ဘဝတစ်ကွေ့


 


ဒီအချိန်ကာလကြီးမှာ အကုန်လုံးခက်ခဲနေတာ အဆင်မပြေကြတာ နားလည်ပါတယ် ဒါပေမယ့်တချို့အခက်အခဲတွေက ကျွန်တော်ရေးပြဖို့အတွက် စကားလုံးမရှိတာပါ..



အလုပ်မရှိတာ ၇လဆိုတော့ မိဘနဲ့အစ်မကမငြိုငြင်ပေမယ့် တစ်ချို့တွေကငြိုငြင်လာတယ် အလုပ်မရှိတဲ့လူတစ်ယောက်ရဲ့သိမ်ငယ်မှုက အဲ့ဒီလူကလွဲရင်ဘယ်သူမျှ မသိနိုင်ပါဘူးဗျာ



မနေ့ညက အဝတ်အစားတွေအကုန်လုံး ထုတ်ပိုးပြီးတော့ ဒီနေ့မှာမြစ်ကြီးနားကိုသွားဖို့အတွက် ပြင်ဆင်ခဲ့တာပါ မြစ်ကြီးနားကားလက်မှတ်တွေ ရှာမရတော့မှ မြစ်ကြီးနားဂရုတွေဝင်ကြည့်တော့ လေကြောင်းသာအဆင်ပြေတာတဲ့



ကျွန်တော့်မှာခြစ်ကုတ်ထားတဲ့ပိုက်ဆံက လေယာဥ်လက်မှတ်တစ်ကြောင်းစာတောင်မရှိတော့ ဟိုရောက်ရင်နေထိုင်ဖို့နဲ့အလုပ်ရှာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ



အဲ့ဒါနဲ့အလုပ်ရှာတဲ့ဂရုတွေဝင်ကြည့်တော့ ဆယ်ခုမှာကိုးခုကအလိမ်အညာတွေ မှန်ကန်တဲ့တစ်ခုကျတော့ အသက်ကြီးလို့အလုပ်မရပြန်ဘူး တစ်ညလုံးမြစ်ကြီးနားသွားဖို့နဲ့အလုပ်ရှာရင်းနဲ့ မိုးလင်းသွားရပြန်ပါတော့



မြစ်ကြီးနဲ့သွားဖို့ကိုတော့ အဆင်မပြေဘူးဆိုတော့ စိတ်ဒုံးဒုံးချလိုက်ပါတယ် ဒီနေ့လည်းအလုပ်ရှာတဲ့ဂရုတွေကြည့်ရင်းနဲ့ အဲ့ဒါကလည်းအဆင်မပြေဘူးဆိုတာ နားလည်သွားပါတယ် ထိုင်နေ့လို့ဘာမှဖြစ်လာမှာမဟုတ်တော့ အလုပ်လုပ်ဖို့အတွက်ပဲ အားထုတ်ရတော့မယ်



တနေကုန်ဘာလုပ်ရမလည်း ရှိသမျှဂရုတွေဝင်ကြည့်တော့လည်း အရင်းအနှီးပိစိလောက်နဲ့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့က ဘယ်လိုမျှမဖြစ်နိုင်ဘူးလေ အဲ့ဒါနဲ့ ၃၇လမ်းက စာအုပ်တွေဘက်ရောက်သွားတယ် စာအုပ်တွေဝယ်ပြီးရောင်းမယ် စာဖတ်တာသဘောကျတဲ့ ကျွန်တော်လည်းစာဖတ်နိုင်မယ်  စာအုပ်တွေလည်းရောင်းနိုင်မယ် မြို့တွင်းဆိုလိုင်းကားခဖိုးနဲ့ ကိုယ်တိုင်သွားပို့ပေးမယ်  ဒါပေမယ့် အဲ့ဒီဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်ဖို့ကျတော့မလွယ်ပြန်ဘူး



အဲ့ဒီတော့ ခြစ်ကုတ်ချန်ထားတဲ့ပိုက်ဆံနဲ့ အသိအစ်မတို့စျေးမှာ စျေးရောင်းဖို့ကြိုးစားကြည့်ရမယ် စျေးရောင်းဖို့အဆင်မပြေမှ တိုက်အောက်ကလှေကားခွင်မှာ အိမ်ဆိုင်သေးသေးလေးဖွင့်ကြည့်မယ် ယိုးဒယားမုန်တွေရောင်းကြည့်မယ် အရင်းအနှီးကအတော်လေးနည်းပေမယ့်လည်း လုပ်ကြည့်ရမှာပဲလေ



ထိုင်နေလို့တော့ ဘာမှမဖြစ်လာတာထက်စာရင် တစ်ခုခုလုပ်လို့ မဖြစ်လာရင်တောင်မှ အရှုံးထဲကအမြတ်ဖြစ်တော့ စိတ်အားငယ်တာက အနည်းငယ်သက်သွားနိုင်မယ်ထင်ပါတယ် ဘဝအချိုးအကွေ့တွေက ကြမ်းတမ်းတာမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်က ချိနဲ့နေတယ်ဆိုတာ နားလည်ပါတယ်



အမေရိကန် DV လည်း တင်ဖို့ဆုံးဖြတ်ထားတယ် ကံကောင်းခဲ့လို့  DV ပေါက်ခဲ့ရင် ဟိုမှာအလုပ်သွားလုပ်မယ် သူများတွေကတော့ အမေရိကားမှာနေဖို့အတွက် DV တင်ကြတာဖြစ်ပေမယ့် ကျွန်တော်ကတော့ ပိုက်ဆံမရှိလို့ အလုပ်မရှိလို့ DV တင်ရတာပါ



လူကြီးသူမတွေပြောသလို

သန်းခေါင်ထက် ညမနက်နိုင်တော့ပေမယ့် ညနက်ထဲမှာနေရတာကြာတော့ မနက်လင်းရောင်ခြည်ကို မြင်ချင်တာ ကျွန်တော့်ဆန္ဒပါ ရောင်နီလာဖို့လည်း တကယ်ကိုဆုတောင်းမိပါတယ်



တင်ထားတဲ့ပုံက ဒီညနေအဖေ့ညီဝမ်းကွဲ ဦးမျိုးနဲ့အန်တီချိုက တကူးတကလာကန်တော့ရင်း တူ၊တူမတွေနဲ့ မြေးတွေကို မုန့်ဖိုးပေးသွားတာ ဒီနှစ်သီတင်းကျွတ်မုန့်ဖိုးရလို့ တကယ်ကိုပျော်မိပါတယ် စိတ်ဓါတ်ကျနေတဲ့အချိန်မှာ ကျွန်တော့်ကိုအားပေးနှစ်သိမ့်သွားလို့လည်း ကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာ။


🙏🙏🙏

No comments: