ချစ်သော Mimosa

 



mimosa aculeaticarpa သူ့နာမည် ကျွန်တော်ကတော့ mimosa လို့ပဲ သတ်မှတ်ထားပါတယ် မြန်မာနာမည် ထိကရုန်းနဲ့က mimosa နဲ့ပဲ လိုက်ဖက်တယ်လို့ ခံစားရမိလို့ပါ..



ထိကရုန်း သူ့ကိုထိလိုက်တာနဲ့ နာကျင်ရမှာစိုးလို့ သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်တဲ့ ဗီဇလေးက တကယ်ကို ကျွန်တော့်အတွက် အတုယူစရာပါ



ထိကရုန်းကိုချစ်တဲ့စိတ်က ကလေးဘဝထဲက ကိန်းအောင်းနေတာပါ ထိကရုန်းပင် အိပ် အိပ် မောင်ရင်လာတံခါးပိတ် ဆိုပြီး သူနာကျင်သွားမလား မတွေးခဲ့မိဘဲ အကြိမ်ပေါင်းများစွာ ကျွန်တော်ပျော်ရွှင်မှုအတွက် သူတို့လေးတွေကို ဆော့ကစားမိခဲ့ပါတယ်



တကယ်တန်းကျတော့ သူတို့လေးတွေ အိပ်တာမဟုတ်ဘဲ နာကျင်ခြင်းကို သဘာဝတရားပေးတဲ့ ကာကွယ်ခြင်းနဲ့ ကာကွယ်ခဲ့မှန်းမသိခဲ့ပါဘူးဗျာ



ဘုရားက သဘာဝတရားက လူသားအားလုံး သက်ရှိသက်မဲ့အရာအားလုံးကို လက်ဆောင်ကိုယ်စီ ပေးထားပြီးသားပါ mimosa လေးတွေကို ကာကွယ်ဖို့အတွက် ပေးထားသလိုပါပဲ



ရုပ်ဆိုးတဲ့အမျိုးသမီးဆိုရင် ခန္ဓာကိုယ်လေးပြေပြစ်မှုကို ပေးထားသလို ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့ အမျိုးသမီးတွေအတွက် လှပတင့်တယ်တဲ့ မျက်နှာကို ပေးထားပြန်တယ်



တခါတလေ ကျွန်တော်ဘာလို့ရုပ်ဆိုးလည်းလို့ တွေးမိတဲ့အချိန်အတိုင်း ဘုရားက ရုပ်လည်းဆိုး ခန္ဓာကိုယ်လည်း ပြည့်ဖြိုးနေရင် မတရားမှာစိုးလို့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေး ပေးထားပါတယ်ဆိုပြီး ကျေနပ်ရပြန်တယ်



mimosa တွေက လူတွေကတယုတယ အမြတ်တနိုး မစိုက်ပျိုးကျပေမယ့် သူတို့ခွန်အားနဲ့သူတို့ လှပစွာရှင်သန်နေကြတာလည်း ကျွန်တော်ချစ်ရတဲ့ အကြောင်းတရားပါပဲ



လူသားဖြစ်တဲ့ကျွန်တော်တောင် အဲ့လိုရှင်သန်နိုင်ဖို့ mimosa တွေစီကနေ သင်ယူရအုန်းမယ် မြန်မာပြည်ကြီး အေးချမ်းသွားတဲ့တနေ့မှာ ခရီးတွေသွားပြီး ကျွန်တော်ချစ်တဲ့ mimosa တွေနဲ့ ဘဝအကြောင်းတွေ တခုတ်တရပြောဖြစ်ပါမယ်



သူတို့ကိုချစ်တဲ့အကြောင်းနဲ့ ကျွန်တော်ဘဝအတွက် သင်ယူခဲ့ရတာတွေကိုပေါ့ဗျာ..။




ထိကရုံးပန်းပင်များ၏ မူလဇာတိနေရာမှာ ဘရာဇီးနိုင်ငံ ဖြစ်သည်။ မိုးခေါင်ခြောက်သွေ့ခြင်းကို သည်းခံနိုင်စွမ်းရှိသည့် အပင်ဖြစ်ပြီး မြေဆီလွှာ မြေဩဇာကောင်းမွန်ရန်မလိုအပ်သလို ရာသီဥတုအခြေအနေ ကိုလည်း သည်းခံနိုင်စွမ်းရှိသည့် အကြမ်းခံသည့် မြက်ရိုင်းပန်း အမျိုးအစားဖြစ်သည်။ 



ဆူးပါရှိသော သဘာဝကြောင့် နေရောင်ခြည်ကို နှစ်သက်ပြီး မြေဆီလွှာ၌ ရေဝပ်နေသည်ကို မနှစ်သက်တတ်ပေ။ မြက်ရိုင်းပန်းဖြစ်သည့်အတွက် ဂရုပြုမိသူနည်းပါးလှပြီး ဥယျာဉ်ခြံထဲမှာ အလှပန်းပင်အဖြစ် စိုက်ပျိုးသူ အနည်းငယ်မျှသာ ရှိသည်။ 



အထူးတလည် ဂရုစိုက်ရန် မလိုအပ်ခြင်းကြောင့် စိုက်ပျိုးသူကို အလုပ်ရှုပ် သက်သာစေပြီး အပွင့်ပန်းရောင် သေးသေးလေးများ များပြားစွာ ပွင့်ခြင်းကြောင့် ဥယျာဉ်မှူးကို ကျေနပ်နှစ်သက်စေသော ပန်းပင်ဖြစ်သည်။




ထိကရုံးပင်၏ အရွက်စိမ်းစိမ်းများသည် မိုးရေစက်ထိလျှင်သော်လည်းကောင်း၊ လေတိုက်လျှင်သော်လည်းကောင်း၊ လက်ဖြင့် ထိတို့မိလျှင်သော်လည်းကောင်း အရွက်များသာ ညှိုးလိပ်သွားသောကြောင့် အထိမခံသော အပင်ဟု လူတွေက ပြောဆိုသတ်မှတ်ကြသည်။ 


အရွက်ကိုစပြီးထိလိုက်သည့်နေရာမှ အစပြုကာ chain reaction ဖြစ်ပြီး တစ်ပင်လုံးကို ပြန့်နှံ့ သွားကာ တစ်ပင်လုံးရှိအရွက်များ တခဏအတွင်းမှာပဲ ညှိုးလိပ်သွားသည်။ 


အပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက် မှ ၈၀ ဒီဂရီဖာရင်ဟိုက် အတွင်းတွင် ထိုကဲ့သို့ chain reaction ဖြစ်ခြင်းသည် အမြန်ဆုံးဖြစ်သည်။ သို့သော်လည်း တခဏအတွင်းမှာပင် အရွက်များသည် မူလပုံ အသွင်သဏ္ဌာန်ကို ပြန်လည်ရောက်ရှိလာသည်။ 


ညနေစောင်းနေဝင်ချိန်များမှာလည်း ထိကရုံးဇာပင်၏ အရွက်များသည် ညှိုးလိပ်သွားပြီး ညဘက်အချိန်တွင် အိပ်တတ်သည့် အပင်ဖြစ်သည်။




No comments: