အင်္ဂါနေ့ညကအစားမှားလို့ မနက်၂နာရီလောက်ထဲက ဗိုက်ထဲမီးစနဲ့ထိုးသလို စူးပြီးအောင့်ပြီးဝမ်းသွားတာ မနက်အထိမသက်သာဘူး မောင်တဝမ်းကွဲဆရာဝန်ညွှန်တဲ့ ဆေးသောက်လည်းမသက်သာ အစာလည်းမဝင် စားတာနဲ့ဗိုက်ထဲကနေမီးစနဲ့ထိုးသလိုခံစားနေရတာ 



အစာမရှိဘဲပိုးသတ်ဆေးတွေသောက်တော့ လူကခေါင်းထဲမှာ သက်တန့်တွေထွက်သလို အရောင်တွေပြေးနေသလိုခံစားနေရပြီး ကြောင်စီစီဖြစ်နေရော နောက်ရက်လည်း ဆေးခန်းပြဖို့တိုက်အောက်မဆင်းနိုင်တာနဲ့ပဲ ကြာသာပတေးနေ့ အဖေနဲ့အမေကဆရာဝန်ပင့်ပေးပြီး ပုလင်းချိတ်ပေးလိုက်ရပါလေရော အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုတာ လက်တွေ့သိလိုက်ရတာ



နေမကောင်းတဲ့အချိန်မှာ ငါသေလိုမဖြစ်သေးဘူး တွေးမိပါတယ် သူတစ်ပါးစီကယူထားတာတွေ ပေးဖို့ရှိသေးတယ်လေဗျာ သံသရာအကြွေးမပါချင်ပါဘူး အခုဘဝမှာတောင် သံသရာအကြွေးတွေဆပ်ရအုန်းမှာလေဗျာ နောက်ဘဝကိုတော့ ထပ်မသယ်ချင်တော့ပါဘူး ကျွန်တော်ကပုထုစဥ်ဆိုပေမယ့် ကံ၏အကျိုးကိုယုံကြည်ပါတယ် သိသိရက်နဲ့ ကျူးလွန်ခဲ့မိတာကိုလည်း တကယ်နောင်တရနေပါတယ်



အရင်ဘဝကလုပ်ခဲ့တဲ့မကောင်းမှုကံကြောင့် ဒီဘဝမှာသံသရာအကြွေးဆပ်ရမှာဖြစ်သလို ဒီဘဝကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ မကောင်းမှုကံကြောင့် လက်ရှိဘဝမှာရော သံသရာမှာ အကြွေးဆပ်ရအုန်းမှာပါပဲ



နေမကောင်းတဲ့အချိန်မှာ ငါ့ကိုယ်ငါတောင်မစောင့်ရှောက်နိုင်သေးတာကို သူတစ်ပါးကိုဘယ်လိုစောင့်ရှောက်ပေးနိုင်မလည်းဆိုတာကို နားလည်လိုက်တယ် လူရယ်လို့ဖြစ်လာတော့လည်း လူပီသဖို့ လူမှုတာဝန်တွေကို မလွှဲမသေယူရမှာပါ



ကျွန်တော်ကိုယ်တိုင်ကလည်း လူပီသချင်တဲ့သူတစ်ယောက်လေ နောင်တတော့ရမိပါတယ် ငါစိတ်လိုက်မာန်ပါပြုမူတာတွေကို ရပ်တန့်ရတော့မယ်ဆိုပြီးတော့ လူကနာမကျန်းတဲ့အချိန်သာ စိတ်လျော့သွားတာပါ နောက်ရက်သက်သာလို့ လူ့ပတ်ဝန်းကျင်ပြန်ရောက်သွားရတော့ စိတ်လိုက်မာန်ပါပြုမူမိပြန်ရရော ဝန်ခံရရင်တော့ အခုအချိန်အထိ မရပ်တန့်နိုင်သေးပါဘူး



ကျွန်တော်နေချင်တဲ့ သက်တမ်းတစ်ခုအထိကျော်လွန်ခဲ့ပြီဆိုတော့ အေးအေးချမ်းချမ်းပဲနေဖို့အတွက် စိတ်ဆုံးဖြတ်ထားပါတယ် ဒီအချိန်သေသွားခဲ့ရင် ကျွန်တော့်ပြန်ပေးဆပ်ရမယ့် သံသရာအကြွေးတွေပဲ ကျွန်တော်ယူသွားရမှာပါ



ကျွန်တော့်ကို စိတ်ဒုက္ခတွေပေးတက်တဲ့ လူတွေကိုအတက်နိုင်ဆုံး မေတ္တာထားပါတော့မယ်ဗျာ သူတို့လည်းပုထုစဥ်တွေပဲဗျာ..


23th December 2023

9:13Am

Yangon

No comments: