ကိုကို



ကိုကို

နောက်ဆုံးအနေနဲ့ ကျွန်တော်ခေါ်ခွင့်မရခဲ့တဲ့ နာမ်စားတစ်ခုကို ရေးခွင့်ပြုပေးပါနော်..
 


မဖြစ်နိုင်တော့မှန်းသိလို့ ရှေ့ဆက်တိုးဖို့မသင့်တော့မှန်းသိလို့ နောက်ဆုတ်ခဲ့တာကလွဲရင် ကိုကိုနဲ့ဝေးဖို့ကို 

နည်းနည်းလေးမျှတောင် မစဥ်းခဲ့မိသူ ကျွန်တော်ပါ.. 



ကျွန်တော်​ပြောခဲ့ဘူးပါတယ် ကိုကိုသိတဲ့ ကျွန်တော်ချစ်တယ်ဆိုတဲ့ခံစားချက်က ကျွန်တော်တကယ်ချစ်တာရဲ့ ရာခိုင်နှုန်း အစိတ်အပိုင်းတစ်ခုပဲရှိပါတယ် ကိုကို့အပေါ် ဖက်တွယ်မိနေတဲ့ ခံစားချက် ၁၀၀% အပြည့်ကို ကျွန်တော်တောင် အခုအချိန်အထိမသိသေးပါဘူးဗျာ



မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ဆိုချင်လည်းဆိုပါစေ ကိုကိုအတွက်လိုအပ်ရင် ဘာမဆိုလုပ်ဝံ့သူ ကျွန်တော်ပါ



ကိုကိုနဲ့စတွေ့တဲ့အချိန်ကို ရင်ခုန်နေမိတုန်းပဲဗျာ အခန်းထဲမှာ စိတ်လှုပ်ရှားနေတာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်စာအုပ်ဖတ်နေမိတယ် ကျွန်တော်လန့်သွားမှာစိုးလို့ စကားပြောရင်း ကိုကိုဝင်လာတာကို သတိရနေမိတယ် 



ကိုကိုလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားနေမယ်လို့ မထင်ခဲ့ဘူးလေ လှုပ်ရှားနေတဲ့စိတ်ကို ထိန်းချုပ်ရင်း ရှက်နေတဲ့မျက်နှာကို တည်ငြိမ်အောင်ထိန်းသိမ်းထားတာကိုက ကျွန်တော့်အတွက် ဘယ်လိုမှ မေ့ပျောက်မသွားနိုင်တဲ့ အမှတ်တရပါ 



အဲ့ဒီမျက်နှာလေးကို ငေးကြည့်ပြီးတော့ ကျွန်တော်ပိုင်ဆိုင်ချင်စိတ်တွေ ဘယ်လောက်များ ကြီးမားခဲ့လည်းဆိုတာ ကျွန်တော်ပဲသိခဲ့ရသူပါ



ကိုကိုနဲ့ နီးစပ်ခွင့်မရှိနိုင်မှန်း သိထားပေမယ့်လည်း 

အနီးဆုံးနေရာမှာ နေခွင့်ရချင်သူဟာ ကျွန်တော်ပါပဲ



ကျွန်တော့်အတွက် အကြီးမားဆုံးတံတိုင်းက ညီမလေးမဟုတ်ပါဘူး သမီးပါ ကိုကိုချစ်တဲ့ ကိုယ်ပွားလေးအတွက် သေးသေးလေးတောင်မှ ကျွန်တော်အထိခိုက် မခံနိုင်ပါဘူး သမီး ကိုကိုအပေါ် ညိုညင်သွားမယ့် အပြုအမူမျိုးကို ကျွန်တော်ဘယ်သောအခါမျှ လုပ်ခဲ့မှာမဟုတ်ပါဘူးဗျာ



တည်ငြိမ်နေတဲ့ရေပြင်တစ်ခုကို ကယက်ထအောင် ပြုမိကောင်း ပြုမူမိခဲ့ပါမယ် ဒါပေမယ့် အဲ့ဒီရေပြင်လှိုင်းထအောင်တော့ ကျွန်တော်ဘယ်သောအခါမျှ 

ပြုမှုမည်မဟုတ်ပါ




လွမ်းတယ်ဗျာ ကိုကိုမျက်နှာကို ငေးကြည့်ပြီးတော့ လွမ်းနေပါတယ်လို့ တဖွဖွပြောချင်ပေမယ့် ကျွန်တော့်မှာ ဒီဘဝအတွက် အခွင့်အရေးမှ မရှိတော့တာဗျာ



နောက်ဘဝအတွက်လည်း ဆုမတောင်းရက်ပါဘူး 

ညီမလေးလို ဒီလောက်ပြည့်စုံတဲ့ မိန်းမမြတ်တစ်ယောက်ကို ကျွန်တော်မယှဥ်ဝံ့ပါဘူးဗျာ



ရှေးရှေးဘဝတွေက သူတစ်ပါးအပေါ် ကျူးလွန်မိခဲ့လို့ ဒီဘဝမှာ တစ်ယောက်ထဲ နေခဲ့ရသူဖြစ်နေတာတောင် နောင်ဘဝအတွက် ဒီလိုသောကကြီးကို ထပ်ပြီးသယ်ပိုးသွားဖို့အတွက် ခွင့်မပြုတော့ပါဘူး ဝဋ်ကြွေးရှိရင်လည်း ဒီဘဝမှာပဲ ကြေပါစေလို့ ဆုတောင်းလိုက်ပါပြီ။



ကျွန်တော်ချစ်ခဲ့တဲ့ ကိုကိုတို့မိသားစုလေး အေးချမ်းပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ။




No comments: