ကဗျာ

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ရောက်နေပါလျက် ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်း၀င်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။


နွယ်အရိပ်


တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။

လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။

ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်

တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....
ကာလ ဘယ်လောက်ကြာကြာ...။


ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။

မောင်စိန်ဝင်း

No comments: