ချစ်သော



 မနက်လင်းအားကြီးမှာ အိမ်မက်မက်တာနဲ့ပဲ စိတ်ပူပြီးတော့ အလုပ်မအားတဲ့သူကို စာတွေပို့မိပြန်ရော..



အဲ့ဒါနဲ့ပဲ မလုပ်သင့်တာတွေ လုပ်မိပြန်တယ် ခင်ဗျားကိုချစ်ရတာ ကြာလာလေ ကျွန်တော်ပိုပြီးတော့ ဆိုးလာလေသိလား


ခင်ဗျားဘက်က နည်းနည်းလေးခွင့်ပြုပေးလိုက်တာနဲ့ ကျွန်တော် စည်းလွတ်ဝါးလွတ် လုပ်မိပြန်ပြီ



နင်မလုပ်နဲ့လို့ တားမြစ်ထားတာတောင်မှ ချိုးဖောက်ပြီး လုပ်မိပြန်တယ် ဒီလောက်အချိန်အကြာကြီး မတွေ့ရ မမြင်ရတဲ့ အခြေအနေမှာတောင် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလို့မရပြန်ဘူး



မလုပ်ဖို့တားမြစ်ထားရက်နဲ့ နည်းနည်းလေးလွတ်သွားတာနဲ့  တားမြစ်ထားသမျှတွေအကုန် ရေစုန်မြောရပြန်ရော




ကျွန်တော်ကဝန်ခံရရင် လူကောင်းတစ်ယောက် မဟုတ်ပါဘူး လူကောင်းဆိုတာ မကောင်းတာကို မကျုးလွန်ဘူးလေ ကျွန်တော်ကသိရဲ့သားနဲ့ ကျုးလွန်မိနေတဲ့သူပါ



တခါတလေကျရင် ကိုယ့်ဘာသာကိုယ် ဆုံးမမိပါတယ် နင်ဘာလို့များ အဲ့လိုတွေလုပ်နေတာလည်း ရပ်တန်းကရပ်ပါတော့ဆိုပြီးတော့ ဒါပေမယ့်လည်း ဓမ္မက အဓမ္မကို မနိုင်ဘူးဖြစ်နေပြန်တယ်



မကောင်းမှုကို ကျုးလွန်နေတာလည်းသိတယ် မဖြစ်သင့်ဘူးဆိုတာလည်း နားလည်ထားတယ် ရပ်တန့်ဖို့လည်း ကြိုးစားနေမိတယ် ဒါပေမယ့်လည်း ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို ဖက်တွယ်နေမိတဲ့ စိတ်က ဒီနေ့ထိတိုင် ဘယ်လိုမှ တရားချလို့မရတော့ ကျွန်တော်ဘာတက်နိုင်မှာလည်းဗျာ



ကျွန်တော့်ကို ခင်ဗျားကို မတအားဖက်တွယ်နေမှန်းသိလို့ သနားပြီးသံယောဇဥ်ရှိတာကလွဲရင် မချစ်ဘူးဆိုတာလည်းသိတယ် တခြားမိန်းကလေးတွေလို မိန်းမတစ်ယောက်လို့ မသတ်မှတ်ဘူးဆိုတာလည်းသိတယ် 

ခင်ဗျားရဲ့အနာဂတ်ဘဝမှာ ကျွန်တော်မပါဘူးဆိုတာလည်း သိထားပါတယ်



အဲ့ဒါတောင် ခင်ဗျားကို ဖက်တွယ်မိနေတုန်းပါဗျာ



တခါတလေကျရင် စိတ်ရူးပေါက်ပြီး ငါ ယောင်္ကျားကောက်ယူလိုက်ရင် သူ့ကိုဖက်တွယ်တာတွေ ရပ်တန့်သွားမယ်လို့ ထင်မိပါတယ်



ဒါပေမယ့် လူတဖက်သားကို ရင်းနှီးကျွမ်းဝင်ဖို့က ဒီအသက်အရွယ်ထိတိုင် ကျွန်တော်သင်ယူဖို့ခက်ခဲတဲ့ ကိစ္စကြီးဖြစ်နေခဲ့တော့ တခြားလူတစ်ယောက်ကို ဖက်တွယ်မိရမယ့်အစား ခင်ဗျားကိုပဲ တိုးပြီးတော့ဖက်တွယ်မိပြန်ရော



မုန့်လုံးစက္ကူကပ်နေရတဲ့ဘဝပါ



အဆက်အသွယ်မလုပ်ဘဲနေရင် အနည်ထိုင်သွားပြီး ခင်ဗျားကို ဖက်တွယ်နေမိတဲ့စိတ်ကလေး လျော့သွားမလားဆိုတဲ့အတွေးနဲ့ တစ်လကိုးသတင်း ဒီအတိုင်းနေမိတယ် တချို့ကိစ္စတွေကြောင့် စိုးရိမ်စိတ် ပူပန်တဲ့စိတ်နဲ့ပဲ စာတွေပို့မိပြန်တယ် ပြီးရင် အရင်ကထက်ပိုပြီး တိုးပြီးတော့ ဖက်တွယ်မိပြန်တယ်




နောက်ဆုတ်ဖို့ကြိုးစားရင်း 

ရှေ့တိုးမိ



တကယ်တကယ်ပါ ရပ်တန့်ဖို့ကြိုးစားမိလိုက်ရင် အရင်ကထက်ပိုပြီး ဖက်တွယ်မိတယ် အရင်ကရင်းနှီးခဲ့တာထက် အများကြီး အများကြီး ပိုပြီးရင်းနှီးမိပြီးတော့ မိန်းမတန်မယ့် စည်းတွေ ဘောင်တွေ ကျော်မိပြန်ရော



တခါတလေကျရင် ဘုရားကို complain တက်မိတယ် တပည့်တော် အဲ့လောက်ချစ်တက်တာကို ဘာလို့များ မချစ်တက်တဲ့သူကို ဆုံတွေ့ခွင့်ပေးခဲ့တာလည်း ဆိုပြီးတော့



အမှန်က ခင်ဗျားလည်း နွေးထွေးတဲ့နှလုံးသားနဲ့ တကယ်ကို ချစ်တက်တဲ့သူတစ်ယောက်မှန်း ကျွန်တော်ခံစားမိပါတယ် မချစ်သင့်လို့ စောင့်ထိန်းရမှာဖြစ်လို့ စောင့်ထိန်းနေတဲ့သူပါ



တကယ်ဆိုရင် ကျွန်တော်ပြန်လာထဲက ခင်ဗျားကနေ လုံးလုံးကို အဆက်အသွယ်ဖြတ်သင့်လိုက်တာလေ အခုတော့ ၃နှစ်ဆိုတဲ့ အချိန်ကာလမှာ ကျွန်တော့်ခမျာ လင်တရူးမကြီးဖြစ်ရပြန်ရော



တချို့ရေစက်တွေက ဝဋ်ကြွေးပါလာလို့ နေမှာဗျ

ခင်ဗျား ကျွန်တော်နဲ့ဆုံတွေ့ရတာ ဝဋ်ကြွေးပဲနေမှာပါ ပြစ်ပြစ်ခါခါပြောလိုက်ရင်လည်း သနားတာနဲ့ မပြောရက် အဲ့ဒါနဲ့ပဲ ကျွန်တော်ဘက်ကနေ ပိုပြီးတော့ဖက်တွယ်မိလေ ခင်ဗျားလည်း အနေကြပ်လေဖြစ်နေရတာ



မနက်ကလို ကျွန်တော်ကို အလိုမလိုက်ပါနဲ့ ကျွန်တော်က ခင်ဗျားနည်းနည်းလေး အခွင့်အရေးပေးလိုက်တာနဲ့ ကုလားအုတ်လို ခေါင်းလေးကစပြီး တစ်ဘဝလုံး ခင်ဗျားစီဝင်လာမယ့်သူပါ



ကျွန်တော်ဘယ်လောက်ပဲ ခင်ဗျားကိုတပ်မက်နေပါစေ ဖက်တွယ်မိနေပါစေ ခင်ဗျားဘဝအတွက် အနှောက်အယှက်ဖြစ်မှာကိုတော့ နည်းနည်းလေးမျှ မကြိုက်ပါဘူး ဘယ်သောအခါမျှလည်း ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်ပြုမပေးပါဘူး



ခင်ဗျားဘဝလေး အေးချမ်းနေဖို့အတွက် ကျွန်တော်ဖက်တွယ်တာတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေမှာပါ ကျွန်တော်ချစ်တဲ့သူကို နည်းနည်းလေးမျှ မထိခိုက်စေချင်တာက ကျွန်တော့်မေတ္တာတရားပါ။



ခင်ဗျားအဆင်ပြေတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်နေသူပါဗျာ။



ရေးချင်တာရေးပြီးတော့ လွမ်းမိပြန်ပြီ 

မခက်ပြန်ဘူးလားဗျာ..

😰




No comments: