စွဲလန်းခြင်းတဏှာ


 


 ည၉နာရီထိုးခါနီးမှာ လေကျပြီး မိုးပါပါလာရော တနေ့လုံးကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အေးသွားတော့ နေရတာအတော်လေးအပူသက်သာသွားရတယ်



၉နာရီမီးပြန်လာတဲ့အချိန် မိုးအရှိန်ကမရပ်သေးတော့ စိတ်ချမ်းသာနေပါရော မိုးသံတွေကို short video ထပ်ရိုက်ပြီးတော့ ကိုယ့်ဘာသာကြည့်ရတာနဲ့တင် အားမရသေးလို့ သဲသဲကိုခေါ်ပြီးပြတင်းပေါက်ကနေ ခဏကြည့်ခိုင်းလိုက်မိတယ်



ပြီးတော့ဖုန်းခဏသုံးပြီး ရေချိုးဖို့ပြင်နေတုန်းမှာပဲ မမက သဲငဲဘာဖြစ်မှန်းမသိဘူးအော်လို့ အိမ်ရှေ့ပြေးထွက်တော့ ကလေးကလက်တွေခြေတွေကွေးပြီးတော့ ပါးစပ်စိပြီးမျက်လုံးကပြူးနေပြီ ကလေးကိုကောက်ချီပြီးပါးစပ်ကိုဖွင့်ထားတော့ နည်းနည်းသက်သွားတယ် ည၁၀နာရီထိုးခါနီး ဆေးခန်းတွေပိတ်ချိန်ဆိုတော့ ညီမနှစ်ယောက်ဘာလုပ်ရမှန်းမသိဘူး  အမေကလည်းစိုးရိမ်ပြီးဆေးခန်းပို့ဖို့လောနေ 



ဆေးခန်းဘယ်ရှာရမှန်းမသိဖြစ်နေတုန်းမှာပဲ ကလေးကထပ်ဖြစ်ရော အစ်မကကလေးကောက်ချီပြီး အောက်ဆင်းပြေးတော့ ကိုယ်ပါအဖေပေးတဲ့ပိုက်ဆံဆွဲယူပြီး ခြေတုံးလုံးနဲ့ဆင်းပြေးတော့ အမေကထီးနဲ့စောင်ပါထပ်ပေးတယ် မိုးရွာနေတာကိုပြမိလိုက်လို့ Heat storke ကြောင့်များလား ကလေးသေသွားရင်ဆိုတဲ့စိတ်ကဖိစီးနေတော့ မိုးရေထဲခြေတုံးလုံးနဲ့ထီးမိုးစောင်ခြုံပေးရင်း ပါးစပ်ကလည်းသဲသဲရေဘာမှမဖြစ်ဘူးနော်ဆိုပြီး တဖွဖွပြောနေမိတယ်



သတ္တဝါတိုင်းမှာ ကံကြမ္မာဆိုတာပါလာပြီးသားဖြစ်လို့ ဆေးခန်းပိတ်သွားတာတောင် ပိုင်ရှင်ညီမလေးကကျေးဇူးကြီးလှစွာပဲ ဆရာဝန်ခေါ်ပေးတယ် ဆရာဝန်မကလည်းချက်ခြင်းလာပြီး ဆေးထိုးပေးလိုက်တော့ လောလောဆယ်အသက်အန္တရာယ်ကတော့ လွတ်သွားရပါတယ် 



သံယောဇဥ်ကြီးကြီးလွန်းတဲ့ မိသားစုဖြစ်နေတော့ အဖေလည်းထမင်းမစားနိုင် အမေလည်းမလှုပ်နိုင်တော့ဘူး ညီမနှစ်ယောက်ကတော့အိမ်ရောက်ထဲက သူ့အနားမခွာရဲဘူးတစ်ခုခုဖြစ်မှာစိုးရိမ်တာနဲ့


သူ့မွေးထားတဲ့သခင်မကတော့ သူ့မောင်လေးနဲ့ Busking သွားဆိုတာမပြီးသေးလို့ သီချင်းဆိုပြီးမှပဲပြန်လာကြတယ် အပူအပင်ကင်းတဲ့သူတို့နှစ်ယောက်ကိုအားကျပါတယ် အိမ်ပြန်ရောက်တော့ သဲသဲရေသက်သာသွားပြီလား ခဏသတင်းမေးပြီးတာနဲ့ ဖုန်းကိုယ်စီနဲ့အေးဆေးပါပဲ ညီမနှစ်ယောက်ကသာ ကလေးတစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်တွေနဲ့ဒီညကိုမြန်မြန်မိုးလင်းချင်နေရတာပါ။

No comments: