မျှော်လင့်ခြင်း

လွမ်းတယ်တဲ့
တကယ်ကို ဟာသပဲ
သူလည်း မသိ
ကိုယ့်အတွက်လည်း
အကျိုးမရှိဘဲ
တစ်ခါမှလည်း
ပိုင်ဆိုင်ဖူးခြင်း
မရှိခဲ့တဲ့
တစ်ကြိမ်မှလည်း
လှစ်ဟခွင့် မရလိုက်တဲ့
တို့နှစ်ယောက်ရဲ့
အုံ့ပုန်းချစ်တွေအတွက်
အချိန်နဲ့ အမျှပဲ
ငါ့အသည်းတွေ ကြေကွဲ။

မချူခင် ကမ်းလင့်
အလိုက်သင့်တဲ့
ပန်းတစ်ပွင့်အတွက်
နင့်တစ်သက်စာ
နှလုံးသားပါ
ပုံအောလိုက်ပေမယ့်
တိတ်တခိုးရှိနှင့်
ဖူးပွင့်ခွင့် မရလိုက်တဲ့
ငါ့အချစ်တွေ အတွက်
ဒဏ်ရာတွေ ရင်မှာသိမ်း
မာနနဲ့ ထိန်းရင်း
ဘယ်သူမှ မသိအောင်
မိုးတွေ စွေခဲ့တာ
သံလွင်မြစ်တောင်
ရေတွေ တိုးနေပြီပေါ့။

ပိုင်ဆိုင်သူ ရှိသွားတဲ့
ပုံရိပ်တစ်ခုကို
အမြဲ တမ်းတနေမိတာ
အဒိန္နာဒါနာကံ
ထိုက်မယ် ဆိုရင်တောင်
ချိုမြိန်တဲ့ အကုသိုလ်လို
ပိုးဖလံမျိုး မီးကိုတိုးလို့
မင်းပုံရိပ်လေးတောင်
ဖျောက်ဖျက်မရအောင်
စွဲလမ်းခဲ့သူပါ။

ကမ္ဘာတွေ
သင်္ချာ သင်္ချေလို့
နောင်သံသရာ
ရှည်ဦးမှာဖြင့်
နောင်များ ဘ၀မှာလည်း
မင်း ကိုယ်ပွားလေး
မဖြစ်ခဲ့ရင်တောင်မှ
မင်း အရိပ်လေးအဖြစ်
ရှိနေခဲ့ချင်သူပါ။

နန်းကြာဖြူ၊ဘားအံ၊
(ဖူးငုံ မဂ္ဂဇင်း - ဩဂုတ်၊ ၂၀၁၀)

No comments: