ငယ်ဘ၀အမှတ်တရများ။ (၁)



မူကြိုမှာနားခဲ့တဲ့အဆက်ပါ ကျောင်းတက်တော့ အမက (၁၂) မှာစတက်ရတယ်။ အမေ့ကိုတော့ ကျောင်းကဆရာဆရာမတွေကခင်ကြတယ် အလှူဆိုလက်မနှေးလို့ပါ ပြီးတော့အိမ်မှာက ၀င်ထွက်နေကြလေ။
ဒါပေမယ့်အဖေရောအမေပါ မျက်နာသာမပေးခိုင်းဘူး။ မမကတော့ကျောင်းမှာစံပြ နှစ်တိုင်းပထမပဲ ကျွန်တော်ကတော့ တတိယတောင် တော်တော်ထိန်းရတယ်။ မမက၀ီရိယကောင်းတယ် ကျွန်တော်ကပျင်းတယ် ခုချိန်ထိပျင်းတုန်း စာမေးပွဲဆို ဇန်န၀ါရီလောက်မှစာစကြည့်တာ အဲ့ဒီအကျင့်က ၁၀တန်းအထိ အကျင့်ပါသွားရော သူများတွေပြန်နွေးတဲ့အချိန်မှ ကျွန်တော်ကစပြီးစာကြည့်တယ်။
  
ညဏ်ကောင်းတော့အထင်ကြီးတယ် ငါအောင်မှာပဲဆိုပြီး အဲ့ဒီစိတ်က တော်တော်လေးလွဲခဲ့ပါတယ်။ မမနဲ့ကအထက်အောက်ပေမယ့် အကုန်မတူဘူး စရိုက်လဲကွာတယ် သူကမာနကြီးပေမယ့် လူဝင်ဆံတယ် ကျွန်တော်ကမာနမကြီးပေမယ့် ပြန်မပြောနားမထောင်။ ငယ်ငယ်ကပြည်ထောင်စုနေ့ဆို ကျိုက္ကဆံကွင်းမှာ အခမ်းအနားရှိတယ် အလံကအဲဒီမှာနားတာလေ အဖေကအမြဲလိုက်ပို့တယ်။ အဖေကသူ့ကလေးတွေကို အရမ်းဂရုစိုက်တာလေ သူတက်နိုင်တဲ့အတိုင်းအတာ အမြင့်ဆုံးမှာထားခဲ့တာပါ ခုအချိန်အထိပါပဲ။ 

အဲ့ဒီတော့ ကျွန်တော်ကဆိုးတယ်ကွာ။ အဘိုးတို့အဘွားတို့က စည်းကမ်းအရမ်းရှိတာ အဖေတို့ငယ်ငယ်က ဘယ်မှမသွားခဲ့ရဘူးလေ။ ပြည်ထောင်စုခန်းမမှာ မြန်မာတစ်ပြည်လုံး architecture ပြထားတာလေ လမ်း၊ တံတား အစုံပေါ့။ အဖေကမမြင်ရမှာစိုးလို့ အပေါ်တင်ပေးထားတယ် ကျွန်တော်ကဖြတ်သွားသမျှ ကားရုပ်တွေကိုအကုန် ယူထားတာ အမေကဆူတာပေါ့နော် မလုပ်ရဘူးလို့ အဖေကဘာမှမပြောဘူး ကျွန်တော်ယူသမျှကားတွေ ပြန်ချပေးတယ် ပျော်တာပေါ့နော်။ ကားတွေကဖြတ်သွားလိုက် ကျွန်တော်ကဖမ်းထားလိုက်နဲ့ ငယ်ဘ၀ကတော်တော်လေး အပြစ်ကင်းတာ ဆော့ချင်တာတစ်ခုပဲသိတယ် ဘာမှမရှိခဲ့ပါဘူး။

ခုတော့မတူတော့ဘူးလေ စနေ၊ တနင်္ဂနွေ ဆိုတစ်ရက်ရက်အပြင်ထွက်လည်တယ် ဘုရားတက်တယ် လမ်း၃၀မှာထမင်းစားရင်စား မစားရင်ကရ၀ိတ်မှာသွားစားတယ် အချိုပွဲက cake ချပေးတာလေ ကျွန်တော်က cream တွေအကုန်စားတယ် မုန့်သားကိုမစားဘူး အမေကနှမြောတာပေါ့ အကုန်ရှင်းရမှာလေ အဖေကပြောတယ် ကလေးပဲတဲ့ အဲ့လိုအလိုလိုက်တာ နေမကောင်းဘူးဆိုရင် ဆေးခန်းကပြန်လာတာနဲ့ အရုပ်ဝယ်ပေးနေကြ။ အော်...ပြန်ရောက်ချင်လိုက်တာ ငယ်ဘ၀ကိုလေ။

ကျွန်တော်ပထမတန်းဖြေပြီးတော့ အဖေမြစ်ကြီးနားကိုပြောင်းရတယ် အဖေကမခေါ်ချင်ဘူး ဟိုမှာကမဖွံ့ဖြိုးဘူးလေ အစစအရာရာ နောက်ကျကျန်နေတာ အမေကလည်းကလေးတွေနဲ့ဆိုတော့ မလိုက်ချင်ဘူး အဘိုးတို့အဘွားတို့က တပ်ထဲမှာနေစေချင်တယ် ခုနေတဲ့အိမ်ကိုလူငှားတင်ခိုင်းတယ်လေ။ ကျွန်တော်တို့လဲလိုက်သွားတယ် ကျွန်တော်ကတော့ ကလေးပီပီခရီးထွက်ရတာပျော်တာပေါ့။ အဘွားက သူ့မြေးအကြောင်းသိတယ် အမေ့ကိုမှာတယ် ကလေးတွေကိုမြစ်ထဲဆင်းပြီး ရေမချိုးခိုင်းနဲ့တဲ့ အိမ်မှာပဲချိုးခိုင်းတဲ့။ 

ရောက်ပြီး ၃ ရက်လောက်နေရော အဖေရေချိုးတော့ ညီအစ်မ ၂ ယောက်လိုက်သွားတယ် ဖိုးပြည့်ကတော့အမေနဲ့ကျန်ခဲ့တယ်။ အမေကတော့မှာတယ် အဖေ့နားမှာနေလို့ မြစ်ထဲလဲရောက်ရောအဖေက ရေအစပ်မှာပဲဆော့ခိုင်းတယ်။ အဖေ့သူငယ်ချင်းရောက်လာတော့ စကားပြောတာပေါ့ ကျွန်တော်တို့အနားမှာပဲလေ မမကတော့ရေစပ်မှာ တဖဝါးမှမခွာဘူးလေ ကျွန်တော်ကတော့ ငါးလိုက်ဖမ်းနေတာ ဖမ်းရင်းနဲ့ရေစီးထဲပါသွားတာနစ်ရော မမကလဲမသိဘူး ရေထဲနစ်သွားလိုက် ပေါ်လာလိုက် ကျွန်တော် အဖေ့ကိုတအားအော်ခေါ်တာ ရေတွေဝင်နေတော့ အသံမထွက်ဘူးလေ။ 

တော်တော်ဆိုးတယ်ရေနစ်တဲ့ခံစားချက်က ကံကောင်းလို့ အဖေကသတိရတော့ကြည့်တော့ မမပဲရှိတယ် ကျွန်တော်ပျောက်နေပြီ အဲ့အချိန်မှာတချက်ပြန်ပေါ်တာ အဖေကလည်းအတွေ့ တော်တော်လှန်းနေပြီ အဖေတော်တော်လေး ကူးလိုက်ရတယ်။ ကမ်းပေါ်ရောက်တော့ဆဲပါလေရော ငါ့သမီးသေလို့ကတော့ အကုန်သတ်ပစ်မယ်ဆိုတာချည်းပဲ။ 

အမေကတော့သိသိချင်း မောင်းလေးချီပြီးလာပါလေရော တွေတော့ရိုက်တယ်ဗျ။ အဖေကဆူတာပေါ့ မဟုတ်ဘူးအမေက သွေးရူးသွေးတမ်းဖြစ်သွားတာ သေပြီဆိုပြီးတော့လေ။ သနားပါတယ် အဖေနဲ့အမေ ကျွန်တော်ေ တ်ာတော်ဆိုးတာနော် အမေကပြန်မယ်ဆိုတာချည်းပဲ အဖေကချော့ရတာပေါ့ ၁ နှစ်ပဲနေပေါ့ရောက်ပြီးမှတော့ နောက်နှစ်မှပြန်ပေါ့။ ကျွန်တော်ကတော့ငပေလေ နောက်နေ့ကျတော့မြစ်ထဲဆင်းချင်တယ် အမေကလုံးဝပေးမသွားဘူး အိမ်မှာပဲရေချိုးရတယ် ၁လလောက်။

ကျွန်တော် အပျော်ဆုံးအချိန်ပြောပါဆိုရင် မြစ်ကြီးနားမှာနေရတဲ့အချိန်ပါ အရမ်းပျော်ဖို့ကောင်းတယ်လေ။ ရေချိုးပြီဆိုရင် သောင်ပြင်မှာ ပုရစ်ဖမ်းတာ မမကမလုပ်ရဲဘူး ကျွန်တော်ကတော့ လူဆိုးလေ ပုရစ်တွင်းတွေထဲ ရေလိုက်လောင်း အထဲမှာရေမွန်းတော့အပေါ်တက်လာတာ လိုက်ဖမ်းတော်တော်ပျော်ခဲ့တာ အဟီး ငရဲတော့တော်တော်ကြီးမှာနော် ခုစာရေးရင်းနဲ့တွေးမိတာလေ။
 
ပြီးရင် သောင်ပြင်မှာစိုက်ထားတဲ့အပင်တွေ လိုက်ခူးတာ အမေက ဆူတယ်လေ ပိုင်ရှင်ကရိုက်လိမ်မယ်ဆိုပြီး ကျွန်တော်ကတော့ရယ်နေတာပဲ ပျော်တာကို။ ခရမ်းချည်သီး၊ ပြောင်းဖူး၊ အာလူး၊ ခရမ်းသီး၊ မုန်ညှင်း အစုံပဲလေ မုန်ညှင်းဆို အဖူးဖူးနေချိန်အရမ်းလှတာ ရေမချိုးခင်အခင်းထဲမှာ ဗြောင်းဆန်အောင်ဆော့တာ မောမှရေချိုးတာလေ ရေထဲမှာလဲဆော့တာပဲ ငါးဖမ်းတယ် ကျောက်ခဲကို ရေပေါ်ခုန်အောင် ပစ်တယ် တော်တော်ပျော်ခဲ့ရတာလေ။

ရေချိုးဖို့ဆင်းရင် မေမေကမေးတယ် ဆပ်ပြာ၊ရေခွက်၊တဘက် ကျန်ခဲ့မှာဆိုးလို့ ကျွန်တော်ကဒိုင်ခံအော်တယ် ဆပ်ပြာပါပြီ ရေခွက်ပါပြီ တဘက်ပါပြီ ဆော့ဖို့သွားချင်နေတာလေ။ မမပဲအကုန်ယူရတာ ဘေးအိမ်က ဘဘတို့မွေးထားတဲ့ ခွေးကြီးနာမည်ကပါပီလေ ချင်းခွေးကြီးလိမ္မာတယ် သူကသူ့ကိုခေါ်တယ်ထင်ပြီး ကျွန်တော်အနားလာတာပေါ့
ကျွန်တော်နဲ့ရွယ်တူလောက့်ရှိတယ် အကောင်ကကြီးတာကို အော်တာပေါ့ကွာ အသားကုန် အမေကလဲလန့်သွားတယ်လေ ကြီးကြီးကဆင်းလာတယ် အမေ့ကိုမကြောက်ပါနဲ့ သူ့ကိုခေါ်တယ်ထင်လို့တဲ့ မကိုက်တက်ဘူးတဲ့လေ။ 

အဟီး အဖြစ်ကအဲ့လို နောက်တော့ခင်သွားရော ရေချိုးပြီဆိုသူ့ကိုခေါ်သွားတယ် သောင်မှာဆော့တာပေါ့ တခုခုကိုပစ်လိုက်ပြီးရင် ပြိုင်တူပြေးလုတာ သူပဲရပါတယ် ပြီးရင်ချီလာပေးတယ်လေ။ အဲ့မှာ အကောင်တွေကို စချစ်တက်တာ အခုချိန်အထိကို ခွေးမွေးချင်တုန်းလေ ပါပီနဲ့ခဏပဲ ဆော့ရပါတယ် မြွေကိုက်လို့သေသွားတယ်လေ ကြီးကြီးက ညဘက်အိမ်အောက်ဆင်းတော့ မြွေကအိမ်အောက်မှာလေ တက်နင်းမှာစိုးလို့ ပါပီကဟောင်တော့ သူကိုကိုက်လိုက်တာ။ 

ခွေးကကျွန် ကြောင်ကသခင်တဲ့ ပါပီမရှိတော့ ကြောင်မွေးပါလေရော အဖေကယူလာပေးတာလေ ကြောင်လဲကိုယ်နဲ့ကျမှ ဘ၀ပျက်တယ်။ ကြောင်ကိုရေချိုးတယ် ပြီးရင်မွေးစကလေးလို အနှီးနဲ့ထုတ်ပြီးချီထားတာ အမေကပြောတယ် သမီးရယ်မလုပ်ပါနဲ့ ငရဲကြီးမယ်တဲ့ မရဘူး အိပ်ရင်လဲခေါ်သိပ်တာလေ မမကစိတ်ညစ်ရောသူမှမကြိုက်တာ။ ကျွန်တော်တော်ဆိုးတာလေ တပ်ထဲမှာဆိုတော့ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ရတယ်။ 

အဖေကတော့ကြက်ပဲမွေးတယ် အပင်လည်း နည်းနည်းပဲစိုက်တယ် ကျွန်တော့်ကိုကြောက်လို့ အပင်ဆိုလဲခက်ရင်းနဲ့ဆွ ရေလောင်းတယ် ခူးပစ်တယ် ကြက်ကိုလဲရေချိုးတယ် အိမ်ပေါ်ခေါ်ထားတယ် အမေကစိတ်ကိုညစ်ရော မခံပါဘူး အကုန်သေရောလေ။ 

နောက်ဆုံးတော့ပြောမရတော့ ၀က်မလေးဝယ်ပေးတယ် မိနီတဲ့ ကျွန်တော်တော်တော်ချစ်တာ ကြောင်လိုပဲမွေးတယ် ရေချိုးတယ် အစာသေချာကျွေးတယ် သူ့သဘာဝမဟုတ်တော့ ကြာတော့ဖျားရော အစာမစားဘူး အဖေကဆေးခန်းပြမယ်ဆိုပြီးယူသွားရော။ ပြန်မခေါ်လာဘူး ကျွန်တော်မေးလဲ မကောင်းသေးဘူးပြောတယ် အမှန်ကခေါ်သွားပြီး နောက်နေ့မှာသေသွားတာ မြစ်ထဲမှာမျှောလိုက်တာလေ။ 

ကျွန်တော်ကလဲ နေမကောင်းဖြစ်နေတော့ မပြောဘူး စိတ်ထိခိုက်မှာစိုးရိမ်လို့။ တနေ့တော့ဘဘ သမီးမနုရီကပြောရော နင့်ဝက်ကလေးတော့ သေသွားပြီလို့ သူက သိတယ်ထင်နေတာလေ။ ကျွန်တော်လဲဖျားပါလေရော အဲ့မှာတော်တော်ကြောက်သွားတာ ချစ်တဲ့လူတွေနဲ့ သေကွဲကွဲရတာကို အခုချိန်ထိ ဆုတောင်းတယ် ကျွန်တော်အရင်သေပါရစေလို့ တရားမရှိဘူး အတ္တကြီးတာလေ မခံစားနိုင်ဘူး ကျန်နေခဲ့တာကို။

အဖေကဘာအကောင်မှ မမွေးခိုင်းတော့ဘူးလေ
ပျင်းသွားပြီ နောက်မှပဲဆက်ရေးတော့မယ်လေ။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားကို တစ်ခေါက်လိုက် ပြန်သွားချင်နေမိတယ် အရမ်းတိုးတက်နေပင်မယ့် နေခဲ့တဲ့နေရာလေးကို လွမ်းနေမိတယ်လေ။


2nd October 2010!
7:00pm

No comments: