပြီးသတိရမိပြန်ရော 


ဖြစ်ပြီးရင်ပျက်ရမှာက ဓမ္မတာဖြစ်မြဲဆိုပေမယ့် ကျွန်တော်ကမှတရားမရနိုင်သေးတာဗျာ..


ဂရုစိုက်ပါ။


 

အစစအရာရာ ဂရုစိုက်ပါနော်။



အိပ်ယာနိုးတော့ ခင်ဗျား Wall ကို ဝင်ကြည့်ရင်းနဲ့ စိတ်ပူမိပြန်တယ် စိတ်ပူမိပေမယ့် စာပို့ရကောင်းနိုး မပို့ရင်ကောင်းနိုးနဲ့ စိတ်ရှုပ်နေမိပြန်တယ် ဒါပေမယ့်လည်း စာပို့မိလိုက်ပါတယ်



တစ်ယောက်ထဲနေတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ပူမိတာကိုတော့ ကျွန်တော်ဘာမှလုပ်လို့မရဘူးလေဗျာ ထားပါတော့ဗျာ



အစစအရာရာဂရုစိုက်ပါ ဘေးအန္တရာယ်ကင်းအောင်နေပေးပါ အများကြီးမဟုတ်ပါဘူး ခင်ဗျားဘေးအန္တရာယ်ကင်းရင် အကုန်လုံးအဆင်ပြေရင် ပြီးတာပါပဲ အဲ့ဒါဆိုရင် ကျွန်တော်အတွက့်အဆင်ပြေပါပြီ။




အချစ်ဦး - ငုဝါ ( Cover )




နောက်နှစ်ဒီအချိန်ရောက်ရင် အတိတ်တွေကို ကျွန်တော် အမှတ်တရရှိစေချင်လို့ပါ 



ကျွန်တော်အတွက် တချို့အတိတ်တွေက တကယ်ကိုတန်ဘိုးကြီးလွန်းပါတယ်။



အသည်းရဲ့ဒိုင်ယာရီ ကိုကိုအချစ်ဦး..

မွေးနေ့မှာပျော်ရွှင်ပါစေရှင်။



 

























🧡 Happy Birthday! 🧡

🍀 မွေးနေ့မှာပျော်ရွှင်ပါစေရှင်။ 🍀



စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း
နှင့်ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။


လိုအင်ဆန္ဒ တစ်လုံးတစ်ဝပြည့်စုံနိုင်ပါစေ
စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ။


ခလုပ်မထိ ဆူးမငြိပါစေနှင့် 
အသက်ရာကျော် ရှည်ပါစေ
အန္တရာယ်မျိုးတစ်ရာ့တစ်ပါး 
ရောဂါမျိုးကိုးဆယ့်ခြောက်ပါးမှ
ကင်းဝေး၍ အသက်အန္တရာယ်
ပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


စီးပွားဥစ္စာများ တိုးတက်အောင်မြင်ပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပါစေ။


နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
မိသားစုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော
လက်အောက်ငယ်သားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဗုဒ္ဓသာသနာအကျိုး သယ်ပိုးထမ်းဆောင်နိုင်သော
ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးနိုင်သော
ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ။


ဒုက္ခခပ်သိမ်း ငြိမ်းအေးရာအမှန်ဖြစ်တော်မူသော နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည့်ပုဂ္ဂိုလ်
ဖြစ်ပါစေ။

🙏🙏🙏


လာမယ့်နှစ်ကစပြီး မွေးနေ့တိုင်းမှာ မိသားစုနှင့်အတူတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ မွေးနေ့ကုသိုလ်အလှူဒါနတွေလည်း မိသားစုနှင့်အတူတကွ 
နှစ်စဥ်နှစ်တိုင်းကုသိုလ်ပြုနိုင်ပါစေ။

🧡🧡🧡🧡






လူ့ဘုံ


 

အဝတ်နှစ်စုံထည့်ထားတဲ့ ဂျတ်ခုတ်လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း ငါ့ပိုက်ဆံအိတ်လေး ခါးပိုက်နှိုက်ခံရရင်ပိုက်ဆံလက်ကျန်လေး ကုန်ပါပြီဆိုတဲ့အတွေးက တကယ်ကိုနှိပ်စက်ပါတယ် လူ့ဘဝရပြီဆိုတာနဲ့ဒုက္ခကတစ်သားတည်း ပါလာတယ်ဆိုတာ ကျွန်တော်သတိမေ့သွားရတာပါ..။




မနက့်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ငါအလုပ်ရှာရမယ်ဆိုတဲ့ စားဝတ်နေရေးအသိက လူကိုစပြီးနှိပ်စက်ပါတယ် လူရယ်လိုဖြစ်လာရတော့ လက်ရှိအချိန်မှာ ကျွန်တော့်အတွက် သေရေးထက်နေရေးကခက်ခဲနေပြန်ပြီ




အင်္ဂါနေ့ဆိုတော့ ဘုန်းဘုန်းလုပ်ခိုင်းတဲ့ ယတြာယာအတွက် ခွေးတွေကိုအစာ​ကျွေးဖို့ ဆိတ်ရိုး(၈၀)သားဝယ်ဖို့စျေးဘက်ထွက်လာတော့ မနက်၁၁နာရီကျော်နေပြီ အရင်ကာလဆိုရင် ဒီအချိန်မနက်ခင်းစျေးကွဲပြီဖြစ်ပေမယ့် ပြောင်းလည်းသွားတဲ့ခေတ်ကာလအခြေအနေအရ စျေးထဲမယ်စျေးသည်တွေရှိနေတုန်းပါပဲ




တို့စိမို့စိလေးတွေလိုက်ဝယ်ပြီးတော့ အိပ်ပြန်လာလိုက်တယ် နေပူမထိတာရက်အတော်ကြာပြီဖြစ်လို့ နေပူပူဒဏ်ကိုခံရတာအတော်ဆိုးပါတယ် ဘာမျှအဖြစ်မရှိတဲ့ကိုယ့်ဘာသာအပြစ်တင်လိုက်မိတယ်




ဆိတ်ရိုးတွေဆေးကြောသန့်စင်ပြီးတော့ ၁နာရီမီးအလာတည်ဖို့အတွက် ကြိုပြင်ဆင်ထားလိုက်တယ် 
၁နာရီလာတဲ့မီးက ၂နာရီမှာပျက်သွားတော့ နကိုကမျှအဖြစ်မရှိတဲ့သူဆိုတော့ အိပ်ယာထဲဖုန်းတစ်လုံးနဲ့ခွေနေမိရော




ညနေခင်းရောက်တော့ အိမ်အပြင်သွားခဲတဲ့မာတာမိခင်က ဖုန်းလှမ်းဆက်ပြီး ဦးလေးအငယ်ကျန်းမာရေးမကောင်းလို့ သားဘဲကိုဖုန်းဆက်ပါဆိုတော့ ရေမချိုးရသေးဘူး သားဘဲစီဖုန်းဆက်ပြီးတာနဲ့ ဝန်စည်စလယ်တွေမများချင်တော့ အဆင်သင့်တွေ့တဲ အဝတ်လွယ်အိတ်ထဲပဲ အဝတ်နှစ်စုံကောက်ထည့် သွားတိုက်တံ မျက်နှာသစ်ဆေး သနပ်ခါးဘူး အားသွင်းကြိုး အကုန်ထည့်ပြီးတော့ ကျန်းမာရေးဆိုတော့ လက်ထဲအရေးပေါ်ငွေလိုမှာစိုးလို့ သိမ်းထားတဲ့လက်ကျန်ငွေပိုက်ဆံအိတ်လေးပါ ကောက်ထည့်ရင်းဇစ်ပိတ်တော့ အိတ်ကအတော်လေးကြာပြီဖြစ်လို့ ဟောင်းနေပြီခိုင်ခန့်မှုလည်းည်းမရှိတော့တာသိလိုက်ပေမယ့် အချိန်ကြာမှာစိုးလို့အိတ်ထပ်မရှာတော့ဘဲ အိတ်မပြောင်းဘဲထွက်လာလိုက်တယ်




ကားဂိတ်ရောက်တော့ အလုပ်ဆင်းချိန်နီးနေပြီ ကားပေါ်မရောက်ခင်ထဲက ငါယူလာတဲ့အိတ်က မလုံမခြုံခါးပိုက်နှိုက်ခံရရင်တော့ လက်ကျန်ငွေလေးကုန်ပါပြီဆိုပြီး သောကတွေဖြစ်ရော ကားစီးရင် အိတ်ထဲအမြဲထည့်ထားတက်တဲ့ဖုန်းကိုတော့ လက်ထဲကိုင်ထားလိုက်တယ်




လူပြည့်နေတဲ့ကားပေါ်မှာ အိတ်ကိုရင်ဘက်ထဲမှာဘယ်ဘက်လက်တစ်ဖက်နဲ့ဖက်ထားပြီး ဖုန်းကိုပြုတ်ကျမှာစိုးလို့ ကျစ်ကျစ်ဆုပ်ထားလိုက်တယ် ပိုက်ဆံအိတ်ပျောက်မှာစိုးတဲ့သောကက မျက်နှာပေါ်မှာအတိုင်းသားပေါ်နေတယ်ထင်ပါတယ်ဗျာ ဗဟန်းနားရောက်တော့ ဘေးကအမျိုးသမီးကနေရာပေးထိုင်တယ်




အရင်ကဆိုရင် သူတစ်ပါးကိုဦးစားပေးတက်ပေမယ့်သောကကကြီးနေတော့ သူ့ကိုတောင်အားမနာနိုင်တော့ဘဲ ဝင်ထိုင်လိုက်မိပါတယ် နေရာရတာတောင် ငါနေရာမရခင် ပိုက်ဆံအိတ်ပါသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကမလျော့သွားဘူး အိတ်ကိုလည်းမဖွင့်ကြည့်ရဲဘူး ဇစ်နေရာကပြဲသွားပြီးတော့ ပြန်ပိတ်လို့မရရင် အခြေအနေပိုဆိုးသွားမှာလေ




(၃၄)ဒီဂရီ ကျော်ပူနေတဲ့နေပူအောက်မှာတောင် မျက်နှာမှာချွေးထွက်နေရမယ့်အစား ကိုယ့်အပူနဲ့ကိုယ်မှုန်မှိုင်းနေတာပါပဲ လမ်းနီမီးပွိုင့်မှာကားပိတ်နေတော့ အတွေးတွေကငြိမ်သွားပြီးတော့ ငါလူဖြစ်နေလို့ ဒီလိုဒုက္ခတွေခံစားနေရတာပါဆိုပြီး သံဝေဂရမိပါတယ်




လူရယ်လို့ဖြစ်လာထဲက လောကဓံရှစ်ပါးကို ရင်ဆိုင်ရမှာပါပဲ အဲ့ဒါကမလွဲမသွေခံရမှာပါ လူ့ဘဝကနေကင်းလွှတ်သွားလို့နိဗ္ဗာန်တက်လှမ်းနိုင်မှ မျက်မှောက်ပြုနိုင်မှ ဒီဒုက္ခတွေကင်းငြိမ်းနိုင်မှာပါ ကျွန်တော်လူဖြစ်ရကျိုးနပ်ဖို့ ဘာသာရေးကိုအများကြီး လိုက်နာကျင့်သုံးဖိုတကယ်ကိုလိုအပ်နေပြီဗျာ





ကားပိတ်နေရင်းနဲ့ ဘေးနားမှာလာရပ်တဲ့ Wagon ကားအရိပ်က မျက်စိဒေါင့်မှာပေါ်လာတော့ လုံးချင်းအိမ်ဝိုင်းနဲ့ ဇိမ်ခံကားပိုင်ဆိုင်ချင်စိတ်က ပေါ်လာရော အော် နင်တော်တော်တရားကျဖို့ကောင်းပါလား အခုလေးတင် ပိုက်ဆံအိတ်ပျောက်သွားပြီလားဆိုတဲ့ သောကတွေကြောင့် သံဝေဂရနေပြီးတော့ လူဘဝကြီးကိုစိတ်ကုန်နေတာမဟုတ်လား




လမ်းနီမီးပွိုင့်လွတ်သွားတာတောင် ကားလမ်းတွေပိတ်နေတော့ ၁၀၆မှတ်တိုင်အထိ ကားကတရွေ့ရွေ့သွားနေရရော အင်းယျားကန်ဘောင်ပေါ်က ဝေဝေဆာဆာပွင့်နေတဲ့စက္ကူပန်းပင်အပုုလေးတွေကို ငေးကြည့်ရင်းနဲ့ဘေးနားမှာထိုင်ပြီး ဓါတ်ပုံရိုက်ချင်လိုက်တာလို့တွေးမိပြန်ရော အော် နင်တစ်ယောက်လည်း သံဝေဂရလို့လည်းတော်ပါတော့တယ် များလိုက်တဲ့ လိုချင်တပ်မက်မှုတွေ




အဲ့ဒီအတွေးကနေတဆင့် ကိုယ့်ဘာသာသုံးသပ်မိပါတယ် ဒီအချိန်ဖြတ်ကနဲသေသွားခဲ့ရင်တောင် ကျွန်တော်ဘယ်ဘုံရောက်နိုင်မလည်း သေချာတာတစ်ခုကတော့ ကောင်းတဲ့ဘုံမရောက်နိုင်ပါဘူး မိဘကိုလုပ်ကျွေးတဲ့ကံလေးတစ်ခုပဲပါမှာလေဗျာ 




သောကတွေကိုဆုပ်ကိုင်ထားနေသမျှတော့ ကျွန်တော်ပူလောင်နေအုန်းမှာပါပဲ ဒါကြောင့်မို့လို့ ကျွန်တော်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ တရားမရခင်အချိန်လေးမှာ များပြားလွန်းလှတဲ့လိုအင်တပ်မက်မှုတွေကို ဥပက္ခာပြုပြီးတော့ ကျွန်တော်ရှင်သန်နေမှုကိုအများကြီးမတပ်မက်တော့ပါဘူး အချိန်အကြာကြီးလည်းမလိုချင်တော့ပါဘူး




ကျွန်တော့်ကိုကျွန်တော်တစ်လပဲ အသက်ရှင်မယ့်သူလိုပဲ သဘောထားလိုက်ပါတယ် လူတစ်ယောက်နေ့စဥ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကိုလုပ်နေရင်း ဘာသာတရားကိုအရင်ထက်ပိုပြီး သက်ဝင်ယုံကြည်ဖို့ပါပဲ




ခလုပ်ထိမှအမိတလို့ပဲဆိုချင်ဆိုပါစေ ကျွန်တော်ကတော့ လူဖြစ်ရတဲ့ဒုက္ခကြီးကိုတကယ်ကို တကယ်ကိုမလိုချင်တော့ပါဘူး လူ့ဘုံမှာလည်းနေရတာပျော်လို့ဝသွားပြီထင်ပါရဲ့ဗျာ အဲ့ဒါကြောင့်အေးချမ်းရာဖြစ်တဲ့ ဘာသာတရားအဆုံးအမတွေကိုပဲ အတက်နိုင်ဆုံး နှလုံးသွင်းပါတော့မယ်ခင်ဗျာ။

အဆင်ပြေပါစေ။

 



မနက်က ခင်ဗျားတင်ထားတဲ့ post ကိုဖက်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ် လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေတာကိုသိရတော့ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်..



အရင်ကစိတ်နဲ့ဆို စိတ်ပင်ပန်းနေတာသိတာနဲ့  အူယားဖားယားစာတွေပို့မိမှာဖြစ်ပေမယ့်လည်း အခုတော့ကျွန်တော်မပို့တော့ပါဘူး ကိုယ့်ကိုစည်းတားထားတဲ့လူတစ်ယောက် လျစ်လျှူရှုထားတဲ့လူတစ်ယောက်ကို ဒီထက်ပိုပြီး ဖက်တွယ်ဖို့မကြိုးစားတော့ပါဘူး အနှောက်အယှက်ဖြစ်စေမယ့် စာတွေလည်းမပို့တော့ပါဘူး ခင်ဗျားစိတ်ပင်ပန်းနေချိန်မှာ ကျွန်တော့်ခံစားချက်တွေ ထပ်ပြီးမပြောတော့ဘူးဗျာ



လူတွေအမြင်မှာ အကုန်လုံးပြည့်စုံနေတယ်ထင်ထားပေမယ့် ရတလိုနေရာမျိုးမှာ အကြာကြီးနေနေရတဲ့လူတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုဆိုတာ အများကြီးရှိမှာပေါ့ဗျာ



ခင်ဗျားအပြင် ရတမှာရောက်နေရတဲ့ အကုန်လုံးသော တပ်မတော်သားတွေအတွက် ညတိုင်းဘေးရန်ကင်းဖို့ဆုတောင်းပေးနေဆဲပါ မြန်မာပြည်ကြီးအမြန်ဆုံး ငြိမ်းချမ်းဖို့အတွက်ရောပေါ့ဗျာ



သူသူကိုယ်ကိုယ် လူရောစိတ်ရောအေးချမ်းမှုကိုပဲ လိုချင်ကြတဲ့သူတွေကြီးပါပဲ အကြောင်းတရားကြောင့်ဒီလိုတွေဖြစ်သွားတော့ မြန်မာပြည်ကလူတွေအကုန်လုံးမှာ တပ်မတော်သားတွေက အပင်ပန်းဆုံးလူတွေဖြစ်သွားရတာ နားလည်ပါတယ် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကိုလည်း ကိုယ်ချင်းစာပါတယ် သုံးနှစ်ကျော်ကာလကြီးဖြစ်နေပြီလေဗျာ



စိတ်ပင်ပန်းတဲ့အချိန်မှာ ဘာသာတရားကိုပဲ အာရုံထားပါနော် အကုန်လုံးအဆင်မပြေသေးရင်တောင် စိတ်ကလေးတခဏအေးချမ်းသွားတာပဲလေ စိတ်ကလေးအေးချမ်းတော့ လူပါတခဏငြိမ်းချမ်းရတာပါပဲ



ဘုန်းကြီးစာချနေတာမဟုတ်ပါဘူး စိတ်ပင်ပန်းနေတာကို သက်သာအောင်လို့ ပြောပြယုံသပ်သပ်ပါ ဒီအချိန်မှာကိုယ့်ကိုစိတ်ပင်ပန်းစေမယ့် သူတွေကိုရှောင် အထူးသဖြင့်ကျွန်တော့်လိုလူမျိုးပေါ့



ကိုယ့်ကိုစိတ်ချမ်းသာစေမယ့် သူမျိုးတွေနဲ့ပဲ စကားစမြည်ပြော စိတ်ပင်ပန်းစေမယ့် အကြောင်းအရာတွေတော့မပြောနဲ့ပေါ့ဗျာ



အချိန်ဆိုတာ အကောင်းဆုံးသမားတော်ပါ အချိန်တစ်ခုကြာသွားရင် အခုကိစ္စတွေကလည်း သူ့ဘာသာအနည်ထိုင်သွားမှာပါ




မြန်မာပြည်ကြီးအေးချမ်းသွားတဲ့တနေ့ မိသားစုနဲ့ခရီးတွေသွားပြီး စာတွေရေးပေါ့ဗျာ လူတစ်ယောက်အအေးချမ်းအချိန်က တရားဘာဝနာပွားများတဲ့အချိန်နဲ့ ခရီးသွားတဲ့အချိန်ပါ ကျွန်တော့်အတွက်ပေါ့ဗျာ




ခင်ဗျားလိုလူတစ်ယောက်အတွက် စိတ်ပင်ပန်းမှုဆိုတာ တခြားလူတွေထက်ပိုများတယ်ဆိုတာ နားလည်ပေမယ့်လည်း အဲ့ဒါကို အခိုက်အတန့်လို့ပဲလက်ခံထားလိုက်ပါ သန်းခေါင်ကျော်ရင် မိုးလင်းစမြဲပါ




ကျွန်တော်တို့က လူသားတွေဖြစ်ကြလို့ လောကဓံနဲ့ရင်ဆိုင်ရပြီး သန်းခေါင်ယံတွေကို တကွေ့မဟုတ်တကွေ့ကြုံတွေ့ရမှာပါပဲ သန်းခေါင်ကျော်ရင် မိုးလင်းသွားရတာဖြစ်လို့ မနက်ခင်းကိုပဲကြိုဆိုလိုက်ပါဗျာ




ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာပြည်ကြီးတနေ့တော့ စစ်မက်တွေအကုန်လုံးအေးချမ်းသွားပြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောမှာပါ ကျွန်တော်တို့အကုန်လုံးအတွက် မဝေးတဲ့တနေ့ရောက်လာတော့မှာပါဗျာ။






သမီး

 




ညနေ့က blog ဝင်ကြည့်ရင်းနဲ့ ၂၀၁၇ခုနှစ်က ရေးထားတဲ့ မယ်ရီမီဖတ်ရင်းနဲ့ တော်တော်ကြာကြာလေး ရယ်မိတယ် ကန်တော့ပါရဲ့ဗျာ အဲ့လိုသောက်တလွဲစာတွေလည်း ရေးခဲ့မိပါလားလို့ ကိုယ့်ဘာသာ ဟားနေမိတာဗျ..



ပြန်တော့မဖျက်ပါဘူးဗျာ အဲ့ဒီအတိတ်မှာရှိခဲ့တဲ့သူက လက်ရှိကျွန်တော်မှ မဟုတ်တော့တာ အခုလက်ရှိကျွန်တော်ကတော့ လက်ရှိအချိန်မှာဖြစ်နေတဲ့ ခံစားချက်ကို ထပ်ရေးဖြစ်တာပေါ့ဗျာ



သမီး ပုံက Google ကနေယူလာတာဖြစ်လို့ သားလားသမီးလားမခွဲတက်ပေမယ့် ကျွန်တော်ကတော့ သမီးရူး

ကလေးသေးသေးလေးတွေဆိုရင် အကုန်လုံးကိုချစ်တက်ပေမယ့် ကျွန်တော့်ရင်သွေးကိုတော့ သမီးလေးမွေးချင်တာ အခုအချိန်အထိတိုင် အဲ့ဒီစိတ်ကူးအိမ်မက်ကို တစ်ခါတလေတခုတ်တရကြီးကို မက်မိနေတုန်းပဲ




အသက်၄၀ကျော် ယောင်္ကျားမရှိတဲ့ မိန်းမတစ်ယောင်အတွက် ကလေးမွေးဖို့ဆိုတာ မအပ်မစပ်တွေပါဗျာ မွေးချင်တဲ့စိတ်ခံစားချက်လေးသာရှိပေမယ့်လည်း စင်ကယ်မားသားဘဝကိုတော့ ကျွန်တော်နည်းနည်းလေးမျှ မနှစ်သက်တာကတော့ အမှန်ပါဘဲ



ဒါပေမယ့် ခင်ဗျားနဲ့တူတဲ့ ကလေးသေးသေးလေး သမီးပေါက်စလေး မွေးချင်မိတာတော့ ကျွန်တော့်ရူးသွပ်မှုတစ်ခုပဲပေါ့ဗျာ ကျွန်တော့်ဘဝတစ်စိတ်တစ်ပိုင်းဆိုရင် ပိုမှန်ပါလိမ့်မယ်



တစ်ခါတလေ စိတ်ကူးအိမ်မက်ထဲက မိသားစုဘဝလေးမှာ သမီးလက်သေးသေးလေးတွေကို ဆုပ်ကိုင်ထားမိတာလည်း စိတ္တဇတစ်မျိုးပဲနေမှာပါ 



ဒါပေမယ့်လည်း ကျွန်တော်သမီးလေးလိုချင်မိတယ် ကျွန်တော့်ဗိုက်ထဲကနေ ခင်ဗျားနဲ့တူတဲ့ ကလေးသေးသေးလေး သမီးပေါက်စလေးမွေးချင်တယ် ဒါပါပဲဗျာ

စိတ်ကူးမိယုံပါပဲ



စိတ်ကူးယဥ်မိတာပါဗျာ အရမ်းကြီးမလန့်သွားပါနဲ့ ကျွန်တော်က ရုပ်ဝါဒီသမားတစ်ယောက်မဟုတ်တော့ ကိုယ့်စိတ်ကိုအဆင်ပြေအောင် ထွက်ပေါက်ပေးမိတာပါ



ကျွန်တော့်ဗိုက်ထဲကမဟုတ်တဲ့ ခင်ဗျားနဲ့တူတဲ့ သမီးလေးကိုချစ်ရတာလည်း ကျွန်တော့်ပျော်ရွှင်မှုတစ်မျိုးပါပဲ တစ်ခါတစ်လေ အဲ့ဒီကလေးကိုရင်ခွင်ထဲ ခဏလေးဖြစ်ဖြစ်ဖက်ထားကြည့်ချင်တယ် သူဘယ်လိုတုန့်ပြန်မလည်းဆိုတာကို ရင်တထိတ်ထိတ်နဲ့ပေါ့




ကျွန်တော်ဖြစ်ချင်တာတွေ စိတ်ကူးယဥ်နေမိတာပါဗျာ တကယ်ကိုမစိုးရိမ်ပါနဲ့ ခင်ဗျားနဲ့တူတဲ့ကလေးသေးသေးလေးမွေးဖို့ ကျွန်တော်လူရော မူရော အကုန်လုံးပေါင်းလဲမှရမှာဗျ



အမေတစ်ယောက်ဖြစ်ဖို့ ကျွန်တော့်အရည်အချင်းက ၈၀% လောက်ကို အများကြီးအများကြီး လိုပါသေးတယ်ဗျာ




မြန်မာပြည်ကြီးအေးချမ်းသွားတဲ့ တနေ့ကျရင် ခင်ဗျားလက်ကိုဆွဲပြီး တောင်တန်းတွေရှိတဲ့ဒေသစီ အလည်သွားချင်ပါသေးတယ် သမီးပေါက်စလေးကို ဗိုက်ထဲထည့်ပြီးတော့ပေါ့..




ချစ်သော Mimosa

 



mimosa aculeaticarpa သူ့နာမည် ကျွန်တော်ကတော့ mimosa လို့ပဲ သတ်မှတ်ထားပါတယ် မြန်မာနာမည် ထိကရုန်းနဲ့က mimosa နဲ့ပဲ လိုက်ဖက်တယ်လို့ ခံစားရမိလို့ပါ..



ထိကရုန်း သူ့ကိုထိလိုက်တာနဲ့ နာကျင်ရမှာစိုးလို့ သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်တဲ့ ဗီဇလေးက တကယ်ကို ကျွန်တော့်အတွက် အတုယူစရာပါ



ထိကရုန်းကိုချစ်တဲ့စိတ်က ကလေးဘဝထဲက ကိန်းအောင်းနေတာပါ ထိကရုန်းပင် အိပ် အိပ် မောင်ရင်လာတံခါးပိတ် ဆိုပြီး သူနာကျင်သွားမလား မတွေးခဲ့မိဘဲ အကြိမ်ပေါင်းများစွာ ကျွန်တော်ပျော်ရွှင်မှုအတွက် သူတို့လေးတွေကို ဆော့ကစားမိခဲ့ပါတယ်



တကယ်တန်းကျတော့ သူတို့လေးတွေ အိပ်တာမဟုတ်ဘဲ နာကျင်ခြင်းကို သဘာဝတရားပေးတဲ့ ကာကွယ်ခြင်းနဲ့ ကာကွယ်ခဲ့မှန်းမသိခဲ့ပါဘူးဗျာ



ဘုရားက သဘာဝတရားက လူသားအားလုံး သက်ရှိသက်မဲ့အရာအားလုံးကို လက်ဆောင်ကိုယ်စီ ပေးထားပြီးသားပါ mimosa လေးတွေကို ကာကွယ်ဖို့အတွက် ပေးထားသလိုပါပဲ



ရုပ်ဆိုးတဲ့အမျိုးသမီးဆိုရင် ခန္ဓာကိုယ်လေးပြေပြစ်မှုကို ပေးထားသလို ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့ အမျိုးသမီးတွေအတွက် လှပတင့်တယ်တဲ့ မျက်နှာကို ပေးထားပြန်တယ်



တခါတလေ ကျွန်တော်ဘာလို့ရုပ်ဆိုးလည်းလို့ တွေးမိတဲ့အချိန်အတိုင်း ဘုရားက ရုပ်လည်းဆိုး ခန္ဓာကိုယ်လည်း ပြည့်ဖြိုးနေရင် မတရားမှာစိုးလို့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေး ပေးထားပါတယ်ဆိုပြီး ကျေနပ်ရပြန်တယ်



mimosa တွေက လူတွေကတယုတယ အမြတ်တနိုး မစိုက်ပျိုးကျပေမယ့် သူတို့ခွန်အားနဲ့သူတို့ လှပစွာရှင်သန်နေကြတာလည်း ကျွန်တော်ချစ်ရတဲ့ အကြောင်းတရားပါပဲ



လူသားဖြစ်တဲ့ကျွန်တော်တောင် အဲ့လိုရှင်သန်နိုင်ဖို့ mimosa တွေစီကနေ သင်ယူရအုန်းမယ် မြန်မာပြည်ကြီး အေးချမ်းသွားတဲ့တနေ့မှာ ခရီးတွေသွားပြီး ကျွန်တော်ချစ်တဲ့ mimosa တွေနဲ့ ဘဝအကြောင်းတွေ တခုတ်တရပြောဖြစ်ပါမယ်



သူတို့ကိုချစ်တဲ့အကြောင်းနဲ့ ကျွန်တော်ဘဝအတွက် သင်ယူခဲ့ရတာတွေကိုပေါ့ဗျာ..။




ထိကရုံးပန်းပင်များ၏ မူလဇာတိနေရာမှာ ဘရာဇီးနိုင်ငံ ဖြစ်သည်။ မိုးခေါင်ခြောက်သွေ့ခြင်းကို သည်းခံနိုင်စွမ်းရှိသည့် အပင်ဖြစ်ပြီး မြေဆီလွှာ မြေဩဇာကောင်းမွန်ရန်မလိုအပ်သလို ရာသီဥတုအခြေအနေ ကိုလည်း သည်းခံနိုင်စွမ်းရှိသည့် အကြမ်းခံသည့် မြက်ရိုင်းပန်း အမျိုးအစားဖြစ်သည်။ 



ဆူးပါရှိသော သဘာဝကြောင့် နေရောင်ခြည်ကို နှစ်သက်ပြီး မြေဆီလွှာ၌ ရေဝပ်နေသည်ကို မနှစ်သက်တတ်ပေ။ မြက်ရိုင်းပန်းဖြစ်သည့်အတွက် ဂရုပြုမိသူနည်းပါးလှပြီး ဥယျာဉ်ခြံထဲမှာ အလှပန်းပင်အဖြစ် စိုက်ပျိုးသူ အနည်းငယ်မျှသာ ရှိသည်။ 



အထူးတလည် ဂရုစိုက်ရန် မလိုအပ်ခြင်းကြောင့် စိုက်ပျိုးသူကို အလုပ်ရှုပ် သက်သာစေပြီး အပွင့်ပန်းရောင် သေးသေးလေးများ များပြားစွာ ပွင့်ခြင်းကြောင့် ဥယျာဉ်မှူးကို ကျေနပ်နှစ်သက်စေသော ပန်းပင်ဖြစ်သည်။




ထိကရုံးပင်၏ အရွက်စိမ်းစိမ်းများသည် မိုးရေစက်ထိလျှင်သော်လည်းကောင်း၊ လေတိုက်လျှင်သော်လည်းကောင်း၊ လက်ဖြင့် ထိတို့မိလျှင်သော်လည်းကောင်း အရွက်များသာ ညှိုးလိပ်သွားသောကြောင့် အထိမခံသော အပင်ဟု လူတွေက ပြောဆိုသတ်မှတ်ကြသည်။ 


အရွက်ကိုစပြီးထိလိုက်သည့်နေရာမှ အစပြုကာ chain reaction ဖြစ်ပြီး တစ်ပင်လုံးကို ပြန့်နှံ့ သွားကာ တစ်ပင်လုံးရှိအရွက်များ တခဏအတွင်းမှာပဲ ညှိုးလိပ်သွားသည်။ 


အပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက် မှ ၈၀ ဒီဂရီဖာရင်ဟိုက် အတွင်းတွင် ထိုကဲ့သို့ chain reaction ဖြစ်ခြင်းသည် အမြန်ဆုံးဖြစ်သည်။ သို့သော်လည်း တခဏအတွင်းမှာပင် အရွက်များသည် မူလပုံ အသွင်သဏ္ဌာန်ကို ပြန်လည်ရောက်ရှိလာသည်။ 


ညနေစောင်းနေဝင်ချိန်များမှာလည်း ထိကရုံးဇာပင်၏ အရွက်များသည် ညှိုးလိပ်သွားပြီး ညဘက်အချိန်တွင် အိပ်တတ်သည့် အပင်ဖြစ်သည်။




ချစ်သော



 မနက်လင်းအားကြီးမှာ အိမ်မက်မက်တာနဲ့ပဲ စိတ်ပူပြီးတော့ အလုပ်မအားတဲ့သူကို စာတွေပို့မိပြန်ရော..



အဲ့ဒါနဲ့ပဲ မလုပ်သင့်တာတွေ လုပ်မိပြန်တယ် ခင်ဗျားကိုချစ်ရတာ ကြာလာလေ ကျွန်တော်ပိုပြီးတော့ ဆိုးလာလေသိလား


ခင်ဗျားဘက်က နည်းနည်းလေးခွင့်ပြုပေးလိုက်တာနဲ့ ကျွန်တော် စည်းလွတ်ဝါးလွတ် လုပ်မိပြန်ပြီ



နင်မလုပ်နဲ့လို့ တားမြစ်ထားတာတောင်မှ ချိုးဖောက်ပြီး လုပ်မိပြန်တယ် ဒီလောက်အချိန်အကြာကြီး မတွေ့ရ မမြင်ရတဲ့ အခြေအနေမှာတောင် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလို့မရပြန်ဘူး



မလုပ်ဖို့တားမြစ်ထားရက်နဲ့ နည်းနည်းလေးလွတ်သွားတာနဲ့  တားမြစ်ထားသမျှတွေအကုန် ရေစုန်မြောရပြန်ရော




ကျွန်တော်ကဝန်ခံရရင် လူကောင်းတစ်ယောက် မဟုတ်ပါဘူး လူကောင်းဆိုတာ မကောင်းတာကို မကျုးလွန်ဘူးလေ ကျွန်တော်ကသိရဲ့သားနဲ့ ကျုးလွန်မိနေတဲ့သူပါ



တခါတလေကျရင် ကိုယ့်ဘာသာကိုယ် ဆုံးမမိပါတယ် နင်ဘာလို့များ အဲ့လိုတွေလုပ်နေတာလည်း ရပ်တန်းကရပ်ပါတော့ဆိုပြီးတော့ ဒါပေမယ့်လည်း ဓမ္မက အဓမ္မကို မနိုင်ဘူးဖြစ်နေပြန်တယ်



မကောင်းမှုကို ကျုးလွန်နေတာလည်းသိတယ် မဖြစ်သင့်ဘူးဆိုတာလည်း နားလည်ထားတယ် ရပ်တန့်ဖို့လည်း ကြိုးစားနေမိတယ် ဒါပေမယ့်လည်း ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို ဖက်တွယ်နေမိတဲ့ စိတ်က ဒီနေ့ထိတိုင် ဘယ်လိုမှ တရားချလို့မရတော့ ကျွန်တော်ဘာတက်နိုင်မှာလည်းဗျာ



ကျွန်တော့်ကို ခင်ဗျားကို မတအားဖက်တွယ်နေမှန်းသိလို့ သနားပြီးသံယောဇဥ်ရှိတာကလွဲရင် မချစ်ဘူးဆိုတာလည်းသိတယ် တခြားမိန်းကလေးတွေလို မိန်းမတစ်ယောက်လို့ မသတ်မှတ်ဘူးဆိုတာလည်းသိတယ် 

ခင်ဗျားရဲ့အနာဂတ်ဘဝမှာ ကျွန်တော်မပါဘူးဆိုတာလည်း သိထားပါတယ်



အဲ့ဒါတောင် ခင်ဗျားကို ဖက်တွယ်မိနေတုန်းပါဗျာ



တခါတလေကျရင် စိတ်ရူးပေါက်ပြီး ငါ ယောင်္ကျားကောက်ယူလိုက်ရင် သူ့ကိုဖက်တွယ်တာတွေ ရပ်တန့်သွားမယ်လို့ ထင်မိပါတယ်



ဒါပေမယ့် လူတဖက်သားကို ရင်းနှီးကျွမ်းဝင်ဖို့က ဒီအသက်အရွယ်ထိတိုင် ကျွန်တော်သင်ယူဖို့ခက်ခဲတဲ့ ကိစ္စကြီးဖြစ်နေခဲ့တော့ တခြားလူတစ်ယောက်ကို ဖက်တွယ်မိရမယ့်အစား ခင်ဗျားကိုပဲ တိုးပြီးတော့ဖက်တွယ်မိပြန်ရော



မုန့်လုံးစက္ကူကပ်နေရတဲ့ဘဝပါ



အဆက်အသွယ်မလုပ်ဘဲနေရင် အနည်ထိုင်သွားပြီး ခင်ဗျားကို ဖက်တွယ်နေမိတဲ့စိတ်ကလေး လျော့သွားမလားဆိုတဲ့အတွေးနဲ့ တစ်လကိုးသတင်း ဒီအတိုင်းနေမိတယ် တချို့ကိစ္စတွေကြောင့် စိုးရိမ်စိတ် ပူပန်တဲ့စိတ်နဲ့ပဲ စာတွေပို့မိပြန်တယ် ပြီးရင် အရင်ကထက်ပိုပြီး တိုးပြီးတော့ ဖက်တွယ်မိပြန်တယ်




နောက်ဆုတ်ဖို့ကြိုးစားရင်း 

ရှေ့တိုးမိ



တကယ်တကယ်ပါ ရပ်တန့်ဖို့ကြိုးစားမိလိုက်ရင် အရင်ကထက်ပိုပြီး ဖက်တွယ်မိတယ် အရင်ကရင်းနှီးခဲ့တာထက် အများကြီး အများကြီး ပိုပြီးရင်းနှီးမိပြီးတော့ မိန်းမတန်မယ့် စည်းတွေ ဘောင်တွေ ကျော်မိပြန်ရော



တခါတလေကျရင် ဘုရားကို complain တက်မိတယ် တပည့်တော် အဲ့လောက်ချစ်တက်တာကို ဘာလို့များ မချစ်တက်တဲ့သူကို ဆုံတွေ့ခွင့်ပေးခဲ့တာလည်း ဆိုပြီးတော့



အမှန်က ခင်ဗျားလည်း နွေးထွေးတဲ့နှလုံးသားနဲ့ တကယ်ကို ချစ်တက်တဲ့သူတစ်ယောက်မှန်း ကျွန်တော်ခံစားမိပါတယ် မချစ်သင့်လို့ စောင့်ထိန်းရမှာဖြစ်လို့ စောင့်ထိန်းနေတဲ့သူပါ



တကယ်ဆိုရင် ကျွန်တော်ပြန်လာထဲက ခင်ဗျားကနေ လုံးလုံးကို အဆက်အသွယ်ဖြတ်သင့်လိုက်တာလေ အခုတော့ ၃နှစ်ဆိုတဲ့ အချိန်ကာလမှာ ကျွန်တော့်ခမျာ လင်တရူးမကြီးဖြစ်ရပြန်ရော



တချို့ရေစက်တွေက ဝဋ်ကြွေးပါလာလို့ နေမှာဗျ

ခင်ဗျား ကျွန်တော်နဲ့ဆုံတွေ့ရတာ ဝဋ်ကြွေးပဲနေမှာပါ ပြစ်ပြစ်ခါခါပြောလိုက်ရင်လည်း သနားတာနဲ့ မပြောရက် အဲ့ဒါနဲ့ပဲ ကျွန်တော်ဘက်ကနေ ပိုပြီးတော့ဖက်တွယ်မိလေ ခင်ဗျားလည်း အနေကြပ်လေဖြစ်နေရတာ



မနက်ကလို ကျွန်တော်ကို အလိုမလိုက်ပါနဲ့ ကျွန်တော်က ခင်ဗျားနည်းနည်းလေး အခွင့်အရေးပေးလိုက်တာနဲ့ ကုလားအုတ်လို ခေါင်းလေးကစပြီး တစ်ဘဝလုံး ခင်ဗျားစီဝင်လာမယ့်သူပါ



ကျွန်တော်ဘယ်လောက်ပဲ ခင်ဗျားကိုတပ်မက်နေပါစေ ဖက်တွယ်မိနေပါစေ ခင်ဗျားဘဝအတွက် အနှောက်အယှက်ဖြစ်မှာကိုတော့ နည်းနည်းလေးမျှ မကြိုက်ပါဘူး ဘယ်သောအခါမျှလည်း ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်ပြုမပေးပါဘူး



ခင်ဗျားဘဝလေး အေးချမ်းနေဖို့အတွက် ကျွန်တော်ဖက်တွယ်တာတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေမှာပါ ကျွန်တော်ချစ်တဲ့သူကို နည်းနည်းလေးမျှ မထိခိုက်စေချင်တာက ကျွန်တော့်မေတ္တာတရားပါ။



ခင်ဗျားအဆင်ပြေတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်နေသူပါဗျာ။



ရေးချင်တာရေးပြီးတော့ လွမ်းမိပြန်ပြီ 

မခက်ပြန်ဘူးလားဗျာ..

😰