လူ့ဘုံ


 

အဝတ်နှစ်စုံထည့်ထားတဲ့ ဂျတ်ခုတ်လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း ငါ့ပိုက်ဆံအိတ်လေး ခါးပိုက်နှိုက်ခံရရင်ပိုက်ဆံလက်ကျန်လေး ကုန်ပါပြီဆိုတဲ့အတွေးက တကယ်ကိုနှိပ်စက်ပါတယ် လူ့ဘဝရပြီဆိုတာနဲ့ဒုက္ခကတစ်သားတည်း ပါလာတယ်ဆိုတာ ကျွန်တော်သတိမေ့သွားရတာပါ..။




မနက့်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ငါအလုပ်ရှာရမယ်ဆိုတဲ့ စားဝတ်နေရေးအသိက လူကိုစပြီးနှိပ်စက်ပါတယ် လူရယ်လိုဖြစ်လာရတော့ လက်ရှိအချိန်မှာ ကျွန်တော့်အတွက် သေရေးထက်နေရေးကခက်ခဲနေပြန်ပြီ




အင်္ဂါနေ့ဆိုတော့ ဘုန်းဘုန်းလုပ်ခိုင်းတဲ့ ယတြာယာအတွက် ခွေးတွေကိုအစာ​ကျွေးဖို့ ဆိတ်ရိုး(၈၀)သားဝယ်ဖို့စျေးဘက်ထွက်လာတော့ မနက်၁၁နာရီကျော်နေပြီ အရင်ကာလဆိုရင် ဒီအချိန်မနက်ခင်းစျေးကွဲပြီဖြစ်ပေမယ့် ပြောင်းလည်းသွားတဲ့ခေတ်ကာလအခြေအနေအရ စျေးထဲမယ်စျေးသည်တွေရှိနေတုန်းပါပဲ




တို့စိမို့စိလေးတွေလိုက်ဝယ်ပြီးတော့ အိပ်ပြန်လာလိုက်တယ် နေပူမထိတာရက်အတော်ကြာပြီဖြစ်လို့ နေပူပူဒဏ်ကိုခံရတာအတော်ဆိုးပါတယ် ဘာမျှအဖြစ်မရှိတဲ့ကိုယ့်ဘာသာအပြစ်တင်လိုက်မိတယ်




ဆိတ်ရိုးတွေဆေးကြောသန့်စင်ပြီးတော့ ၁နာရီမီးအလာတည်ဖို့အတွက် ကြိုပြင်ဆင်ထားလိုက်တယ် 
၁နာရီလာတဲ့မီးက ၂နာရီမှာပျက်သွားတော့ နကိုကမျှအဖြစ်မရှိတဲ့သူဆိုတော့ အိပ်ယာထဲဖုန်းတစ်လုံးနဲ့ခွေနေမိရော




ညနေခင်းရောက်တော့ အိမ်အပြင်သွားခဲတဲ့မာတာမိခင်က ဖုန်းလှမ်းဆက်ပြီး ဦးလေးအငယ်ကျန်းမာရေးမကောင်းလို့ သားဘဲကိုဖုန်းဆက်ပါဆိုတော့ ရေမချိုးရသေးဘူး သားဘဲစီဖုန်းဆက်ပြီးတာနဲ့ ဝန်စည်စလယ်တွေမများချင်တော့ အဆင်သင့်တွေ့တဲ အဝတ်လွယ်အိတ်ထဲပဲ အဝတ်နှစ်စုံကောက်ထည့် သွားတိုက်တံ မျက်နှာသစ်ဆေး သနပ်ခါးဘူး အားသွင်းကြိုး အကုန်ထည့်ပြီးတော့ ကျန်းမာရေးဆိုတော့ လက်ထဲအရေးပေါ်ငွေလိုမှာစိုးလို့ သိမ်းထားတဲ့လက်ကျန်ငွေပိုက်ဆံအိတ်လေးပါ ကောက်ထည့်ရင်းဇစ်ပိတ်တော့ အိတ်ကအတော်လေးကြာပြီဖြစ်လို့ ဟောင်းနေပြီခိုင်ခန့်မှုလည်းည်းမရှိတော့တာသိလိုက်ပေမယ့် အချိန်ကြာမှာစိုးလို့အိတ်ထပ်မရှာတော့ဘဲ အိတ်မပြောင်းဘဲထွက်လာလိုက်တယ်




ကားဂိတ်ရောက်တော့ အလုပ်ဆင်းချိန်နီးနေပြီ ကားပေါ်မရောက်ခင်ထဲက ငါယူလာတဲ့အိတ်က မလုံမခြုံခါးပိုက်နှိုက်ခံရရင်တော့ လက်ကျန်ငွေလေးကုန်ပါပြီဆိုပြီး သောကတွေဖြစ်ရော ကားစီးရင် အိတ်ထဲအမြဲထည့်ထားတက်တဲ့ဖုန်းကိုတော့ လက်ထဲကိုင်ထားလိုက်တယ်




လူပြည့်နေတဲ့ကားပေါ်မှာ အိတ်ကိုရင်ဘက်ထဲမှာဘယ်ဘက်လက်တစ်ဖက်နဲ့ဖက်ထားပြီး ဖုန်းကိုပြုတ်ကျမှာစိုးလို့ ကျစ်ကျစ်ဆုပ်ထားလိုက်တယ် ပိုက်ဆံအိတ်ပျောက်မှာစိုးတဲ့သောကက မျက်နှာပေါ်မှာအတိုင်းသားပေါ်နေတယ်ထင်ပါတယ်ဗျာ ဗဟန်းနားရောက်တော့ ဘေးကအမျိုးသမီးကနေရာပေးထိုင်တယ်




အရင်ကဆိုရင် သူတစ်ပါးကိုဦးစားပေးတက်ပေမယ့်သောကကကြီးနေတော့ သူ့ကိုတောင်အားမနာနိုင်တော့ဘဲ ဝင်ထိုင်လိုက်မိပါတယ် နေရာရတာတောင် ငါနေရာမရခင် ပိုက်ဆံအိတ်ပါသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကမလျော့သွားဘူး အိတ်ကိုလည်းမဖွင့်ကြည့်ရဲဘူး ဇစ်နေရာကပြဲသွားပြီးတော့ ပြန်ပိတ်လို့မရရင် အခြေအနေပိုဆိုးသွားမှာလေ




(၃၄)ဒီဂရီ ကျော်ပူနေတဲ့နေပူအောက်မှာတောင် မျက်နှာမှာချွေးထွက်နေရမယ့်အစား ကိုယ့်အပူနဲ့ကိုယ်မှုန်မှိုင်းနေတာပါပဲ လမ်းနီမီးပွိုင့်မှာကားပိတ်နေတော့ အတွေးတွေကငြိမ်သွားပြီးတော့ ငါလူဖြစ်နေလို့ ဒီလိုဒုက္ခတွေခံစားနေရတာပါဆိုပြီး သံဝေဂရမိပါတယ်




လူရယ်လို့ဖြစ်လာထဲက လောကဓံရှစ်ပါးကို ရင်ဆိုင်ရမှာပါပဲ အဲ့ဒါကမလွဲမသွေခံရမှာပါ လူ့ဘဝကနေကင်းလွှတ်သွားလို့နိဗ္ဗာန်တက်လှမ်းနိုင်မှ မျက်မှောက်ပြုနိုင်မှ ဒီဒုက္ခတွေကင်းငြိမ်းနိုင်မှာပါ ကျွန်တော်လူဖြစ်ရကျိုးနပ်ဖို့ ဘာသာရေးကိုအများကြီး လိုက်နာကျင့်သုံးဖိုတကယ်ကိုလိုအပ်နေပြီဗျာ





ကားပိတ်နေရင်းနဲ့ ဘေးနားမှာလာရပ်တဲ့ Wagon ကားအရိပ်က မျက်စိဒေါင့်မှာပေါ်လာတော့ လုံးချင်းအိမ်ဝိုင်းနဲ့ ဇိမ်ခံကားပိုင်ဆိုင်ချင်စိတ်က ပေါ်လာရော အော် နင်တော်တော်တရားကျဖို့ကောင်းပါလား အခုလေးတင် ပိုက်ဆံအိတ်ပျောက်သွားပြီလားဆိုတဲ့ သောကတွေကြောင့် သံဝေဂရနေပြီးတော့ လူဘဝကြီးကိုစိတ်ကုန်နေတာမဟုတ်လား




လမ်းနီမီးပွိုင့်လွတ်သွားတာတောင် ကားလမ်းတွေပိတ်နေတော့ ၁၀၆မှတ်တိုင်အထိ ကားကတရွေ့ရွေ့သွားနေရရော အင်းယျားကန်ဘောင်ပေါ်က ဝေဝေဆာဆာပွင့်နေတဲ့စက္ကူပန်းပင်အပုုလေးတွေကို ငေးကြည့်ရင်းနဲ့ဘေးနားမှာထိုင်ပြီး ဓါတ်ပုံရိုက်ချင်လိုက်တာလို့တွေးမိပြန်ရော အော် နင်တစ်ယောက်လည်း သံဝေဂရလို့လည်းတော်ပါတော့တယ် များလိုက်တဲ့ လိုချင်တပ်မက်မှုတွေ




အဲ့ဒီအတွေးကနေတဆင့် ကိုယ့်ဘာသာသုံးသပ်မိပါတယ် ဒီအချိန်ဖြတ်ကနဲသေသွားခဲ့ရင်တောင် ကျွန်တော်ဘယ်ဘုံရောက်နိုင်မလည်း သေချာတာတစ်ခုကတော့ ကောင်းတဲ့ဘုံမရောက်နိုင်ပါဘူး မိဘကိုလုပ်ကျွေးတဲ့ကံလေးတစ်ခုပဲပါမှာလေဗျာ 




သောကတွေကိုဆုပ်ကိုင်ထားနေသမျှတော့ ကျွန်တော်ပူလောင်နေအုန်းမှာပါပဲ ဒါကြောင့်မို့လို့ ကျွန်တော်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ တရားမရခင်အချိန်လေးမှာ များပြားလွန်းလှတဲ့လိုအင်တပ်မက်မှုတွေကို ဥပက္ခာပြုပြီးတော့ ကျွန်တော်ရှင်သန်နေမှုကိုအများကြီးမတပ်မက်တော့ပါဘူး အချိန်အကြာကြီးလည်းမလိုချင်တော့ပါဘူး




ကျွန်တော့်ကိုကျွန်တော်တစ်လပဲ အသက်ရှင်မယ့်သူလိုပဲ သဘောထားလိုက်ပါတယ် လူတစ်ယောက်နေ့စဥ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကိုလုပ်နေရင်း ဘာသာတရားကိုအရင်ထက်ပိုပြီး သက်ဝင်ယုံကြည်ဖို့ပါပဲ




ခလုပ်ထိမှအမိတလို့ပဲဆိုချင်ဆိုပါစေ ကျွန်တော်ကတော့ လူဖြစ်ရတဲ့ဒုက္ခကြီးကိုတကယ်ကို တကယ်ကိုမလိုချင်တော့ပါဘူး လူ့ဘုံမှာလည်းနေရတာပျော်လို့ဝသွားပြီထင်ပါရဲ့ဗျာ အဲ့ဒါကြောင့်အေးချမ်းရာဖြစ်တဲ့ ဘာသာတရားအဆုံးအမတွေကိုပဲ အတက်နိုင်ဆုံး နှလုံးသွင်းပါတော့မယ်ခင်ဗျာ။

No comments: